ရန်ကုန် (မဇ္ဈိမ)။ ။ ဘူးသီးတောင်-မောင်တော မြို့နယ်များတွင်း ဖြစ်ပွားနေသော ဘာသာရေး ပဋိပက္ခများနှင့် ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး လှမင်းသည် ဒေသအာဏာပိုင်များ နှင့် သွားရောက် တွေ့ဆုံခဲ့သည်။
ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးနှင့် ဘင်္ဂါလီ ရိုဟင်ဂျာတို့အကြား ဖြစ်ပွားနေသော ပဋိပက္ခများနှင့် ပတ်သက်ပြီး မောင်တောတွင် ဝန်ကြီးက မေးမြန်းဆွေးနွေးသည့် အခါ ဒေသခံ ရခိုင်လူမျိုးတို့ကို ခေါ်ယူမေးမြန်းခြင်း မရှိခဲ့ကြောင်း မောင်တော ဒေသခံတဦးက ပြောသည်။
“ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းနဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်၊ တိုင်းမှူးတို့ ဆွေးနွေးကြတယ်။ ဆွေးနွေးတဲ့ အခါမှာ ဒေသခံ မူဆလင် နှစ်ဦးကိုလည်း ခေါ်တွေ့တယ်။ ဒါပေမယ့် ဘာထုတ်ပြန်ချက်မှ ကျနော်တို့ မသိရသေးဘူး” ဟု မဇ္ဈိမကို ပြောသည်။
ဇွန်လ ၈ ရက်နေ့တွင် ရခိုင်ပြည်နယ် မောင်တောမြို့တွင် ဆူပူ အကြမ်းဖက်မှုများ ဖြစ်ပွားနေသော အခြေအနေ အားလုံးကို အချိန်မီ ထိန်းသိမ်းပြီး ဒေသရပ်ရွာ တည်ငြိမ်အေးချမ်းမှု ရရှိစေရေးအတွက် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များတွင် ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ကို ထုတ်ပြန် ကြေညာထားသည်။
ရခိုင်ပြည်နယ်တွင်း ဖြစ်ပျက်နေသည့် အကြမ်းဖက် တိုက်ခိုက်မှုများနှင့်စပ်လျဉ်း၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ကလည်း ဇွန်လ ၉ ရက်နေ့ နေ့စွဲဖြင့် သဘောထားကြေညာချက်တရပ် ထုတ်ပြန်ထားသည်။
သက်ဆိုင်ရာတို့ အနေဖြင့် “ထိရောက် လျှင်မြန်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးပါရန်” တောင်းဆိုထားပြီး အကြမ်းဖက် တိုက်ခိုက်သူများနှင့် လှုံ့ဆော်သူများ အားလုံး “ချက်ချင်း ရပ်ဆိုင်းပါရန်” မေတ္တာရပ်ခံထားသည်။
ထို့ပြင် “သက်ဆိုင်ရာ ဘာသာရေးအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများမှ ရှေ့ဆောင်ရှေ့ရွက်ပြုနေသည့် ပုဂ္ဂိုလ်များကလည်း တည်ငြိမ်အေးချမ်းရေးအတွက် ပါဝင်ဆောင်ရွက်ကြရန်” NLD နှင့် မဟာမိတ် တိုင်းရင်းသားခေါင်းဆောင်များက တိုက်တွန်းထားသည်။
ထိုင်းနိုင်ငံ အခြေစိုက် ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့်လူငယ်များအစည်းအရုံး AASYC ကလည်း ရခိုင်ပြည်နယ်တွင်း ပဋိပက္ခများကို ဖြေရှင်းရန်အတွက် “သမာသမတ်ကျ၍ အများလက်ခံနိုင်သော ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာဝင် နိုင်ငံရေး၊ ဘာသာရေး၊ လူမျိုးရေး ခေါင်းဆောင်များအနေဖြင့် ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေး ကော်မတီ တရပ်ကို အမြန်ဆုံးဖွဲ့စည်းကာ အစိုးရ၏ အကူအညီဖြင့်” တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာရေး ကိစ္စရပ်များကို အမြန်ဆုံး ဆောင်ရွက်ကြရန် တိုက်တွန်းလိုက်သည်။
“ရခိုင် ဗုဒ္ဓဘာသာဝင်များနှင့် ရခိုင်ပြည်သို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေကြသည့် အစ္စလာမ် ဘာသာဝင် မူဆလင်များသည် နှစ်ပေါင်း များစွာ အတူတကွ နေထိုင်ခဲ့ကြပြီး နောင်တွင်လည်း မိမိတို့၏ ဘုံအကျိုးစီးပွါးကို ရှေးရှု၍ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင် ကြရအုံးမည်ဖြစ်သည်” ဟု AASYC ၏ ဇွန်လ ၉ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည့် ‘လူမျိုးစုံ ရခိုင်ပြည်သူလူထုသို့ ပန်ကြားချက်’ တွင် ဖော်ပြပါရှိသည်။
သောကြာနေ့ ဆူပူ အကြမ်းဖက်မှုများကြောင့် “စုစုပေါင်း သေဆုံးသူ ၇ ဦး၊ ဒဏ်ရာရရှိသူ ၁၇ ဦး၊ အိမ်ခြေ ၄၉၄ လုံး၊ ဈေးဆိုင် ၁၉ ခန်း၊ တည်းခိုတန်း တခု”တို့ ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု အစိုးရမီဒီယာမှ ထုတ်ပြန်သည်။ မီးရှို့ဖျက်ဆီးမှုများကြောင့် ဒုက္ခရောက်နေကြရသော သူများအတွက် ဘုန်းကြီးကျောင်း သုံးခုတွင် ကယ်ဆယ်ရေးစခန်း သုံးခု ဖွင့်လှစ်ထားသည်ဟု သိရသည်။











