သတင်း ပြည်တွင်းသတင်း မဲလိမ်မှုများ ရှိနိုင်မည်ဟု ကျွမ်းကျင်သူများပြော
မဲလိမ်မှုများ ရှိနိုင်မည်ဟု ကျွမ်းကျင်သူများပြော Print E-mail
နေသွင်   
ကြာသပတေးနေ့၊ ဧပြီလ 24 2008 00:32 - မြန်မာစံတော်ချိန်

ချင်းမိုင်။   ။ မေလ လူထုဆန္ဒခံယူပွဲနှင့် ပတ်သက်၍ စစ်အစိုးရ ခေါင်းဆောင်တဦး၏ မကြာသေးခင်က ပြောကြားချက်ကြောင့် မဲလိမ်မှုများ ရှိလာမည်ကို ပြည်တွင်းပြည်ပမှ ကျွမ်းကျင်သူများက စိုးရိမ်နေကြသည်။

ယခုလ (၉) ရက်နေ့က ရန်ကုန်၌ ပြုလုပ်သော အစည်းအဝေး တခုတွင် စစ်အစိုးရ ခေါင်းဆောင် တဦးဖြစ်သော ဗိုလ်ချုပ်မြင့်ဆွေက မဲစာရင်းအားလုံးကို နေပြည်တော်မှ ကြေညာမည်ဟု ပြောဆိုခဲ့သည်။

အစိုးရပိုင်းနှင့် အစိုးရ မဟုတ်သော အဖွဲ့တချို့မှ အကြီးတန်းအရာရှိများ (၆၀၀) ခန့် တက်ရောက်သော အစည်းအဝေးတွင် ဗိုလ်ချုပ်မြင့်ဆွေက မဲရုံတိုင်းတွင် နောက်ဆုံးမဲပေးသူ (၁၀) ဦးကိုသာ မဲရေတွက်မှုကို စောင့်ကြည့်ခွင့် ပေးမည်ဟုလည်း ဆိုသည်။ 

ထိုင်းနိုင်ငံတွင် အခြေစိုက်သော မြန်မာ့အရေး စောင့်ကြည့်လေ့လာနေသူ ဦးဝင်းမင်းက ဗိုလ်ချုပ်မြင့်ဆွေ၏ ပြောဆိုချက်သည် ဆန္ဒခံယူပွဲကျင်းပရေးကော်မရှင်က ထုတ်ပြန်ထားသော နည်းဥပဒေပါ အချက်များနှင့် ကွဲလွဲမှုရှိသည်ဟု ဆိုကာ သူ၏ စိုးရိမ်မှုကို သုံးသပ် ပြောဆိုသည်။ 

ဦးဝင်းမင်းက "Referendum Law အရ ဆိုရင်တော့ အနည်းဆုံး (၁၀) ယောက်လို့ ပြောထားတယ်၊ နောက်ဆုံးမဲပေးတဲ့ (၁၀) ယောက်၊ ဆိုလိုတာက (၂၀) (၃၀) (၄၀) ကနေ (၁၀၀) အထိ ဖြစ်လို့ ရတယ်၊ ပြသနာမရှိဘူး၊ မြင့်ဆွေ ပြောသွားတာက (၁၀) ယောက်လို့ ပြောတယ်"။

"စိုးရိမ်ရတာက နောက်ဆုံး (၁၀) ယောက်လို့ ပြောထားတဲ့အတွက် ကိုယ့်လူတွေက နောက်ဆုံး (၁၀) ယောက်ဖြစ်အောင် စောင့်မှ ရမှာပေါ့၊ စိုးရိမ်ရတာက ယူအက်စ်ဒီအေ (ကြံ့ဖွံ့) က မရရအောင် လုမယ့် သဘောရှိတယ်" သူက ဆက်လက် ပြောဆိုသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ရှေ့နေကြီး ဦးသိန်းညွန့်က  အောက်ခြေ အဆင့်ထက် မြို့နယ်အဆင့်တွင် မဲလိမ်မှုများ ရှိမည်ကို စိုးရိမ်နေသည်၊ ထိုသို့မဖြစ်အောင် လူထုနည်းဖြင့် ထိန်းကျောင်းရန် လိုသည်ဟုလည်း သူက သတိပေးသည်။

စစ်အစိုးရကော်မရှင်က ထုတ်ပြန်ထားသော ဆန္ဒခံယူပွဲ ဥပဒေတွင် ဟာကွက်များကို ရှိနေသဖြင့် အဖွဲ့ချုပ် အနေဖြင့် အသေးစိတ် လေ့လာပြီး မကြာခင်တွင် တိုင်းပြည်သို့ အသိပေးသွားမည်ဟုလည်း ဦးသိန်းညွန့်က ပြောသည်။

"(၉၀) ရွေးကောက်ပွဲမှာတုန်းက အသီးသီး ကြေညာလိုက်တယ်လေ၊ ရှိတဲ့ မဲရုံတွေကို ကိုယ်နည်း ကိုယ်ဟန်နဲ့ ပေါင်းလိုက်တဲ့အခါကျတော့ ဘယ်သူနိုင်တယ်ဆိုတာ သိရတာပေါ့၊ အခုလည်း တတ်နိုင်သလောက်တော့ ဥပမာ မြစ်ကြီးနားမှာ မဲရုံ (၁၀၀) ရှိရင် (၁၀၀) လုံးမှာ ကိုယ့်လူထားပြီး စာရင်းပေါင်းနိုင်အောင် ကြိုးစားပေါ့၊ ကျနော်တို့ စာရင်းအရ ဥပမာ ကန့်ကွက်မဲက တသိန်း ရှိတယ်၊ တကယ် ထုတ်ပြန်တော့ တသောင်းပဲ ရှိတယ်၊ မမှန်မကန်လုပ်ရင် ဆက်ပြီး ဆောင်ရွက်စရာရှိတာ ဆောင်ရွက်သွားရမှာပဲ" ဟု ဦးသိန်းညွန့်က ပြောသည်။

"မဲရုံတွေက မြို့နယ်ကော်မရှင်ခွဲကို ပို့မယ်၊ မြို့နယ်ကော်မရှင်က ရပ်ကွက် အသီးသီးက ပို့လာတဲ့မဲကို ရေရမှာကိုး၊ အဲလို မဲရေတဲ့ အချိန်တဲ့အခါမှာ သတ်မှတ်ထားတဲပုံစံမှာ သက်သေစာရင်း မပါဘူး၊ ကျနော်တို့ လေ့လာထားသလောက်၊ မေးခွန်းထုတ်စရာတော့ အများကြီးပေါ့ဗျာ" ဟု ဦးသိန်းညွန့်က ဆိုသည်။

မြန်မာ့အရေး လေ့လာသူ ဦးဝင်းမင်းက ဆန္ဒမဲ အားလုံးကို နေပြည်တော်မှ ကြေညာမည်ဟု ပြောဆိုထားခြင်းသည် မဲလိမ်ရန် ရည်ရွယ်ချက်သက်သက် ဖြစ်သည်ဟု ဆိုသည်။

"သူတို့က ဘယ်သူနိုင်မလဲဆိုတာ တွက်လို့ ရတာပေါ့၊ တွက်လို့ ရတဲ့အခါကျတော့ လိမ်ရင် ပိုလွယ်သွားတာပေါ့၊ ဆိုလိုတာက ရှုံးတဲ့နေရာမှာ မသေချာဘူး၊ မဲပြန်ကောက်မယ်ပေါ့၊ မျိုးစုံ လုပ်လို့ ရတာပေါ့၊ ကျနော့်အမြင်ကတော့ အဓိက အရေးကြီးတာက မဲရုံတွေက တခုချင်း မကြေညာတဲ့ ကိစ္စပေါ့၊ ဒါက နိုင်ငံတကာ ဥပဒေတွေနဲ့လည်း မကိုက်ညီဘူး၊ မြန်မာပြည်မှာလည်း တခါမှ မလုပ်ခဲ့ဘူး၊ လိမ်ဖို့အတွက် ရည်ရွယ်တယ်" ဟု သုံးသပ်သည်။

ပြည်တွင်းပြည်ပမှ ဝေဖန်သံများ ထွက်ပေါ်နေသော်လည်း စစ်အစိုးရသည် မေလ ဆန္ဒခံယူပွဲကို လာမည့် မေလ (၁၀) နေ့တွင် ကျင်းပရန် သတ်မှတ်ထားသည်။

ဆန္ဒခံယူပွဲသည် တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိသော ဖြစ်စဉ်ဖြစ်ရန် နိုင်ငံတကာမှ လေ့လာ စောင့်ကြည့်ရေး အဖွဲ့များ ထားရှိရေး ကိစ္စကိုလည်း ကုလသမဂ္ဂနှင့် အတိုက်အခံ အင်အားစုများက တောင်းဆိုသော်လည်း စစ်အစိုးရဘက်က လက်မခံ ပယ်ချထားသည်။

 

သူတို့စကား

"ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရသည် နယ်နိမိတ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေများအတိုင်း ဆောင်ရွက်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မှားယွင်းစွာ တောင်းဆိုမှုကို လက်ခံနိုင်ခြင်း မရှိသဖြင့် ပယ်ချခဲ့ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆက်လက် ကာကွယ်စောင့်ရှောက်သည့် အနေဖြင့် AD-7 လုပ်ကွက်အတွင်း ဆောင်ရွက်ရန် ရှိသည်တို့ကို ပြီးဆုံးသည်အထိ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်"

နိုဝင်ဘာလ ၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ

© Copyright 1998 - 2008 Mizzima News. All Rights Reserved