သတင်း ပြည်တွင်းသတင်း နအဖ နိုင်ငံခြားရေးဝန်ကြီး စည်းရုံးရေးဆင်း
နအဖ နိုင်ငံခြားရေးဝန်ကြီး စည်းရုံးရေးဆင်း Print E-mail
မောင်ဒီး   
ဗုဒ္ဓဟူးနေ့၊ ဧပြီလ 23 2008 02:30 - မြန်မာစံတော်ချိန်

နယူးဒေလီ။    ။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထောက်ခံမဲပေးရန် နအဖ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းကိုယ်တိုင် ယခုလ ၁၃ ရက်နေ့က ပဲခူးတိုင်း ဇီးကုန်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လှည့်လည်ကာ စည်းရုံးရေး ဆင်းခဲ့သည်။

နအဖ ဝန်ကြီးက ဇီးကုန်းမြို့၏ အရှေ့ဘက် ရွာဝိုင်းကြီးရွာ၊ မယင်းရွာနှင့် အနောက်ဘက်တွင် တည်ရှိသော သစ်နဖားရွာ၊ လယ်တွင်းရွာ၊ ကန်ညီအကို ရွာတို့ကို လှည့်လည်ကာ ဒေသအာဏာပိုင်များနှင့် ဒေသခံများကို ထောက်ခံမဲပေးရန် စည်းရုံးခဲ့ခြင်း ဖြစ်သည်။

“သူက ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ နှစ်ပေါင်းများစွာ ရေးဆွဲလာခဲ့တာမို့ ပျက်သွားခဲ့ရင် နောင် ရေးဖို့ဆိုတာ အကြာကြီး ဖြစ်မယ်။ နောက်ပြီး ဒီဟာကို ကြိုးစားပြီး ရေးထားတာမို့ အားလုံးက ထောက်ခံမဲ ထည့်ပေးဖို့ တိုက်တွန်းပါတယ်ဆိုပြီး ပြောသွားတယ်” ဟု ဇီးကုန်းမြို့ခံ ဈေးသည်တဦးက ပြောသည်။

ဦးဉာဏ်ဝင်းက လယ်တွင်းရွာရှိ အလယ်တန်းကျောင်း ပြန်လည် ပြုပြင်ရန်အတွက် သူ့ကိုယ်ပိုင်ငွေ ကျပ်သိန်း ၄ဝ  လှူဒါန်း သွားခဲ့သေးသည်။

ယခုလို ဝန်ကြီးကိုယ်တိုင် ကျေးရွာများအထိ လှည့်လည်ကာ၊ ငွေကြေး လှူဒါန်းသည့်အပေါ် ဒေသခံ ရွာသားများနှင့် ဇီးကုန်းမြို့ခံများက သံသယ ဖြစ်နေကြသည်။

“အခွင့်အရေး တခုခုရှိလို့ လာတာပေါ့။ ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ချင်ရင် နဂိုကတည်းက လာမှာပေါ့။ အခုဟာက ဆန္ဒခံယူပွဲအတွက် မျှော်လင့်ပြီး လာတာနေမှာပေါ့။ စည်းရုံးရေး ဆင်းနေတာပေါ့လေ” ဟု ဇီးကုန်းမြို့ခံ နောက်တဦးက ပြောသည်။

ဦးဉာဏ်ဝင်းမှာ ဇီးကုန်းမြို့နယ် အနောက်ဖက်ရှိ ကန်ညီအကိုရွာ ဇာတိဖြစ်သည်။

ဧပြီလ ၅ ရက်နေ့ကလည်း နအဖ စွမ်းအင်ဝန်ကြီး ဦးလှမြင့်ကိုယ်တိုင် ပဲခူးတိုင်း နတ္တလင်းမြို့နယ်သို့ လာရောက်ကာ အနီးအနား မြို့နယ်များဖြစ်သည့် ပေါင်းတည်၊ ဇီးကုန်း၊ ကြို့ပင်ကောက်တို့မှ ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ခေါင်းဆောင်များ၊ မယက အာဏာပိုင်များကို ခေါ်ကာ ထောက်ခံမဲ ထည့်ကြရန် လမ်းညွှန်မှာကြား သွားခဲ့သေးသည်။

နအဖ ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းစာအုပ်သည် ယနေ့မှသာ ဇီးကုန်းမြို့၌ တအုပ်လျှင် ၁ဝဝဝ ကျပ်နှုန်းဖြင့် စတင်ရောင်းချနေပြီ ဖြစ်သော်လည်း ဝယ်သူ နည်းပါးနေသည်။

“ကျနော်တို့နယ်မှာတော့ ၁ဝဝဝ ဆိုတာ နည်းနည်းများတယ်လေ။ တော်ရုံတန်ရုံလူတွေက ဘယ်ဝယ်ကြမလဲ။ မဝယ်ကြဘူး။ ဝယ်တဲ့လူ နည်းတယ်” ဟု ဇီးကုန်းမြို့ခံ ဈေးသည်က ပြောသည်။

 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved