တနင်္ဂနွေ, ၂၆ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ကချင်နယ်မြေတွင်း ထိုးစစ်များ မရပ်ပါက အပစ်ရပ်ထားမှုများ UNFC ပြန်သုံးသပ်မည်

ကချင်နယ်မြေတွင်း ထိုးစစ်များ မရပ်ပါက အပစ်ရပ်ထားမှုများ UNFC ပြန်သုံးသပ်မည်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင်(မဇ္စျိမ) ။       ။ ကချင်ပြည်နယ်အတွင်း ထိုးစစ်များကို ဇွန်လ ၁ဝ ရက်နေ့အထိ အစိုးရဘက်မှ မရပ်ဆိုင်းပါက အဖွဲ့ဝင် အဖွဲ့အစည်းများ ရရှိထားသော အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုများကို ပြန်လည် သုံးသပ်သွားမည်ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က မေလ ၁ဝ ရက်နေ့တွင် ထုတ်ပြန်ကြေညာ လိုက်သည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် UNFC ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကို
မေလ ၈ ရက်နှင့် ၉ ရက်နေ့များတွင် ထိုင်း-မြန်မာ နယ်စပ်တနေရာ၌ ကျင်းပကာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO အား အစိုးရ၏ ထိုးစစ်ဆင် တိုက်ခိုက်နေသည့် ကိစ္စကို အလေးထားဆွေးနွေး၍ ယင်းသို့ ဆုံးဖြတ်ခဲ့သည်။

ထိုးစစ်များ မရပ်ဆိုင်းပါက ကရင်အမျိုးသားအစည်းအရုံး KNU၊ မွန်ပြည်သစ်ပါတီ NMSP၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP စသည့် ပါတီသုံးခုက အစိုးရနှင့် လက်ရှိ ရရှိထားသည့် သဘောတူညီမှု အဆင့်များကို
ပြန်လည် စဉ်းစားကြမည် ဖြစ်ကြောင်း UNFC တွဲဘက် အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောသည်။

“အပစ်အရပ်ထားတဲ့ အထဲက ပါတီကြီး သုံးခုကတော့ လက်ရှိရထားတဲ့ အဆင့်တွေကို ကချင်ကို မရပ်ရင် ပြန်ပျက် ချင်လည်း ပျက်ပါစေ၊ ကျနော်တို့ ညီညွတ်ရေးပြတဲ့အနေနဲ့ တောင်းဆိုရမယ်ဆိုပြီး ဆုံးဖြတ်တာပါ။ တဖက်သတ် အင်အားသုံးတာကို ရပ်ဖို့၊ ငြိမ်းချမ်းရေးကို အဖြေရှာဖို့ တောင်းတာပါ”ဟု မဇ္စျိမက ပြောသည်။

မွန်ပြည်သစ်ပါတီ အတွင်းရေးမှူး နိုင်ဟံသာကလည်း “ထိုးစစ်ဆင်တာတွေ မရပ်ဘူးဆိုရင် သဘောတူညီမှုတွေကို
ပြန်ပြီး သုံးသပ်မယ်။ အခြေအနေ ကြည့်ပြီး ဆုံးဖြတ်ရမယ့် ကိစ္စပါ။ ရှေ့လုပ်မယ့် လုပ်ငန်းစဉ်တွေကိုလည်း ပြန်လည် စဉ်းစားမယ်။ တကယ်လို့ အလုပ်မဖြစ်နိုင်ဘူး ဆိုရင်လည်း တခုခုတော့ စဉ်းစားရမယ်ဆိုတဲ့ အနေအထားမျိုးပါ” ဟု မဇ္ဈိမကို ပြောသည်။

ချင်းအမျိုးသားတပ်ဦး CNF ကိုယ်စားလှယ်များမှာ ဦးအောင်မင်း ခေါင်းဆောင်သော အစိုးရ ငြိမ်းချမ်းရေးအဖွဲ့တို့နှင့် ချင်းပြည်နယ် ဟားခါးမြို့တွင် တွေ့ဆုံသည့် ခရီးစဉ်အတွင်း ရောက်နေသဖြင့် အစည်းအဝေးသို့ တက်ရောက်လာနိုင်
ခြင်း မရှိခဲ့ပေ။

UNFC ၏ မေလ ၁ဝ ရက်နေ့ ထုတ်ပြန်ကြေညာချက်တွင် “ဦးသိန်းစိန် အစိုးရနှင့် အပတ်အခတ် ရပ်စဲထားသော မိမိတို့ UNFC အဖွဲ့ဝင်များမှလည်း မဏာမ သဘောတူ ထားသော အပစ်အခတ် ရပ်စဲရေး အပါအဝင် ငြိမ်းချမ်းရေး
ရှေ့လုပ်ငန်း စဉ် များကို အလေးအနက်ထားပြီး ပြန်လည် သုံးသပ်သွားရန် ဆုံးဖြတ်ထားပါသည်”ဟု ဖော်ပြထားသည်။

ထို့ပြင် ရှမ်းပြည် မြောက်ပိုင်းနှင့် ကချင်ပြည်နယ်အတွင်း အစိုးရထိုးစစ်များ၏ ရည်ရွယ်ချက်မှာ “နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံ သည့် စီးပွားရေး လုပ်ငန်းကြီးများကို အကာအကွယ်ရရေးရန်သာ ဖြစ်သည်။ နိုင်ငံခြားအကျိုးစီးပွား အတွက် မိမိတို့
နိုင်ငံသား အချင်းချင်း ပြင်းထန်စွာ ထိုးစစ်ဆင် သတ်ဖြတ်နေခြင်းအပေါ် မိမိတို့ ဆန့်ကျင်ကန့်ကွက်သည်” ဟုလည်း
ဖော်ပြပါရှိသည်။

တိုင်းရင်းသားဒေသများအတွင်း ထိုးစစ်များကို ရပ်တန့်ထားရန် နိုင်ငံတော်သမ္မတ က ကာကွယ်ရေး ဦးစီးချုပ်ရုံးသို့ ၂ဝ၁၁ ခုနှစ် ဒီဇင်္ဘာလ ၁ဝ ရက်နေ့က ညွှန်ကြားထားပြီး ဖြစ်သော်လည်း KIO ဗဟိုဌာနချုပ် လိုင်ဇာ အနီးတဝိုက်တွင် အစိုးရ တပ်မ ၃၃ တပ်အင်အား ၂,ဝဝဝ ခန့် လှုပ်ရှားနေပြီး အနည်းဆုံး အမြောက် လေးလက်ခန့် ချထားကြောင်းနှင့် စစ်အထောက်အကူ ပြုနိုင်ရေးအတွက် ရဟတ်ယာဉ် ခြောက်စီးခန့် အသင့်အနေအထား ပြင်ဆင်ထားမှုများရှိသည်ဟု သိရကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောသည်။

၂ဝ၁၁ ခုနှစ် ဇွန်လ ၁၁ ရက်နေ့က ပြန်လည်စတင်ဖြစ်ပွားခဲ့သော အစိုးရနှင့် KIO ကြား တိုက်ပွဲများမှာ လာမည့် ဇွန်လ ၁ဝ ရက်နေ့တွင် တနှစ် ပြည့်မြောက်တော့မည် ဖြစ်သည်။ မေလ ၈ ရက်နေ့အထိ နှစ်ဘက်တိုက်ပွဲများ အကြိမ်ပေါင်း ၁,၃ဝဝ ဖြစ်ပွားခဲ့ပြီးဟု သိရသည်။

အကယ်၍ ဇွန်လ ၁ဝ ရက်နေ့မှစ၍ အစိုးရထိုးစစ်များ မရပ်စဲပါက “နိုင်ငံတကာမှ ကျန်ရှိနေသည့် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးဆိုင်ရာ ပိတ်ဆို့ထားခြင်းများကို ဆိုင်းငံ့ခြင်း၊ ရုတ်သိမ်းခြင်း မပြုသေးဘဲ စောင့်ကြည့် အကဲခတ်သွားရန်” လည်း တိုက်တွန်းထားသည်။

သမ္မတ ဦးသိန်းစိန် ဦးဆောင်ပါဝင်သော ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီအား သတိနှင့် ကြိုဆိုလိုက်သော် လည်း အစိုးရ၏ လက်ရှိမူဝါဒများအတိုင်း ဆက်လက်လုပ်ဆောင်မည်ဆိုပါက အောင်မြင်မည် မဟုတ်ကြောင်း ဦးခွန်ဥက္ကာ က ပြောသည်။

လက်ရှိ လုပ်ဆောင်ချက်များအတိုင်း ဆက်လုပ်သွားပြီး သဘောထားပြောင်းလဲမှု မရှိပါက လက်တွေ့ အကောင် အထည်ဖော်နိုင်မည် မဟုတ်ကြောင်း နိုင်ဟံသာက ပြောသည်။

UNFC ကြေညာချက်တွင်လည်း “သမ္မတ ဦးသိန်းစိန် ပြောနေသော တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများ အနေနှင့် နိုင်ငံရေးပါတီထောင်၊ ရွေးကောက်ပွဲဝင်၊ လွှတ်တော်တွင် ဥပဒေနှင့်အညီ အများဆန္ဒအရ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်သွားရန်မှာ တွေ့ဆုံဆွေးနွေး အဖြေရှာခြင်းနည်းလမ်း မဟုတ်သဖြင့် လက်ခံ၍ ရမည်မဟုတ်ပါ” ဟု ပါရှိသည်။

UNFC ကို ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် အစိုးရကို လက်နက်ကိုင်တိုက်ပွဲဆင်နေသည့် တိုင်းရင်းသားအဖွဲ့ ၆ ဖွဲ့နှင့် မဟာမိတ် ၆ ဖွဲ့တို့ဖြင့် ၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီလအတွင်းက စတင်ဖွဲ့စည်းခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး KNU၊ ချင်းအမျိုးသားတပ်ဦး CNF၊ မွန်ပြည်တစ်ပါတီ NMSP၊ ရှမ်းပြည်မြောက်ပိုင်း တပ်မတော်-SSA-N၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP တို့ ငါးဖွဲ့ အစိုးရနှင့် အပစ်အခတ် ရပ်စဲရေးကို
ပြည်ထောင်စုအဆင့် ပဏမ သဘောတူ လက်မှတ် ရေးထိုးပြီး ဖြစ်သည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 594 guests online