ဗုဒ္ဓဟူး, ၁၉ ဇွန် ၂၀၁၃

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ပထမဆုံးသော ပါတီညီလာခံ NLD ကျင်းပရန် စီစဉ်

ပထမဆုံးသော ပါတီညီလာခံ NLD ကျင်းပရန် စီစဉ်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။       ။ ၁၉၈၈ ခုနှစ် ပါတီ စတင် တည်ထောင်စဉ် ကတည်းက ပါတီညီလာခံ ကျင်းပနိုင်ခြင်း မရှိခဲ့
သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD သည် ယခုနှစ်ကုန်ပိုင်းတွင် ပထမဆုံးညီလာခံ ကျင်းပကာ ပြန်လည် ဖွဲ့စည်းသွားမည်ဟု ပါတီ ပြောခွင့်ရ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

“ပါတီညီလာခံအနေနဲ့ကတော့ ဒါ ပထမဆုံးအကြိမ်ပါပဲ။ ကျနော်တို့ အဖွဲ့ချုပ်ကို ရပ်ကွက်အဆင့်၊ ကျေးရွာအုပ်စုအဆင့်၊ မြို့နယ် အဆင့်၊ ခရိုင်အဆင့်၊ တိုင်းနဲ့ပြည်နယ်အဆင့် အားလုံး ဒီမိုကရေစီနည်းကျ ဗဟိုအဆင့်အထိ ဖွဲ့စည်းဖို့အတွက် ညီလာခံတွေ လုပ်မှာ ဖြစ်ပါတယ်။ ခြုံပြောရရင်တော့ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံကို ထူထောင်ဖို့ ရည်ရွယ်တဲ့ အဖွဲ့ချုပ် ကိုယ်တိုင် ဒီမိုကရေစီနည်းကျ ဖွဲ့စည်းတာမျိုး လူကြီးတွေ ဆန္ဒရှိပါတယ်” ဟု ပြောသည်။

အဆင့်ဆင့်သော ညီလာခံများပြီးနောက် ဗဟိုညီလာခံကို ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ကျင်းပနိုင်ရန် ပြင်ဆင်လျက် ရှိသည်ဟုလည်း ဦးအုန်းကြိုင်က ပြောသည်။

NLD ပါတီသည် ၁၉၈၉ ခုနှစ် ဧပြီလတွင် ဗဟိုညီလာခံ ကျင်းပနိုင်ရန် ပြင်ဆင်ခဲ့သော်လည်း နဝတ အစိုးရ၏ ဖိနှိပ်မှုများကြောင့် ပါတီညီလာခံ ကျင်းပနိုင်ခဲ့ခြင်း မရှိဟု ဦးအုန်းကြိုင်က ဆိုသည်။

“အဲဒီမှာ အဖွဲ့ချုပ်က လူကြီးတွေနဲ့ အဖွဲ့ချုပ်လည်း ဖြိုခွင်းခံရပြီးတော့ ပြောရရင်တော့ တိုက်ပွဲထဲ ရောက်သွားပြီးတော့ ညီလာခံတွေ ရပ်ထားခဲ့ရပါတယ်။ ဥက္ကဋ္ဌနဲ့ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့ တားမြစ်ခံဘဝမှာပဲ အဖွဲ့ချုပ်ကို မပြိုမကွဲ ဆက်လက် ရပ်တည်သွားနိုင်အောင် ကျနော်တို့ အချိန်ပေးခဲ့ရပါတယ်။ အဲဒါကြောင့် ညီလာခံ အထမမြောက်ခဲ့ဘူး” ဟု ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

NLD သည် ၂ဝ၁ဝ ခုနှစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ပြန်လည် မှတ်ပုံတင်ခြင်း မရှိခဲ့သည့် အတွက် အလိုအလျောက် တရားမဝင် ဖြစ်ခဲ့ရကာ ထိုနှစ်ရွေးကောက်ပွဲကိုလည်း သပိတ်မှောက်ခဲ့သည်။ ထို့နောက် ပါတီ မှတ်ပုံတင် ဥပဒေပါ စာသားတချို့အား ပြုပြင်လိုက်ပြီးနောက် ၂ဝ၁၁ ခုနှစ် နိုဝင်ဘာ ၂၄ ရက်နေ့တွင် ပြန်လည် မှတ်ပုံပြန်တင်ခဲ့သည်။

ယင်းနောက် ပါတီခေါင်းဆောင်ပိုင်း ပြောင်းလဲမှုများ ပြုလုပ်လာပြီး ပါတီ စတင် တည်ထောင်စဉ်ကတည်းက အထွေထွေ အတွင်းရေးမှူ တာဝန်ယူခဲ့သူ ဒေါ်အောင်ဆန်းစုကြည်သည် ပါတီဥက္ကဋ္ဌ တာဝန်ကို ပြောင်းလဲယူခဲ့ပြီး ပါတီဒုဥက္ကဋ္ဌဖြစ်သူ ဦးတင်ဦးမှာ ပါတီနာယက ဖြစ်လာခဲ့သည်။

ပါတီဝင်အားလုံးကိုလည်း လျှောက်လွှာ ပြန်တင်စေခဲ့ခြင်းဖြင့် ပါတီ ဖွဲ့စည်းမှုများ ပြုပြင်ခဲ့သည်။

ယခုအချိန်တွင် ပါတီဝင် လျှောက်လွှာ ခြောက်သိန်းခွဲကို ဖြန့်ဝေထားပြီး မေလကုန်တွင် ပါတီဝင် လျှောက်လွှာအားလုံး အဖွဲ့ချုပ်ဗဟိုသို့ ပေးပို့ရန်လည်းနှိုးဆော်ထားသည်။

၂ဝ၁ဝ ခုနှစ်အတွင်း NLD မှခွဲထွက်၍ ပါတီသစ်ထောင်ကာ ရွေးကောက်ပွဲဝင်ခဲ့ကြပြီးနောက် ယခုတဖန် NLD သို့
ပြန်လည်ဝင်ရောက်ရန် လျှောက်ထားမှုများနှင့်ပတ်သက်၍လည်း ညီလာခံမှ ဆုံးဖြတ်ပေးမည်ဟု ဦးအုန်းကြိုင်က ပြော သည်။

“ကျနော်တို့ ဖြတ်သန်းခဲ့တဲ့ ခရီးရှည်ကြီး တလျှောက်မှာ ကျနော်တို့ ပါတီဝင်တချို့မှာ ပါတီ စည်းမျဉ်းစည်းကမ်းပိုင်း ဆိုင်ရာအရ တချို့အချက်တွေ ငြိစွန်းနေတာတွေ ရှိပါတယ်။ အများဆန္ဒနဲ့ ဆုံးဖြတ်ချက်ကို မလိုက်နာခဲ့တာမျိုးပေါ့။ ဒီပါတီ ညီလာခံဟာ ကျနော်တို့ ပါတီရဲ့ ရေးရာအားလုံးကို ကောင်းကျိုးဆိုးကျိုးကို ဆုံးဖြတ်ပေးနိုင်တဲ့ တခုတည်းသော အာဏာပိုင် အဖွဲ့အစည်းပဲ ဆိုပြီးတော့ အဲဒီပုဂ္ဂိုလ်တွေရဲ့ ဆောင်ရွက်ခဲ့မှုကိုလည်းပဲ ညီလာခံကို တင်ပြပြီးတော့ ဆုံးဖြတ်မှာပါ” ဟု မဇ္ဈိမကို ပြောသည်။

ညီလာခံ ကျင်းပနိုင်ရေး ဗဟိုကော်မရှင်ကိုလည်း အဖွဲ့ဝင် ၉ ဦးဖြင့် ဗုဒ္ဓဟူးနေ့တွင် ဖွဲ့စည်းလိုက်ပြီး ဥက္ကဋ္ဌအဖြစ် ဦးတင်ဦး က တာဝန်ယူ၍ ဦးဉာဏ်ဝင်းက အတွင်းရေးမှူးအဖြစ် တာဝန်ယူထားသည်။

ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲတွင် NLD သို့ မဲမပေးနိုင်အောင် မဲဆန္ဒပြားများတွင် ဖယောင်းသုတ်မှုများ ရှိခဲ့ကြောင်း တိုင်ကြားခဲ့သော်လည်း ရွေးကောက်ပွဲ ကော်မရှင်က အဆိုပါ ဖြစ်စဉ်မျိုး မရှိခဲ့ဟု ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်
ကြေညာခဲ့သည်။

“သတင်းအခြေအမြစ် မရှိသည့် တဆင့်ကြားစကား၊ ထင်မြင်ချက် စကားများဖြင့် ကော်မရှင်သို့ တိုင်ကြားခြင်း
ဖြစ်ကြောင်း” ဟု နိုင်ငံပိုင် သတင်းစာများမှတဆင့် ထုတ်ပြန်သည်။

NLD ၏ တိုင်ကြားမှုသည် ပြည်သူများကို ထင်ယောင်ထင်မှား ဖြစ်စေပြီး ယင်းသို့ ထုတ်ဖေါ်ရေးသား ပြောဆိုခြင်း မပြုရန်တွက် ပါတီအတွင်းရေးမှူးအား လိုအပ်ပါက အရေးယူနိုင်ရန် အသိပေး ပြောကြားပြီးဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင်ဖေါ်ပြသည်။

ကော်မရှင်၏ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ “အဲဒီကိစ္စနဲ့ ပတ်သက်လို့တော့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က သီးသန့် ဆုံးဖြတ်ချက် မရှိသေးဘူးဗျ။ ဥပဒေရေးရာအဖွဲ့နဲ့ တိုင်ပင်ရပါဦးမယ်။ ဘယ်လို ဆုံးဖြတ်မယ်ဆိုတာကို၊ အဆုံးအဖြတ် တခုခုတော့ မပေးသေးဘူး” ဟု ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောဆိုသွားသည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

နောက်ဆုံးသတင်းများ

  1. ထိုင်းနိုင်ငံက ဆင်ဖြူတော် ငှားရမ်းမှု နိုင်ငံခြားရေးဝန်ကြီး ငြင်းဆန်
  2. ရုပ်သံ စတူဒီယို တည်ဆောက်မည့်မြေ ရောင်းချခြင်းအတွက် ဈေးနှုန်းသတ်မှတ်ရန် ဆွေးနွေး
  3. သတင်းမှားယွင်းသည်ဆိုသော စွပ်စွဲချက်ကို နိုင်ငံပိုင်သတင်းစာက ပြန်လည်ဖြေရှင်းရန် Daily Eleven က တောင်းဆို
  4. ရှမ်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒုဗိုလ်ချုပ်ကြီး ရွက်ဆစ် ဒေသခံများနှင့် ဆွေးနွေးမည်
  5. ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်ကိုယ်စားပြုပါတီ ငါးပါတီ ၂ဝ၁၅ မတိုင်မီ အခြေခံဥပဒေပြင်နိုင်ရေး ဆွေးနွေး
  6. စင်ကာပူတံခွန်စိုက် အလွတ်တန်းပြေးခုန်ပစ်ပြိုင်ပွဲ မြန်မာပြိုင်မည်
  7. ဖေ့စ်ဘွတ်တာဝန်ရှိသူများ မြန်မာနိုင်ငံသို့ ထပ်မံလာရောက်မည်
e-letter-burmese

Who is Online

We have 180 guests online