စနေ, ၂၅ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ဦးအောင်သောင်း ငြိမ်းချမ်းရေး အဖွဲ့သစ်မှာ မပါဝင်တော့ကြောင်း ပြော

ဦးအောင်သောင်း ငြိမ်းချမ်းရေး အဖွဲ့သစ်မှာ မပါဝင်တော့ကြောင်း ပြော

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင်(မဇ္ဈိမ) ။        ။ အစိုးရ၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့သစ် ပြန်လည် ဖွဲ့စည်းရာတွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ၁ ဦးအောင်သောင်း ပါဝင်တော့မည် မဟုတ်ကြောင်း ကာယကံရှင်က တနလာင်္နေ့ တွင် ပြောကြားလိုက်သည်။

“ပြန်ပြီးတော့ ဖွဲ့မယ်ဆိုတာ ဟုတ်တယ်။ ဒါပေမယ့် ကျနော် မပါတော့ဘူးလို့ပဲ ပြောချင်ပါတယ်။ ကျနော်က အသက်အရွယ်အရရော၊ မိသားစု ကျန်းမာရေးအရပါ အခုလို ဆုံးဖြတ်လိုက်တာပါ”ဟု ပြည်ထောင်စုလွှတ်တော် အစည်းအဝေး မစတင်မီ သတင်းထောက်များ၏ မေးမြန်းချက်ကို ဦးအောင်သောင်း က ဖြေကြားလိုက်ခြင်း ဖြစ်သည်။

အစိုးရအနေဖြင့် လက်နက်ကိုင် အဖွဲ့အစည်းပေါင်း ၁၁ ဖွဲ့မှ ၁ဝ ဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေး သဘောတူလက်မှတ်
ရေးထိုးထားပြီး ဖြစ်သော်လည်း ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်ဖွဲ့နှင့်သာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု မရသေးကြောင်းနှင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်ဟု ဦးအောင်သောင်းက
ပြောသည်။
AungHdown
“KIA က ပန်ဝါဒေသကို တိုက်မယ်လို့ လုပ်နေတာကို အစိုးရဘက်က သိလို့ စစ်တပ်က ကြိုစောင့်ပြီး ပစ်ကြခတ်ကြ
ဖြစ်ပါတယ်။ ဒါတွေကို ကျနော်တို့လည်း မဖြစ်ချင်တော့ပေမယ့် ဆွေးနွေးမယ့် နေရာတွေ ချိန်းဆိုမှုက ပြဿနာ ရှိနေပါတယ်။ သူတို့ ချိန်းတဲ့နေရာကို သွားဖို့ကျပြန်တော့လည်း အန္တရာယ်ရှိပါတယ်။ ဒါကြောင့် အခက်အခဲ ရှိနေပါတယ်။ ကျနော်ကတော့ သူတို့နဲ့ ပုဂ္ဂိုလ်ရေး ရင်းနှီးပြီးသားပါ”ဟု ဦးအောင်သောင်း က ပြောဆိုသွားသည်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ နှစ်ခုရှိရာ ရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အဖွဲ့နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်း ဦးဆောင်သော အဖွဲ့တို့ ရှိနေသည်။

ဦးအောင်သောင်း ဦးဆောင်သော အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် KIO တို့ တရုတ်နိုင်ငံ ရွှေလီမြို့တွင် သုံးကြိမ်တိုင်ဆွေးနွေးခဲ့စဉ် စစ်ရေးအရှိန်များ ထိန်းသိမ်းသွားရန်နှင့် ပြဿနာ ဖြစ်ပွားနေသည့် ဒေသများတွင်
နှစ်ဖက်ညှိနှိုင်း လုပ်ဆောင်သွားရန် သဘောတူညီခဲ့သော်လည်း ယခုထိ အကောင်အထည်ဖော်သည့် တုံ့ပြန်မှု မတွေ့ရသေးကြောင်း KIO က ဆိုသည်။

ပြန်လည်ဖွဲ့စည်းမည့် အစိုးရ ငြိမ်းချမ်းရေး အဖွဲ့သစ်တွင် ဒု-သမ္မတ တဦးလည်း ပါဝင်လာမည် ဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ ဝန်ကြီးများ၊ နယ်မြေခံ တပ်ရင်းတပ်ဖွဲ့ ဌာနချုပ်မှ တပ်မတော်သားများ ပါဝင်မည်
ဖြစ်ကြောင်း ဧပြီလ ၂၉ ရက်က မီးရထားဝန်ကြီး ဦးအောင်မင်းက သတင်းထောက်များအား ပြောဆိုခဲ့သည်။

လိုင်ဇာဌာနချုပ်ကို သိမ်းပိုက်ရန် မရှိကြောင်း သမ္မတ ဦးသိန်းစိန်က ပြောဆိုထားပြီး ဖြစ်ကြောင်း ဦးအော်မင်း က
ပြောဆိုခဲ့သည်။

အဆိုပါ ငြိမ်းချမ်းရေးအဖွဲ့သစ် ဖွဲ့စည်းမှုနှင့် ပတ်သက်၍ မသိရှိရသေးကြောင်း KIO က ပြောသည်။ ထို့ပြင် ဝန်ကြီး ဦးအောင်မင်း၏ ပြောဆိုချက်နှင့် ကချင်ပြည်နယ် လိုင်ဇာဌာနချုပ် အနီးတဝိုက် အစိုးရ စစ်တပ်ဖွဲ့၏ လှုပ်ရှားနေမှုများ
နှင့် ကွဲလွဲမှုများ ရှိနေကြောင်း  KIO ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောသည်။

“ဒါပေမယ့် စစ်တပ်က လုပ်နေတာက လိုင်ဇာကို ချေမှုန်းဖို့ လုပ်နေတယ်။ ဒါကြောင့် ဦးအောင်မင်း ပြောတာက သိလျက်နဲ့ လိမ်ညာပြီးပြောတာလား။ နိုင်ငံတကာ မျက်နှာ ရအောင်လုပ်တာပဲ၊ ဘန်ကီမွန်း ရောက်နေလို့ ပြောတာဘဲ။ ဒါပေမယ့် ဒီမှာက စစ်တပ်ကနေပြီးတော့ အကုန်လုံး အဆင်သင့်လုပ်ထားပြီ။ သူတို့က လက်နက်ကြီးနဲ့ ဦးစားပေး ပစ်နေတယ်။ ဒါကြောင့်မလို့ ဦးအောင်မင်းပြောတာက လှအောင်ပြောတာပဲ”ဟု မဇ္ဈိမကို ပြောသည်။

လက်နက်ကြီးနှင့် ပစ်ခတ်ရန် ပြင်ဆင်ထားသဖြင့် လိုင်ဇာမြို့မှ ၇ မိုင်အကွာရှိ ဒေါ့ဖုန်းယန်မြို့နယ်ခွဲ လဂျားယန်ကျေးရွာ အခြေစိုက်ထားသည့် တပ်ဖွဲ့၊ ရဲ၊ စရဖ တပ်ဖွဲ့များကို ဧပြီလ ၂၆ ရက်နေ့က ရုပ်သိမ်းသွားပြီ ဖြစ်ကြောင်း ဦးလနန်က
ပြောသည်။

ဧပြီလကုန်ပိုင်းအတွင်း ဒေါ့ဖုန်းယန်မြို့နယ်ခွဲ ခမ်းဂိုင်တောင်မှ အစိုးရ၏ ၁ဝ၅ မမ လက်နက်ကြီးနှင့် ပတ်ခတ်ခဲ့သဖြင့် KIO နယ်မြေ လိုင်ဇာမြို့မှ ၄ မိုက်အကွာ ကားနှင့် ၁ဝ မိနစ်ခန့်အကြာရောက်သည့် လဝါးယန်ကျေးရွာတွင် ကျရောက် ခဲ့သည်ဟု ဆိုသည်။

ထို့ပြင် မြစ်ကြီးနား-ဗန်းမော်ကားလမ်းပေါ်ရှိ ဂန်ဒေါင်ယန်ကျေးရွာမှ လက်နက်ကြီးဖြင့် လိုင်ဇာမြို့ကို ပစ်ခတ်ရန် မမီသဖြင့် ထိုမှ နီးစပ်သည့် အင်ပွန်ကျေးရွာဘက် သယ်ဆောင်ထားမှုများ ရှိသလို၊ လိုင်ဇာမြို့မှ ၁ဝ မိုင်ခန့်အကွာရှိ ရှဒါန်ပါဒေသဆိုသည့် ရာဘာခြံတွင်လည်း လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ရှိသည်ဟု သိရသည်။

အစိုးရဘက်မှ ၈၁ မမ၊ ၁၂ဝ မမ၊ ၁ဝ၅ မမ လက်နက်ကြီးများနှင့် ပစ်ခတ်နေပြီး နေ့စဉ်ဆိုသလို တိုက်ပွဲများ ဖြစ်ပွား
နေပြီး လိုင်ဇာဌာနချုပ်ကို သိမ်းမည်ဟု သတင်းများ ထွက်ပေါ်နေခြင်းကြောင့် KIA ဗဟိုကလည်း အောက်ခြေ တပ်သားများကို ညွန်ကြားထားပြီး ဖြစ်၍ တိုက်ပွဲများမှု ပိုမိုများပြားလာနိုင်သည်ဟု ဦးလနန်က ပြောသည်။

ဧပြီလအတွင်း အစိုးရတပ်ဖွဲ့နှင့် KIA တပ်ဖွဲ့များအကြား တိုက်ပွဲပေါင်း ၁၃ဝ ကြိမ် ရှိသွားပြီ ဖြစ်ကြောင်း သိရသည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 126 guests online