သတင်း ပြည်တွင်းသတင်း မဲရုံမှူးများကိုယ်တိုင် ထောက်ခံမဲပေးရေး တီရှပ်များ ဝတ်ဆင်နေ
မဲရုံမှူးများကိုယ်တိုင် ထောက်ခံမဲပေးရေး တီရှပ်များ ဝတ်ဆင်နေ Print E-mail
မျိုးကြီး   
တနင်္လာနေ့၊ ဧပြီလ 21 2008 23:01 - မြန်မာစံတော်ချိန်

ရွှေလီ။    ။ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ထောက်ခံမဲ ပေးကြရန် လှုံ့ဆော်သည့်အနေဖြင့် ဒေသ အာဏာပိုင်များက ကချင်ပြည်နယ် ချီဖွေမြို့နယ်အတွင်း၌ တူညီတီရှပ်ဝတ်စုံ ဝတ်ဆင်မှုများ ပြုလုပ်နေသည်ဟု မျက်မြင်သက်သေများ အပြောအရ သိရသည်။

မဲရုံမှူးများ၊ ကြံ့ဖွံ့အသင်းဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စွမ်းအားရှင်များနှင့် ရပ်ကွက်-ကျေးရွာအဆင့် အာဏာပိုင်များက ယခုကဲ့သို့ ထောက်ခံမဲပေးရန် စာတမ်းများ ပါရှိသည့် တီရှပ်များကို ဝတ်ဆင်ထားကြခြင်း ယခု လဆန်းပိုင်းမှ စတင် ပြုလုပ်လာခြင်း ဖြစ်သည်။ 

တီရှပ်အင်္ကျီအဖြူပေါ်တွင် အစိမ်းရောင်စာလုံးဖြင့် “မဲရုံကိုသွားကြစို့” စာတမ်းနှင့် အမှန်ခြစ်လက္ခဏာ ရိုက်နှိပ်ထားကာ အောက်တွင် “ထောက်ခံမဲ ပေးကြစို့”၊ “ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုကြစို့” ဟုလည်း စာတမ်းများ ရေးထိုးထားကြောင်း ချီဖွေ ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

ထို့အပြင် ချီဖွေမြို့နယ်အတွင်းရှိ ကျေးရွာများတွင်လည်း ထောက်ခံမဲပေးရန် လှုံ့ဆော်စာများ ရေးသားထားသည့် ဆိုင်းဘုတ်များ စိုက်ထူထားသည်။ 

“ရပ်ကွက်တိုင်း၊ ကျေးရွာတိုင်း လိုလိုပေါ့။ အောက်ခံအဖြူရောင်မှာ အစိမ်းရောင်နဲ့ ရေးထားတဲ့ ဆိုင်းဘုတ်တွေ ထောင်ထားတယ်။ “ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုရေး ထောက်ခံမဲပေးကြစို့” ဆိုပြီး နောက် မဲရုံအမှတ် ဘယ်လောက် ဆိုပြီး ရေးထားတဲ့ ဆိုင်းဘုတ်တွေ ထောင်ထားတယ်” ဟု ဒေသခံတဦးက ပြောသည်။ 

အာဏာပိုင်များ၏ လက်အောက်ခံ အဖွဲ့အစည်းများနှင့် ဝန်ထမ်းများကို ဆန်ဈေးနှုန်း လျှော့ရောင်းကာ ထောက်ခံမဲ ပေးကြရန် ပြောဆို စည်းရုံးနေသည်။

“အခုဆို ချီဖွေ လောခေါင်ဘက်မှာ ဆန်တအိတ်ကို ၄ သောင်း ပေါက်တယ်။ အဲဒါကို သူတို့ ဝန်ထမ်းတွေနဲ့ ကြံ့ဖွံ့တို့၊ မီးသတ်တို့ကို ၁၈ဝဝဝ (တသောင်း ရှစ်ထောင်) ဈေးနဲ့ ဈေးလျှော့ ရောင်းပေးနေတယ်” ဟု အခြား ဒေသခံ တဦးကလည်း ပြောသည်။ 

ချီဖွေ လောခေါင်ဒေသသည် ကချင်ပြည်နယ်မြောက်ပိုင်း တရုတ်နယ်စပ်တွင် တည်ရှိသော မြို့နယ်များဖြစ်ကာ ဝေးလံခေါင်ဖျားပြီး လမ်းပန်းဆက်သွယ်ရေး ညံ့ဖျင်းသော တောင်ပေါ်ဒေသများ ဖြစ်သည့်အတွက် နအဖ အာဏာပိုင်များဘက်က ထောက်ခံမဲရရှိရန် အပိုင် တွက်ထားပုံ ရသည်ဟု သူက ဆက်ပြောသည်။ 

သူက “တောင်ပေါ်ဒေသတွေ ဆိုတော့လေ၊ ထောက်ခံမဲ အများဆုံး ရနိုင်တယ်လို့ အပိုင်တွက်ထားပြီး စည်းရုံးလှုံ့ဆော်နေတဲ့ အနေအထားရှိတယ်။ တခြား လှုပ်ရှားတဲ့ အဖွဲ့အစည်းတွေကလည်း မရှိသလောက်ဆိုတော့ အဲလိုတွက်တာ ဖြစ်နိုင်တယ်။ မြစ်ကြီးနားမှာတောင် ဒီလိုမှ မလုပ်တာ” ဟု ပြောသည်။ 

အာဏာပိုင်များဘက်မှ တီရှပ်ကမ်ပိန်းများ လုပ်နေသော်လည်း လက်တွေ့တွင်မူ အမိန့်အရ အင်္ကျီများ ထုတ်ထားပေး၍သာ လုပ်နေရခြင်း ဖြစ်ကြောင်း သူက ပြောသည်။

“အကုန်လုံး ဒီတီရှပ်တွေ ဝတ်တာတော့ မဟုတ်ပါဘူး။ တချို့ပဲ ဝတ်ကြတာ။ တော်တော်များများက လက်ထဲမှာ ကိုင်ထားကြတာ များတယ်။ မဝတ်ရဲကြဘူး” ဟု သူက ဆက်ပြောသည်။ 

အဆိုပါ ဒေသသည် နအဖနှင့် ငြိမ်းချမ်းရေး ပြုလုပ်ထားသည့် ကချင်အထူးဒေသ (၁) ခေါ်  ဦးစခုန်တိမ်ယိင်း ခေါင်းဆောင်သည့် ဒီမိုကရေစီသစ် တပ်မတော် (ကချင်) ထိန်းချုပ်ရာ ဒေသတခု ဖြစ်သည့်အတွက် ယခုလို နအဖ ဘက်မှ အပိုင်တွက်ထားခြင်းမှာ ဖြစ်နိုင်ကြောင်း အဆိုပါ ကချင်ငြိမ်းအဖွဲ့နှင့် နီးစပ်သူ တဦးကလည်း ပြောပြသည်။

ပန်ဝါအခြေစိုက် ဒီမိုကရေစီသစ် တပ်မတော်(ကချင်) ငြိမ်းချမ်းရေးအဖွဲ့ မဲဆန္ဒနယ်မြေတွင် မဲထည့်ဝင်မည့် လူဦးရေ ၃၆၉၄ ဦး သတ်မှတ်ထားကြောင်းနှင့် အဆိုပါ မဲဆန္ဒရှင်များအားလုံး ထောက်ခံမဲ ထည့်ပေးရန်လည်း ညွန်ကြားထားကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်းရှိ  ကချင်ငြိမ်းချမ်းရေးအဖွဲ့ နောက်တခုဖြစ်သည့် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (ခေါ်) ကေအိုင်အို အဖွဲ့အနေနှင့် နောက်ဆုံး အခြေအနေအထိ ကန့်ကွက်မဲလည်း မထည့်၊ ထောက်ခံမဲလည်း မထည့်ဘဲ ကြားနေသွားမည်ဟု ထုတ်ဖော် ပြောဆိုထားသည်။

 

သူတို့စကား

"ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရသည် နယ်နိမိတ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေများအတိုင်း ဆောင်ရွက်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မှားယွင်းစွာ တောင်းဆိုမှုကို လက်ခံနိုင်ခြင်း မရှိသဖြင့် ပယ်ချခဲ့ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆက်လက် ကာကွယ်စောင့်ရှောက်သည့် အနေဖြင့် AD-7 လုပ်ကွက်အတွင်း ဆောင်ရွက်ရန် ရှိသည်တို့ကို ပြီးဆုံးသည်အထိ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်"

နိုဝင်ဘာလ ၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ

© Copyright 1998 - 2008 Mizzima News. All Rights Reserved