ကြာသပတေး, ၂၃ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ရှမ်းပြည်တောင်ပိုင်း ရွာ ၄၀ ကျော်တွင် ဝမ်းရောဂါ ကူးစက်ပျံ့နှံနေ

ရှမ်းပြည်တောင်ပိုင်း ရွာ ၄၀ ကျော်တွင် ဝမ်းရောဂါ ကူးစက်ပျံ့နှံနေ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။         ။ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဖယ်ခုံ၊ ပင်လောင်းနှင့် ဆီဆိုင်မြို့နယ်အတွင်းက ဒေသချင်း ထိစပ်နေသည့် ရွာ ၄၀ ကျော်တွင် ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ကူးစက်ပျံ့နှံ့လျက်ရှိပြီး သေဆုံးမှုများလည်း ရှိနေကြာင်း သိရသည်။

အဆိုပါမြို့နယ် ၃ ခုအတွင်း ဇန်နဝါရီလထဲက စတင်ဖြစ်ပွားခဲ့ပြီး အသက် ၅ နှစ်အောက် ကလေးငယ်များတွင် အများဆုံး ဖြစ်ပွားနေကာ အသက် ၅၀ အထက် လူကြီးများလည်း ဖြစ်ပွားလျက် ရှိသည်။ ဆေးရုံမှတ်တမ်းများအရ
ဖေဖေါ်ဝါရီ တလထဲတွင်ပင် သေဆုံးသူ အနည်းဆုံး ကလေး ၃ ဦး နှင့် လူကြီး ၂  ဦး ရှိနေကြောင်း သက်ဆိုင်ရာ မြို့နယ်ဆေးရုံကြီးများထံမှ စုံစမ်းသိရှိရသည်။

“ကျနော်တို့ဆီမှာတော့ ဇန်နဝါရီ ၁၆ ရက်ကနေ စရောက်လာကြတာ။ တဖြည်းဖြည်း ပိုများလာတယ်။ ကလေးတွေ အများဆုံး ဖြစ်တယ်။ ဒီမှာတော့ ၈ လသားအရွယ် ကလေးတယောက် ဒီဝမ်းရောဂါနဲ့ပဲ ဆုံးသွားတယ်။ တခြားတိုက် နယ် ဆေးရုံတွေမှာလည်း လူနာတွေ ရှိနေတယ်” ဟု ဖယ်ခုံမြို့နယ် ဆေးရုံကြီးမှ ကူးစက်ရောဂါကု ဆရာဝန်ကြီး တဦးက မဇ္ဈိမကို ပြောသည်။

ဖယ်ခုံ ဆေးရုံကြီးတွင် ဝမ်းရောဂါဖြင့် အရေးပေါ် ကုသပေးနေရသူ အသက် ၅ နှစ်အောက် ကလေး ၁၁ ဦး ရှိနေပြီး မိုးဗြဲ တိုက်နယ်ဆေးရုံတွင်လည်း ဝမ်းရောဂါဖြစ်ပွားနေသော ကလေးများကို ကုသပေးနေရကြောင်း ဆရာဝန်ကြီးက
ပြောသည်။

အဆိုပါ ဝမ်းရောဂါနှင့် ပါတ်သက်၍ “ကလေးတွေက အန်တယ်။ ဝမ်းသွားရင် အရည်ဝါတွေ များများထွက်တာ
တွေ့ရတယ်။ အခုအခြေအနေအရတော့ ကျနော်တို့က သောက်သုံးရေ မသန့်ရှင်းမှုကနေ ကူးစက်မှုတွေ ဖြစ်တာလို့ ယူဆရတာပေါ့။ ကူးစက်မှုကလည်း မြန်တယ်လို့ဆိုရမယ်” ဟု ဆရာဝန်ကြီးက ဆက်ပြောသည်။

ဖယ်ခုံမြို့နယ်အတွင်းက မိုးဗြဲ၊ လဲုင်းပေး၊ လဲုင်းခါး၊ နောင်တန် ကျေးရွာများ အပါအဝင် ရွာပေါင်း ၁၅ ရွာခန့်တွင်
ဖြစ်ပွားနေလျက် ရှိသည်။ အဆိုပါကျေးရွာများသို့ ဖယ်ခုံ ဆေးရုံကြီးမှ ဆရာဝန်များ၊ ဆေးဝန်ထမ်းများနှင့် မြို့နယ် အုပ်ချုပ်ရေး တာဝန်ရှိသူများက ကွင်းဆင်း ဆောင်ရွက်မှုများ ပြုလုပ်ပေးနေလျက်ရှိပြီး ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့မှ စတင်ကာ ရေတွင်းရေကန်များကို ပိုးသတ်ဆေး ဖျန်းခြင်းများ စတင် လုပ်ဆောင်နေကြောင်း သိရသည်။

ဖယ်ခုံမြို့နယ်အတွင်းရှိ တိုက်နယ်ဆေးရုံများတွင် ဝမ်းရောဂါကြောင့် လာရောက်ကုသသူ များသဖြင့် ကလေးမိဘ တချို့က လွိုင်ကော် ပြည်နယ်ဆေးရုံကြီး ကလေးအထူးကု ဌာနသို့ သွားရောက်ကုသကြောင်း မိုးဗြဲရွာသား ကလေး ဖခင်တဦး က ပြောသည်။

“ကျနော့် ကလေးက နှစ်လပဲ ရှိသေးတာ။ ဝမ်းသွားတာ အဝါ ရောင် အရည်ကျဲကျဲတွေပဲ ထွက်နေတယ်။ ဟိုမှာလည်း ကလေးတချို့ ဆုံးတော့ စိုးရိမ်တာနဲ့ ဒီ လွိုင်ကော် ဆေးရုံကြီးကို ချက်ချင်းလာလိုက်တာ။ ဒီမှာလည်း ကိုယ့်လို လာကုတဲ့ ကလေးတွေ ဒီအခန်းထဲမှာပဲ အယောက် ၅၀ ကျော်လောက် ရှိတယ်။ မိုးဗြဲ တိုက်နယ် ဆေးရုံမှာကလည်း အယောက် ၂၀ လောက်ပဲ ဆံ့တယ်။ ပိုက်ဆံ တတ်နိုင်တဲ့ လူတချို့က ဒီမှာ လာကုကြတာလေ” ဟု ဦးစိုင်းလုံ က မဇ္ဈိမကို ပြောသည်။

အလားတူ ပင်လောင်းမြို့နယ်ရှိ ထီရီး၊ ထီကျစ်၊ ခြဲုင်း ကျေးရွာများ အပါအဝင် ရွာပေါင်း ၁၀ ရွာနှင့် ဆီဆိုင်မြို့နယ်တွင် လည်း ၁၅ ရွာကျော် ဖြစ်ပွားနေလျက်ရှိကြောင်း ဆီဆိုင် မြို့နယ်ဆေးရုံကြီးနှင့် ဒေသခံများက ပြောသည်။

“ဒီမှာတော့ ဝမ်းရောဂါရောက်လာတဲ့ ကလေးတွေ တော်တော်များတယ်။ လသား အရွယ်တွေ များတယ်။ လူကြီးက
တော့ နည်းတယ်။ တိုက်နယ်ဆေးရုံတွေမှာလည်း မျှတင်ထားပါတယ်” ဟု ဆီဆိုင် မြို့နယ် ဆေးရုံကြီးမှ ဆေးဝန်ထမ်း တဦးက ပြောသည်။

ဝမ်းရောဂါဖြင့် ဆေးရုံသို့ မရောက်ရှိဘဲ ကျေးရွာများအတွင်းတွင် သေဆုံးသူများလည်း ရှိပြီး ယခုလအတွင်း ဖယ်ခုံမြို့နယ် လဲုင်းခါး ကျေးရွာ၌ ကလေးငယ် တဦး သေဆုံးခဲ့သလို၊ ဆီဆိုင်မြို့နယ်ထဲတွင်လည်း ကလေးငယ် တဦးနှင့် အသက် ၇၀ ကျော် အရွယ် အဘွားအို တဦး သေဆုံးခဲ့ကြောင်း ဝမ်းရောဂါ ဖြစ်ပွားနေသည့် ၃ မြို့နယ်ကို လှည့်လည် အကူအညီပေးနေသည့် ဒေသခံ ကျန်းမာရေးအဖွဲ့တဖွဲ့က ပြောသည်။  

ဖေဖေါ်ဝါရီလ ၃ ရက်နေ့က ပင်လောင်းမြို့နယ် ထီးရီး ကျေးရွာတွင် အသက် ၇ နှစ်အရွယ် မိန်းကလေးတဦး ဝမ်းလျှော သေဆုံးခဲ့ပြီးနောက် ရွာထဲရှိ ကလေးငယ်များကို ဆက်တိုက် ကူးစက်ခဲ့ပြီး ရွာခံများက ၎င်းတို့ ချိုးရေအဖြစ် သုံးနေသည့် ဘီလူးချောင်း အထက်ရှိ တီကျစ်ကျောက်မီးသွေး စီမံကိန်းမှ အညစ်အကြေးရေများကြောင့်ဟု ယူဆနေကြသည်။  

“အဲဒီချောင်းရေ ချိုးတော့ ရွာထဲက လူတချို့ ယားနာတွေ ပေါက်တယ်။ အခု ဝမ်းရောဂါကလည်း တစတစ ပိုဖြစ်လာတယ်ဆိုပြီးတော့ အဲဒီ တီကျစ် ကျောက်မီးသွေး စီမံကိန်းကထွက်တဲ့ အညစ်အကြေးရေတွေကလို့ ရွာသားတွေက ပြောနေကြတယ်။ အဲဒီရွာမှာ အခု ကျွဲ၊ နွားတွေပါ ဝမ်းလျှော ဝမ်းပျက် ဖြစ်နေတယ်” ဟု ကျန်းမာရေး အကူညီပေးအဖွဲ့ တာဝန်ရှိသူ တဦးက မဇ္ဈိမကို ပြောသည်။

တီကျစ် ကျောက်မီးသွေး စက်ရုံသည် ထီးရီး ကျေးရွာ၏ အထက် ၇ မိုင်ခန့်တွင်ရှိပြီး ၂၀၀၅ ခုနှစ်မှ စတင် လည်ပတ် ခဲ့ပြီးနောက် ၎င်းစက်ရုံမှ ထွက်သည့် ပြာမှုန့်များ၊ ကျောက်မီးသွေးရေများ၊ မြေဇာ အညစ်အကြေးများနှင့် အခိုးအငွေ့များကြောင့် ၂၀၁၁ ခုနှစ် အစောပိုင်းက ဒေသခံ ၂၀,၀၀၀ ကျော် ယားနာများ ဖြစ်ပွားခဲ့သေးသည်။

ဝမ်းရောဂါ ဖြစ်ပွားနေသည့် ဒေသအတွင်းတွင် သက်ဆိုင်ရာအစိုးရ တိုက်နယ်ဆေးရုံများမှ ဆေးဝန်ထမ်းများက
ဆေးပေးဝေမှုများ ပြုလုပ်နေပြီး ဆေးရရှိမှု အလှမ်းဝေးသည့် နေရာအချို့တွင် ရိုးရာဆေးမီတိုများကို မှီဝဲ အသုံးပြု
နေကြသည်ကို တွေ့ရှိရကြောင်း ထိုအဖွဲ့ထံမှ သိရသည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 126 guests online