သတင်း ပြည်တွင်းသတင်း မီးရှို့ဆန္ဒပြသူ အသက်အန္တရာယ် စိုးရိမ်ရဟု ရဲက ပြော
မီးရှို့ဆန္ဒပြသူ အသက်အန္တရာယ် စိုးရိမ်ရဟု ရဲက ပြော Print E-mail
နန်းဒေဝီ   
ဗုဒ္ဓဟူးနေ့၊ မတ်လ 26 2008 01:09 - မြန်မာစံတော်ချိန်

နယူးဒေလီ။        ။ စီးပွားရေး ကျပ်တည်းလွန်းမှုဒဏ် ခံစားနေရဟန် ပေါ်လွင်သော မိမိကိုယ်ကို မီးရှို့ ဆန္ဒပြသူမှာ အသက်အန္တရာယ် စိုးရိမ်ဖွယ် ရှိသည်ဟု ရဲသတင်းရပ်ကွက်က ပြောသည်။

ဧရာဝတီတိုင်း ပုသိမ်မြို့ ဇာတိဖြစ်သူ ကိုသော်ဇင်နိုင် (ခေါ်) ကိုအောင်ကြီး (၂၆ နှစ်) သည် ပြီးခဲ့သည့် သောကြာနေ့က လူစည်ကားရာ ရွှေတိဂုံဘုရားပေါ်တွင် ဓာတ်ဆီလောင်းပြီး မိမိကိုယ်ကို မီးရှို့ဆန္ဒပြခဲ့ရာ လုံခြုံရေးများက ဝိုင်းဝန်းပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။

"အခြေအနေကတော့ တော်တော်ဆိုးတယ်။ မကောင်းဘူး" ဟု မှုခင်းရဲတပ်ဖွဲ့ သတင်းရပ်ကွက်က ပြောသည်။

ခန္ဓာကိုယ်၏ အနည်းဆုံး ၇၅ ရာခိုင်နှုန်း မီးလောင်ကျွမ်း ခံရသည်ဆိုသော ကိုသော်ဇင်နိုင်၏ မိဘများလည်း ရန်ကုန်သို့ ရောက်ရှိနေပြီဟု ရဲက ပြောသည်။

သို့သော် လက်ရှိအချိန်တွင် မည်သည့်ဆေးရုံသို့ ပို့ဆောင် ကုသနေသည်ကို ထုတ်ဖော်ပြောကြားခြင်း မရှိပါ။ ရန်ကုန်ဆေးရုံကြီး မီးလောင်လူနာများ ထားသော အဆောင်တွင် အရပ်ဝတ် လုံခြုံရေးတဦး ရှိနေပြီး အပြင်လူများ ဝင်ရောက်မှု မပြုရန် တားမြစ်ထားသည်။

ကိုသော်ဇင်နိုင်သည် ဓာတ်ဆီလောင်း မီးရှို့ခြင်း မပြုမီ လက်ရှိ ကုန်ဈေးနှုန်းများ ကြီးမြင့်နေမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ရေရွတ် ပြောဆိုခဲ့ပြီး "စစ်အစိုးရ ကျဆုံးပါစေ" ဟု အော်ဟစ်ခဲ့ကြောင်း မျက်မြင်သက်သေများကို ကိုးကားပြီး ရန်ကုန်မှ လာသော အေပီ သတင်းတရပ်တွင် ဖော်ပြခဲ့သည်။

စစ်အစိုးရကို ဆန္ဒပြဟန်ရှိသည့် မိမိကိုယ်ကို မီးရှို့မှုကို ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် ဂျာနယ်များတွင်လည်း ဖတ်ရှုရမှာတော့ မဟုတ်ပါ။

"ကျနော်တို့ မရေးဘူး ခင်ဗျ။ ဘာဖြစ်လို့လည်း ဆိုတော့ ကျနော်တို့က ထိန်းထိန်းသိမ်းသိမ်းနဲ့ ရေးရတယ်လေ။ ကျနော်တို့က အထဲမှာ နေနေရတဲ့ သူတွေလေ။ ရေးရမယ့် သတင်း၊ မရေးရမယ့် သတင်း ကျနော်တို့ ခွဲခြား သိနေပြီလေ။ ကျနော်တို့ အလုပ်လုပ်တာ ကြာလာပြီ ဆိုတော့" ဟု အမည်မဖော်လိုသူ အပတ်စဉ်ထုတ် ဂျာနယ် အယ်ဒီတာတဦးက မဇ္ဈိမကို ပြောသည်။

ကမာရွတ်မြို့နယ် ငါးလောင်းပြိုင် လူသတ်မှု သတင်းအား 7 day News ဂျာနယ်တွင် စာပေစိစစ်ရေးမှ ခွင့်မပြုသည့် စာပိုဒ်များ ဖော်ပြခဲ့သည့်အတွက် ဂျာနယ် ထုတ်ဝေခွင့် တပတ် ရပ်နားစေခဲ့သည်။ 

 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved