သတင်း ပြည်တွင်းသတင်း ပခုက္ကူတွင် စာဖြေသံဃာတော် ၄ ရာခိုင်နှုန်းကျော်သာရှိ
ပခုက္ကူတွင် စာဖြေသံဃာတော် ၄ ရာခိုင်နှုန်းကျော်သာရှိ Print E-mail
မဇ္ဈိမသတင်းဌာန   
ဗုဒ္ဓဟူးနေ့၊ မတ်လ 26 2008 00:28 - မြန်မာစံတော်ချိန်

နယူးဒေလီ။    ။ စစ်အစိုးရက ကြီးမှူး ကျင်းပသော ရဟန်းစာမေးပွဲကို ယခုနှစ်တွင် ဝင်ရောက်ဖြေဆိုသူ အလွန်နည်းသွားရာ ရွှေဝါရောင် တော်လှန်ရေး ရိုတ်ခတ်မှုနှင့် သံဃာတော်များ၏ စစ်အစိုးရအပေါ် စိတ်ပျက် ဒေါသထွက်မှုကို ထင်ရှားစေသည်။

မကွေးတိုင်း ပခုက္ကူမြို့မှ အမှတ် ၃ ရပ်ကွက် ရိပ်သာလမ်းရှိ သံဃာ့ စာပေဆောင်တွင် ပထမငယ်၊ ပထမလတ်၊ ပထမကြီး စာမေးပွဲများ ကျင်းပနေရာ  ဖြေဆိုခွင့်ရ သံဃာတော်များအနက် ၄ ရာခိုင်နှုန်းကျော်သာ ယမန်နေ့က စတင် ကျင်းပခဲ့သော စာမေးပွဲကို ဝင်ရောက်ဖြေဆိုခြင်း ဖြစ်သည်။

၂ဝဝ၇ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့က လောင်စာဆီနှင့် ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် စစ်အစိုးရမှ အာရုံစိုက် လုပ်ဆောင်ရန် မေတ္တာသုတ် ရွတ်ဆို စီတန်း လမ်းလျှောက်တော်မူသော ရဟန်းတော်များကို ဓာတ်တိုင်တွင် ကြိုးတုတ် ချည်နှောင် ရိုက်နှက်ခဲ့သည့် ပခုက္ကူတွင် စာဖြေရမည့် သံဃာတော် အပါး ၇ဝဝ အနက် အငယ်တန်းမှ ၂၅ ပါး၊ အလတ်တန်းမှ ၇ ပါးနှင့် အကြီးတန်း ၅ ပါးသာလျှင် ဖြေဆိုနေသည်။

သွေးမြေကျ ဖြိုခွင်းခံရသည့် ရွှေဝါရောင် တော်လှန်ရေးအပြီး စာသင်သား သံဃာတော်များကို နေရပ်သို့ နှင်ထုတ်ခဲ့ခြင်းကြောင့် နိုင်ငံတဝှမ်းရှိ စာဖြေဌာနတိုင်းမှာပင် စစ်အစိုးရကို သပိတ်မှောက်ကာ စာမေးပွဲ ဖြေဆိုမှု နည်းသွားသည်။

“ဦးဇင်းတို့ ကျောင်းကတော့ ဖြေတဲ့သူ မရှိပါဘူး” ဟု ပခုက္ကူမြို့မှ ရဟန်းတော်တပါးက မဇ္ဈိမကို ပြောသည်။

“စာမေးပွဲကို ဝင်နိုင် ဖြေနိုင်တဲ့သံဃာ တော်တော်များများက ကျောင်းတိုက်တွေမှာ မရှိကြဘူး။ နဂိုကတည်းက သူတို့က သံဓိဋ္ဌါန် ချထားကြတယ်။ မဖြေတော့ဘူး ဆိုတဲ့အနေနဲ့ အေးအေးဆေးဆေး နေကြတာပေါ့” ဟု သူက ထပ်ပြောသည်။

ယခုလ ၁၈ ရက်နေ့က မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုကြီးကလည်း ရွှေဝါရောင် တော်လှန်ရေးအတွင်း ကံဆောင်ခဲ့ခြင်းသည် သပိတ်လှန် ကံဆောင်ပွဲ မလုပ်သမျှ အသက်ဝင်နေသဖြင့် ဝိနည်း စည်းကမ်းအတိုင်း သံဃာတော်များအနေနှင့် စာမေးပွဲများကို ဖြေဆိုခြင်း မပြုဘဲ ဆက်လက် ကံဆောင်သွားရန် တိုက်တွန်းခဲ့သေးသည်။

၂ဝဝ၇ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့တွင် သံဃာ့တပ်ပေါင်းစုကြီးက စစ်အစိုးရကို ပခုက္ကူ သံဃာများအပေါ် ကျူးလွန်မှုအတွက် စက်တင်ဘာလ ၁၈ ရက်နေ့ နောက်ဆုံးထားကာ ဝန်ချတောင်းပန်ရေး အပါအဝင် အချက် ၄ ချက်ကို တောင်းဆိုခဲ့သော်လည်း လိုက်လျောခြင်း မရှိသဖြင့် ဘာသာရေးဆိုင်ရာကိစ္စရပ်များတွင် စစ်အာဏာပိုင်များနှင့် ပတ်သက် ဆက်ဆံခြင်း မရှိစေရန် ပတ္တနိကုဇ္ဇနကံ ခေါ် သပိတ်မှောက်ခဲ့သည်။

ပခုက္ကူမြို့သည် မြန်မာနိုင်ငံတွင် စာသင်သား ရဟန်းများ ဒုတိယအများဆုံး သီတင်းသုံး နေထိုင်ရာဒေသ ဖြစ်သည်။

 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved