|
ရန်ကုန်။ ။ တလကြာမြင့် သွားပြီ ဖြစ်သော်လည်း အစိုးရ အထောက်အပံ့ ပေးခြင်းမခံရသည့် ရန်ကုန် ဆင်ခြေဖုံး လှိုင်သာယာမြို့နယ်ရှိ လူဦးရေ ၃ဝဝဝ နီးပါးဖြစ်သော မီးဘေး ဒုက္ခသည်များသည် အိုးမဲ့ အိမ်မဲ့ဖြင့်သာ နေရဆဲ ဖြစ်သည်။
ဖေဖော်ဝါရီ ၂၅ ရက်နေ့က မီးလောင်ခဲ့သော အုတ်ကံကျေးရွာသား ၂၉၆၉ များအနက် အများစုက ဘုန်းတော်ကြီးကျောင်းများ၊ နီးစပ်ရာ ဆွေမျိုး အသိုင်းအဝိုင်းများထံတွင် ကပ်နေကြရပြီး အချို့သာလျှင် အိမ်ငှားရမ်း နေကြရသည်။
မြို့နယ် အာဏာပိုင်များ ထုတ်ပြန်ချက်အရ အုတ်ကံရွာ မီးကြောင့် အိမ်ခြေ ၂ဝ၁ လုံး မီးလောင်ကျွမ်း သွားခဲ့ပြီး အမျိုးသမီး ၁၂၆ဝ နှင့် အမျိုးသား ၁၇ဝ၉ တို့ အိုးအိမ်မဲ့သွားသည်။
“ပျက်စီးသွားတဲ့ ကျမရဲ့ အိမ်ကိုပဲ မနက်တိုင်း သွားကြည့်ပြီး စိတ်မကောင်းဘူး” ဟု အသက် ၄ဝ အရွယ် အမျိုးသမီးတဦးက မဇ္ဈိမကို ပြောသည်။
အမည်မဖော်လိုသူ အခြားသော ဒေသခံတဦးက “အိမ် ၂ဝ၁ လုံးထဲမှာ ဒီလောက်များတဲ့ လူတွေ နေခဲ့တယ်ဆိုတာ တချို့တွေအတွက်တော့ အံ့သြတကြီး ဖြစ်နေတာပေါ့” ဟု ပြောသည်။
မီးဘေး ဒုက္ခသည် အများစုသည် လှိုင်သာယာ စက်မှုဇုံမှ လုပ်သားများ ဖြစ်ကြသည်။ အလုပ်သမား အများစုမှာ စက်ရုံနှင့် နီးစပ်ရာတွင် အခန်းကျဉ်းလေးများ ငှားရမ်း နေထိုင်ကြသည်။
စစ်အစိုးရက အထောက်အပံ့များ မပြုလုပ်သလို တသီး ပုဂ္ဂလအလှူရှင်များကိုလည်း ကန့်သတ်မှုများ လုပ်၍ ဒေသခံများက ဝေဖန် ပြောဆိုနေကြသည်။
“လှူချင်သူတွေက အများကြီးပဲ။ ဒါပေမဲ့ လှူမယ့်သူတွေက မြို့နယ် အာဏာပိုင်တွေကို အရင် တင်ပြတယ်။ သူတို့ လှူမယ့်ပစ္စည်းတွေ အပ်ရတယ်။ အာဏာပိုင်တွေပဲ မီးဘေး ဒုက္ခသည်တွေကို ခွဲဝေခြမ်း ပေးမယ်တဲ့။ သူတို့ ပြောတာကတော့ ဒါမှသာလျှင် အကုန်လုံး သာတူညီမျှ ရမယ်ပေါ့လေ” ဟု သက်ရွယ်ကြီး မီးဘေး ဒုက္ခသည်တဦးက ပြောသည်။
|