သတင်း ပြည်တွင်းသတင်း ကန့်ကွက်မဲ ပေးရန် မြစ်ကြီးနားတွင် လှုံ့ဆော်
ကန့်ကွက်မဲ ပေးရန် မြစ်ကြီးနားတွင် လှုံ့ဆော် Print E-mail
မျိုးကြီး၊ မောင်ဒီး   
အင်္ဂါနေ့၊ မတ်လ 25 2008 21:52 - မြန်မာစံတော်ချိန်

စစ်အစိုးရ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကန့်ကွက်မဲ ပေးကြရန် မြစ်ကြီးနားမှ ကျောင်းသားလူငယ်များက ယနေ့တွင် မြစ်ကြီးနားမြို့တွင်းရှိ လူစည်ကားရာ နေရာများတွင် ပိုစတာကပ်ခြင်းဖြင့် လူထုကို နှိုးဆော်မှုများ လုပ်ဆောင်ခဲ့ကြသည်။

All Kachin Student Union (AKSU) ကချင်ပြည်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂမှ ကျောင်းသားလူငယ်များက မြစ်ကြီးနားမြို့ ဈေးကြီး အမှတ် ၁၊ အမှတ် ၂၊ ဒူကထောင် ရပ်ကွက်ဈေး၊ ရန်ကြီးအောင် ရပ်ကွက်ဈေး၊ ဘူတာရုံတို့နှင့် မြစ်ကြီးနား တက္ကသိုလ်ကျောင်းဆောင်များတွင် ပိုစတာ ကပ်ကြခြင်း ဖြစ်သည်။

အေဖိုးဆိုက် အရွယ်အစား စာရွက်တွင် 'အတင်းအဓမ္မ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြု ဆန္ဒခံယူပွဲအား ကန့်ကွက်မဲပေးကြ' ဟူသည့် စာသားရေးထားသည့် ပိုစတာကို ဈေးအတွင်း အုတ်နံရံများ၊ ဘူတာရုံအနီးရှိ နံရံများ၊ တက္ကသိုလ် ကျောင်းအဆောင်နံရံများတွင် ကပ်ထားကြခြင်း ဖြစ်သည်။

"ကျနော်တို့ ပိုစတာကဲန်ပိန်းက ထိရောက်မှာပါ။ လူထုဖက်က မေလမှာ ကန့်ကွက်မဲ ပေးရမှာလား၊ ထောက်ခံမဲ ပေးရမှာလား၊ ဒါမှမဟုတ် ထွက်ပြေးရမလား ရှောင်နေရမှာလား ဝေဝါးနေတာ။ ပိုစတာ ကဲန်ပိန်းကြောင့် ဒါကန့်ကွက်မဲ ပေးရမယ်၊ ကန့်ကွက်မဲ ပေးမှ ဖြစ်မယ်ဆိုတဲ့ အသိတရားလေး ရှိသွားအောင် ကျနော်တို့က လုပ်တာ" ဟု AKSU မှ ကိုမာဘရန်က ပြောသည်။

မြစ်ကြီးနား တက္ကသိုလ်တွင် AKSU ကျောင်းသား ၂ဝ ခန့်က နံနက် ၈ နာရီခန့်တွင် ကျောင်းဆောင်တိုင်းသို့ သွားရောက် စာကပ်ခဲ့သည့်နောက် တက္ကသိုလ်ကျောင်းအတွင်း စစ်သားနဲ့ ရဲ ၁ဝ ဦးခန့်က ဝင်ရောက်လာကာ လုံခြုံရေး ရယူလာသည်အထိ လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သည်။

"ရဲတွေက သုံးလေးယောက်တဖွဲ့ ဆိုင်ကယ်နဲ့ လိုက်ပတ်နေတယ်။ ကျောင်းမှာကလည်း အဝေးသင် ကျောင်းသားတွေ ကျောင်းတက်နေတယ် ဆိုတော့ ရဲတွေက စောင့်နေကြတာပေါ့" ဟု မြစ်ကြီးနား တက္ကသိုလ်ကျောင်းအနီး နေထိုင်သူ တဦးက ပြောသည်။

မြစ်ကြီးနား တက္ကသိုလ် ကျောင်းသားတဦးကလည်း "စစ်တပ်က ကားတွေနဲ့ ကျောင်းဝင်းနားမှာ စစ်သားတွေ လာချသွားတယ်။ ဒီမနက် စာဖြန့်လို့ပေါ့။ ကျောင်းသားတွေ တခုခုလုပ်မှာ ထင်လို့ နေမှာပေါ့။ အားလုံးကတော့ သဘောပေါက် နေကြပါပြီ။ ကန့်ကွက်မဲ ပေးကြဖို့ပဲ ပြောနေကြတာ များတယ်" ဟု ပြောသည်။

ယနေ့ ဖြစ်ခဲ့သော ကန့်ကွက်မဲပေးရေး လှုပ်ရှားမှုမှာ AKSU ၏ ၂ဝဝ၈ ခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် လှုပ်ရှားမှု ဖြစ်ပြီး မြစ်ကြီးနားမြို့၏ တဖက်ကမ်း ဝိုင်းမော်မြို့အတွင်းရှိ လူစည်ကားရာ နေရာများတွင်လည်း ကန့်ကွက်မဲပေးရေး လှုပ်ရှားမှုများ လုပ်လာသည်အထိ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာနိုင်ခဲ့သည်။

AKSU အဖွဲ့သည် ၂ဝဝရ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးကာလအတွင်း ကချင်ကျောင်းသားလူငယ်များ ပါဝင်ကာ မြစ်ကြီးနားမြို့တွင် လျှို့ဝှက် ဖွဲ့စည်းခဲ့သည့် အဖွဲ့ ဖြစ်သည်။

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ မယက ဥက္ကဌ ဦးညွန်ဟန် ကိုယ်တိုင်က ရပ်ကွက်တိုင်းတွင် လူစုခိုင်းပြီး ထောက်ခံမဲပေးရေး ဟောပြော လှုံ့ဆော်မှုများ လုပ်ဆောင်နေသလို အရှေ့မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ်ကလည်း ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် စစ်တပ် မိသားစုဝင်များကို ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထောက်ခံမဲပေးရေး မိန့်ခွန်းများ ပြောကြားလာသည်ဟု ဒေသခံများ အဆိုအရ သိရသည်။

တချိန်ထဲတွင် မူဆယ်မြို့မှ နိုင်ငံရေးတက်ကြွသူ လူငယ်များကလည်း ကန့်ကွက်မဲပေးရေး လက်ကမ်း ပိုစတာများ ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် လူစည်ကားရာ နေရာများ၌ ဖြန့်ဝေခဲ့ကြခြင်းများလည်း ရှိခဲ့သည်ဟု မူဆယ် ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

 

သူတို့စကား

"ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရသည် နယ်နိမိတ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေများအတိုင်း ဆောင်ရွက်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မှားယွင်းစွာ တောင်းဆိုမှုကို လက်ခံနိုင်ခြင်း မရှိသဖြင့် ပယ်ချခဲ့ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆက်လက် ကာကွယ်စောင့်ရှောက်သည့် အနေဖြင့် AD-7 လုပ်ကွက်အတွင်း ဆောင်ရွက်ရန် ရှိသည်တို့ကို ပြီးဆုံးသည်အထိ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်"

နိုဝင်ဘာလ ၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ

© Copyright 1998 - 2008 Mizzima News. All Rights Reserved