သတင်း ပြည်တွင်းသတင်း ကေအိုင်အိုက ဆန္ဒခံယူပွဲကို သပိတ်မှောက်ဖွယ်ရှိ
ကေအိုင်အိုက ဆန္ဒခံယူပွဲကို သပိတ်မှောက်ဖွယ်ရှိ Print E-mail
ဆော်လမွန်   
အင်္ဂါနေ့၊ မတ်လ 25 2008 17:21 - မြန်မာစံတော်ချိန်

နယူးဒေလီ။    ။ တိုင်းရင်းသား ငြိမ်းချမ်းရေးအဖွဲ့တခု ဖြစ်သော ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) က မိမိတို့၏ အဖွဲ့ဝင်များအား လာမည့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို သပိတ်မှောက်ကြရန် ညွန်ကြားထားသည်ဟု အဖွဲ့၏ သတင်းရပ်ကွက်က ပြောကြားလိုက်သည်။

ကေအိုင်အို အဖွဲ့တွင်းရှိ သတင်းရပ်ကွက်က ပြောကြားရာတွင် အဖွဲ့တွင်း အစည်းအဝေးမှ မေလတွင် ကျင်းပမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲတွင် ပါဝင်ဆင်နွှဲခြင်း မပြုရန် ဆုံးဖြတ်ခဲ့ပြီးနောက် မိမိတို့အဖွဲ့ဝင်များကို ဆန္ဒခံယူပွဲတွင် မဲမပေးဘဲ နေရန် အကြောင်းကြားထားသည်ဟု ဆိုသည်။ ကေအိုင်အိုသည် မိမိတို့အဖွဲ့ဝင်များ မှတ်ပုံတင်ရန်နှင့် မြန်မာနိုင်ငံသား သက်သေခံကဒ်ပြားများ ထုတ်ယူရန် စစ်အစိုးရ အာဏာပိုင်များနှင့် သဘောတူထားခဲ့ပြီးကာမှ ဤဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

မေလတွင် ဆန္ဒခံယူပွဲ ကျင်းပရန်နှင့် ၂ဝ၁ဝ ခုနှစ်တွင် ရွေးကောက်ပွဲများ ကျင်းပရန် ပြင်ဆင်မှုများ ပြုလုပ်နေသည့် မြန်မာ စစ်အစိုးရသည် ကေအိုင်အိုနှင့် 'ဝ' ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) အပါအဝင် လက်နက်ကိုင် ငြိမ်းချမ်းရေးတပ်ဖွဲ့များအား မှတ်ပုံတင် ကဒ်ပြားများ စတင် ထုတ်ပေးနေပြီဟု သိရသည်။

အဖြူရောင်ကဒ်ဟု လူသိများသော အဆိုပါ သက်သေခံကဒ်ပြား ကိုင်ဆောင်ထားသူများသည် ဆန္ဒခံယူပွဲနှင့် ရွေးကောက်ပွဲ ၂ ရပ်စလုံးတွင် ပါဝင် မဲထည့်နိုင်သည်ဟု အဆိုပါ သတင်းရပ်ကွက်ကပင် ပြောကြားသည်။

တရုတ် မြန်မာနယ်စပ် လိုင်ဇာတွင် ဌာနချုပ် ပြုလုပ်ထားသော ကေအိုင်အို ခေါင်းဆောင်များကို အဆိုပါ သတင်းနှင့် ပတ်သက်၍ ထင်မြင်ချက် တောင်းခံရန် ဆက်သွယ်ရာ၌ မရရှိပါ။ အဖွဲ့ နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဂျိမ်းစ်လွမ်းဒေါင် James Lumdau ကလည်း အဖွဲ့၏ ဆုံးဖြတ်ချက်နှင့် စပ်လျဉ်း၍ တစုံတရာ ထင်မြင်ချက်ပေးရန် ငြင်းဆိုသည်။

“ကျနော့် တဦးချင်း အမြင်အရနဲ့ အတွေ့အကြုံအရတော့ အထဲနဲ့ အပြင်က ဘယ်လောက်ပဲ ကန့်ကွက် ကန့်ကွက် စစ်အစိုးရက မေလ ဆန္ဒခံယူပွဲနဲ့ ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲကို သူတို့ အစီအစဉ်အတိုင်း ဆက်လုပ်မှာပဲ” ဟု သူ့အမြင်ကိုမူ မှတ်ချက်ချ ပြောကြားသွားသည်။

ထို့ပြင် သူက ကချင်လူထုကို ဆန္ဒခံယူပွဲတွင် မဲပေးမလား၊ မဲမပေးဘဲ နေမလား ဆိုသည်ကို သေချာစဉ်းစား ရွေးချယ်ကြရန်၊ မိမိတို့ ဆောင်ရွက်ချက်များ၏ နောက်ဆက်တွဲ အကျိုးဆက်များကိုလည်း သေချာစွာ စဉ်းစား သုံးသပ်ကြရန် တိုက်တွန်း ပြောကြားသည်။

လူထုအနေနှင့် မဲသွားထည့်သင့်ကြောင်း၊ မဲမထည့်ဘဲနေလျှင် မည်သည့်ရလဒ်မှ ရနိုင်မည် မဟုတ်ဘဲ၊ မဲသွားထည့်ခြင်း အားဖြင့်သာလျှင် ရလဒ်တစုံတရာ ထွက်ပေါ်လာနိုင်ဖွယ်ရှိကြောင်းလည်း Lumdau က မဇ္ဈိမကို ပြောသည်။

သို့သော် သူက လူထုအနေဖြင့် ထောက်ခံမဲ ထည့်သင့်သည်၊ ကန့်ကွက်မဲ ထည့်သင့်သည် ဆိုသည်ကို အကြံပေး ပြောကြားရန်ကိုမူ ငြင်းဆိုသည်။

ဤသို့ Lumdau က ကေအိုင်အို၏ ဆုံးဖြတ်ချက်နှင့် စပ်လျဉ်း၍ ဝေဖန် ပြောကြားခြင်း မပြုလုပ်ခဲ့သော်လည်း ထိုင်း အခြေစိုက် ကချင် သတင်းအုပ်စု (Kachin News Group) ၏ အယ်ဒီတာ နော်ဒင်းကမူ လာမည့် ဆန္ဒခံယူပွဲတွင် ပါဝင်ခြင်း မပြုရန် ကေအိုင်အို အရာရှိများက ဆုံးဖြတ်ထားသည်ဟု သိရှိရကြောင်း ပြောသည်။

“ဟုတ်ကဲ့ ဒီအတိုင်း မှန်ပါတယ်။ ကျနော် ကေအိုင်အိုအဖွဲ့ ဒုဥက္ကဋ္ဌ ဂေါ်ရီ ဇော်ဆိုင်းနဲ့ စကားပြောခဲ့ရပါတယ်။ သူက သူတို့တွေ လာမယ့် ဆန္ဒခံယူပွဲမှာ မပါဝင်ဘဲ နေမယ်လို့ ကျနော့်ကို ပြောပါတယ်” ဟု သူက ပြောပြသည်။

သို့သော် ကေအိုင်အို အဖွဲ့ဝင်များအနေနှင့် အဖွဲ့နှင့် ဆန့်ကျင်ပြီး တဦးချင်းအနေဖြင့် ဆန္ဒခံယူပွဲတွင် ပါဝင်နိုင်ဖွယ် ရှိသည် ဆိုခြင်းကိုမူ နော်ဒင်းက ငြင်းဆိုခြင်း မပြုပါ။

ဤဆုံးဖြတ်ချက်နှင့် စပ်လျဉ်း၍ ကေအိုင်အိုအနေနှင့် လူသိရှင်ကြား သတင်းကြေညာချက်များ ထုတ်ပြန်ခြင်း မလုပ်ကြောင်းနှင့် သူ့အဖွဲ့ဝင်များကို မှတ်ပုံတင်များ လုပ်ရန်နှင့် သက်သေခံကဒ်ပြားများ ရယူထားရန်သာ အမိန့်ထုတ်ထားခဲ့သည်ဟု နော်ဒင်းက ဆိုသည်။

လွတ်လပ်ရေးအတွက် နှစ်ပေါင်း ၄ဝ ကျော် တိုက်ပွဲဝင်ခဲ့သည့် လက်နက်ကိုင် တိုင်းရင်းသားအုပ်စု တခုဖြစ်သည့် ကေအိုင်အိုသည် အကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များထဲမှ တခုဖြစ်ပြီး စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ရယူထားသည့် ငြိမ်းချမ်းရေးအဖွဲ့ ၁၇ ဖွဲ့ထဲတွင် ပါဝင်ကာ စစ်အစိုးရက ၁၄ နှစ်ကြာ ကျင်းပခဲ့သည့် အမျိုးသားညီလာခံကို တက်ရောက်ခဲ့သည့် အဖွဲ့လည်း ဖြစ်သည်။

စစ်အစိုးရ၏ အဆင့် ၇ ဆင့်ပါ လမ်းပြမြေပုံတွင် အမျိုးသားညီလာခံသည် ပထမအဆင့် ဖြစ်ပြီး ယင်းညီလာခံကို ဥရောပသမဂ္ဂနှင့် အမေရိကန် ပြည်ထောင်စု အပါအဝင် အနောက်နိုင်ငံများနှင့် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများက အတုအယောင် ညီလာခံသာ ဖြစ်သည်ဟု ပြောဆိုထားကြသည်။

အဆိုပါ ညီလာခံတွင် ကေအိုင်အိုက အခြားအုပ်စုများနှင့်အတူ မြန်မာနိုင်ငံ တိုင်းရင်းသား လူနည်းစုများ၏ အခွင့်အရေးအတွက် တောင်းဆိုမှုများ ပြုလုပ်ခဲ့သော်လည်း စစ်အစိုးရက ဂရုမစိုက်ခဲ့ပေ။

အမျိုးသားညီလာခံ အဆုံးသတ်ရန် တလခွဲအလို ၂ဝဝ၇ ခုနှစ် ဇူလိုင်လတွင် အချက် ၁၉ ချက်ပါ တောင်းဆိုချက်တရပ်ကို ကေအိုင်အိုအဖွဲ့က ထပ်မံ တင်ပြ တောင်းဆိုခဲ့သေးသည်။

ကေအိုင်အို၏ အဆိုပြုချက်တွင် ဗဟိုနှင့် ပြည်နယ်များအကြား အာဏာခွဲဝေမှု၌ ဖက်ဒရယ်မူများကို အခြေခံ၍ ခွဲခြား သတ်မှတ်ပါရန် တင်ပြခဲ့သော်လည်း စစ်အစိုးရက မသိကျိုးကျွံ ပြုခဲ့သည်။

 

သူတို့စကား

"ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရသည် နယ်နိမိတ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေများအတိုင်း ဆောင်ရွက်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မှားယွင်းစွာ တောင်းဆိုမှုကို လက်ခံနိုင်ခြင်း မရှိသဖြင့် ပယ်ချခဲ့ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆက်လက် ကာကွယ်စောင့်ရှောက်သည့် အနေဖြင့် AD-7 လုပ်ကွက်အတွင်း ဆောင်ရွက်ရန် ရှိသည်တို့ကို ပြီးဆုံးသည်အထိ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်"

နိုဝင်ဘာလ ၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ

© Copyright 1998 - 2008 Mizzima News. All Rights Reserved