|
ီ
နယူးဒေလီ။ ။ ‘စိန်စီသောည’ လက်ဝယ်ရှိမှုဖြင့် ထောင်ချခံခဲ့ရသူများအတွက် အထူး အယူခံတင်ထားသော်လည်း သက်ဆိုင်ရာက တုံ့ပြန်မှု မလုပ်သေးဟု အကျိုးဆောင်ရှေ့နေ အပြောအရ သိရသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သမီး သန္တာရွှေ၏ မင်္ဂလာဆောင် မှတ်တမ်းတင်ခွေကြောင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရပြီး လက်ရှိအချိန်တွင် ကလေးမြို့ အကျဉ်းထောင်တွင် ရှိနေသူ ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ်နေ ကိုတင်ဌေးနှင့် ကိုသန်းထွန်းတို့အား ပြစ်မှု ပြင်ဆင်ချက် ၅၉ဝ (ခ) အရ အယူခံ ထပ်ဝင်မှုများကို မတ်လ ၆ ရက်နေ့နှင့် မတ်လ ၁၈ ရက်နေ့များတွင် ပြုလုပ်ခဲ့သည်။
“အခုတင်တာက နောက်ဆုံးအကြိမ်ပေါ့ဗျာ။ ကျနော်တို့လည်း ကြိုးစားနေတယ် ခင်ဗျ။ အခု နောက်ဆုံး တင်ထားတဲ့ အထူးအယူခံက နေပြည်တော် ရုံးးချုပ်ကနေ ဆုံးဖြတ်ပေးမှာပါ။ ပြစ်မှုဆိုင်ရာ အထွေထွေ လျှောက်ထားလွှာနဲ့ တက်တယ်။ ဒီအယူခံကို လက်ခံတယ်ဆိုလို့ ရှိရင် နေပြည်တော် ရုံးချုပ်ကနေပြီး ဆုံးဖြတ်ပေးမှာ ဖြစ်တယ်။ တရားသူကြီး ၃ ဦးထိုင်မယ့် နေပြည်တော် တရားရုံးချုပ်ကတော့ အမြင့်ဆုံးပေါ့” ဟု ယင်းအမှုအား ဆောင်ရွက်ပေးနေသည့် အကျိုးတော်ဆောင် ရှေ့နေတဦးဖြစ်သူ ဦးခင်မောင်ရှိန်က မဇ္ဈိမကို ပြောသည်။
၂ဝဝ၇ ခုနှစ် မတ်လကုန်တွင် ညောင်တုန်းတရားရုံးမှ ကိုတင်ဌေးအား ပြည်သူလူထုကို အထိတ်တလန့် ဖြစ်စေရန် ပြုလုပ်မှု ပုဒ်မ ၅ဝ၅ (ခ)၊ ကိုသန်းထွန်းအား ပုဒ်မ ၅ဝ၅ (ခ) နှင့် ဗွီဒီယို အက်ဥပဒေ အရ ၃၂ (ခ)၊၃၆ ဖြင့်၊ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် အသီးသီး ချမှတ်ခဲ့သည်။ တရားခံများက မအူပင် တရားရုံး၊ ပုသိမ်တရားရုံး နှင့် ရန်ကုန်တိုင်း တရားရုံးတို့တွင် အယူခံဝင်ခဲ့ရာ ပယ်ချခံခဲ့ရသည်။
လေဖြတ်ရောဂါ ခံစားခဲ့ဖူးသည့် ကိုသန်းထွန်း၏ နေအိမ်အတွင်း ရဲက ရှာဖွေရာ စိန်များ လည်ပင်းညွတ်မတတ် ဝတ်ဆင်ခဲ့သည့် သန္တာရွှေနှင့် ဗိုလ်မှူး ဇော်ဖြိုးဝင်းတို့၏ လက်ဖွဲ့တန်ဖိုးပါဆိုလျှင် အမေရိကန် ဒေါ်လာသန်းပေါင်း ၅ဝ ခန့် တန်ခဲ့သည့် မင်္ဂလာဆောင် မှတ်တမ်းတင်ခွေ သိမ်းဆီးရမိခဲ့ပြီး နှစ်ယောက်လုံး ရှေ့ဆင့် နောက်ဆင့် ဖမ်းဆီးခံခဲ့ရသည်။
“ကိုတင်ဌေးဆီမှာ စိန်စီသောည ဗွီဒီယိုခွေနဲ့ ပတ်သက်ပြီးတော့ သူ့မှာ လုံးဝ သက်သေ မတွေ့ဘူး။ အောက်ရုံးမှာ ကတည်းက ကျနော်တို့ အဓိက ပြောလာခဲ့တာက ကိုသန်းထွန်းရဲ့ ရဲစခန်းမှာ ထွက်ဆိုချက်နဲ့ ကိုတင်ဌေးကို ခေါ်တာဖြစ်တယ်။ အဲလို ခေါ်ပေမယ့် ကိုတင်ဌေးဆီက သက်သေခံပစ္စည်း ဘာမှ မရလိုက်ဘူး။ ဒါကို တလျှောက်လုံး ပြောလာခဲ့တာ ကျနော်တို့။ ဒါတွေကို ကျနော်တို့ ခိုင်ခိုင်မာမာ ပြောနိုင်တယ်” ဟု ဦးခင်မောင်ရှိန်က ပြောသည်။
ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများကောင်စီ (BLC-Burma Lawyer Council) မှ ဦးတင်ဌေး၏ အမှုမှာ သက်သေခံ မရှိသည့်အတွက် ဥပဒေကြောင်းလမ်းအရ အပြစ်မရှိဟု ပြောသည်။
BLC-Burma Lawyer Council မှ ဥပဒေရေးရာ သုံးသပ်ရေးအဖွဲ့၏ တာဝန်ခံဖြစ်သူ ဦးမျိုးက “အခုလိုမျိုး လုပ်တာတွေက မြန်မာနိုင်ငံမှာ အများကြီးပဲဗျ။ အပြစ်မရှိဘဲနဲ့ ပြစ်ဒဏ် ချခံထားရတယ်။ နှစ်ရှည် ထောင်ဒဏ်တွေ ပေးတယ်။ တရားဥပဒေအရ အလုပ်လုပ်တာ မဟုတ်ဘူး ခင်ဗျ။ အဲဒါမျိုးတွေကို ကျနော်တို့ ဆက်ပြီး ဖော်ထုတ်သွားမယ်” ဟု သူက ပြောသည်။
|