သတင်း ပြည်တွင်းသတင်း မြန်မာရဲများ ရမ်ဘိုကို ပိုက်စိတ်တိုက် ရှာနေ
မြန်မာရဲများ ရမ်ဘိုကို ပိုက်စိတ်တိုက် ရှာနေ Print E-mail
မဇ္ဈိမသတင်းဌာန   
အင်္ဂါနေ့၊ မတ်လ 25 2008 01:29 - မြန်မာစံတော်ချိန်

ရန်ကုန်။ ။ နိုင်ငံတဝှမ်း ဗီဒီယိုခွေ အငှားဆိုင်များကို ရှောင်တခင် စစ်ဆေးပြီး ဟောလိဝုဒ် မင်းသားကြီး ရမ်ဘို ဇာတ်ကားကို လိုက်လံ ရှာဖွေနေရသော မြန်မာရဲများ အလုပ်များနေကြသည်။

မြန်မာစစ်တပ်နှင့် ရမ်ဘို ဦးဆောင်သော လက်နက်ကိုင်တစု တိုက်ခိုက်မှု ပါဝင်သော ရမ်ဘို ၄ ရုပ်ရှင်ကားကို စစ်အစိုးရက ဖြန့်ဝေခွင့်မပြုဘဲ ပိတ်ထားသော်လည်း လူအများ လက်သိပ်ထိုး ငှားရမ်း ကြည့်ရှုနေ၍ နယ်မြို့များအထိ ရဲများ ရှာဖွေမှုများ လုပ်နေရခြင်း ဖြစ်သည်။

"သူတို့က သတင်း ရထားပြီဆိုရင် မထင်ရင် မထင်သလို ပေါက်ချလာပြီး လာရှာဖွေကြတာပဲ။ အဓိကတော့ ရမ်ဘို ၄၊ စက်တင်ဘာဆန္ဒပြပွဲခွေလို နိုင်ငံရေးနဲ့ဆိုင်တဲ့ ခွေတွေ၊ ညစ်ညမ်းခွေတွေပေါ့" ဟု ပဲခူးမြို့မှ VCD ခွေဆိုင် ပိုင်ရှင်တဦးက ပြောသည်။

rambo-4.jpg

ရမ်ဘို ဗီစီဒီ ငှားရမ်းခြင်း မပြုရန် ပြီးခဲ့သည့် ၂ ပတ်ခန့်က ပဲခူးမြို့တွင် ရုပ်ရှင် အစည်းအရုံးအပါအဝင် သက်ဆိုင်ရာကလည်း သတိပေး တားမြစ်မှုသည် အငှားဆိုင်များသို့ ညွှန်ကြားခဲ့သည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်ရှိ အခွေငှားဆိုင်များကိုလည်း ဒေသ အာဏာပိုင်များက မကြာခဏ ရမ်ဘိုခွေရှာမှု ပြုလုပ်လေ့ရှိသည်။

"ဆိုင်တွေကို ရဲတွေလာစစ်တာ ၃ ပတ်လောက်တော့ ရှိသွားပြီတဲ့။ ခဏခဏ လာစစ်တယ်။ အဖမ်းခံရတယ် ဆိုတာတော့ မကြားမိသေးဘူး" ဟု မြစ်ကြီးနား ဒေသခံတဦးက ပြောသည်။

"ဒီမှာက တော်တော်များများ ကြည့်ပြီးသွားကြပြီ။ ခွေကိုတော့ ဆိုင်လေးတွေကနေ ခိုးဝယ်ရတယ်။ ကော်ပီခွေပဲ ဝယ်ပြီး ကြည့်ပြီးတာနဲ့ ပစ်လိုက်ကြရတယ်" ဟု ကျောင်းသူတဦးက ပြောသည်။

မြန်မာပြည်အလယ်ပိုင်း မန္တလေးမြို့တွင် ပြီးခဲ့သည့် ၃ ပတ်က ရှာဖွေစစ်ဆေးမှုများ တင်းကျပ်စွာ လုပ်ဆောင်လာခဲ့သဖြင့် ရမ်ဘိုကား ပြန့်နှံ့မှု နည်းသွားခဲ့သည်။

ရမ်ဘို ၄ ကို ထိုင်း-မြန်မာနယ်စပ်တွင် ရိုက်ကူးထားပြီး မင်းသား ဆယ်လ်ဗဲစ်စတာ စတားလုံးက ဘန်ကောက်တွင် နေထိုင်သော အငြိမ်းစား စစ်ပြန်ကြီးအဖြစ် ပါဝင် သရုပ်ဆောင်ထားပြီး နအဖ စစ်သားများက ဖမ်းဆီး ခေါ်ဆောင်သွားသော ခရစ်ယာန်မစ်ရှင်အဖွဲ့ကို လိုက်လံကယ်တင်ပုံ ဇာတ်လမ်း ဖြစ်သည်။ ရုပ်ရှင်ရုံများတွင် ပြသခြင်း မပြုရန်လည်း တားမြစ်ထားပေမယ့် အင်တာနက်မှ ဒေါင်းလုပ်လုပ်ကာ လက်ဆင့်ကမ်း ဖြန့်ဝေကြသည်။

အဆိုပါ မစ်ရှင်အဖွဲ့သည် တိုင်းရင်းသား ကရင်ကျေးရွာသားများအား ထောက်ပံ့ရေး ပစ္စည်းများ ပေးအပ် ကူညီနေစဉ် အဖမ်းခံရ၍ စစ်ပြန်ကြီး ဝင်ရောက် ကယ်တင်ထားသည်။

ရမ်ဘိုအပြင် အခြားသော နိုင်ငံရေးနှင့် သက်ဆိုင်သည်ဟု အာဏာပိုင်သော အခွေများလည်း ပစ်မှတ်ဖြစ်နေသည်။ သို့သော် သီးလေးသီးအငြိမ့်၊ စက်တင်ဘာမှတ်တမ်း အစရှိသည့် အာဏာပိုင်များ မနှစ်သက်သည့် ခွေများကို လက်သိပ်ထိုး ရောင်းနေကြဆဲ ဖြစ်သည်။

ရန်ကုန်မြို့ပေါ်တွင်လည်း ရမ်ဘို ၄ VCD ပျံ့နှံ့မှု အားကောင်းခဲ့ရာ ထိုဇတ်လမ်း ကြည့်ရှူခဲ့သည့် လှိုင်မြို့နယ်မှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင် လူငယ် ကိုသန့်ဇင်နှင့် ကိုထွန်းထွန်းတို့ကို အာဏာပိုင်များက မတ်လဆန်းက ဖမ်းဆီးခဲ့သည်။

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့တွင် ကိုတင်ဌေးနှင့် ကိုသန်းထွန်းတို့ကို ဗိုလ်ချုပ်မှုးကြီး သန်းရွှေ၏ သမီး သန္တာရွှေ၏ မင်္ဂလာဆောင် ဗီဒီယိုခွေများ လက်ဝယ်တွေ့မှုဖြင့် ယမန်နှစ် စက်တင်ဘာလက ဖမ်းဆီးခဲ့သည်။

 

သူတို့စကား

"ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရသည် နယ်နိမိတ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေများအတိုင်း ဆောင်ရွက်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မှားယွင်းစွာ တောင်းဆိုမှုကို လက်ခံနိုင်ခြင်း မရှိသဖြင့် ပယ်ချခဲ့ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆက်လက် ကာကွယ်စောင့်ရှောက်သည့် အနေဖြင့် AD-7 လုပ်ကွက်အတွင်း ဆောင်ရွက်ရန် ရှိသည်တို့ကို ပြီးဆုံးသည်အထိ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်"

နိုဝင်ဘာလ ၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ

© Copyright 1998 - 2008 Mizzima News. All Rights Reserved