သတင်း ပြည်တွင်းသတင်း တောင်ကုတ်အဖွဲ့ချုပ်က ဆန္ဒခံယူပွဲကို လက်မခံ
တောင်ကုတ်အဖွဲ့ချုပ်က ဆန္ဒခံယူပွဲကို လက်မခံ Print E-mail
သန်းထိုက်ဦး   
တနင်္လာနေ့၊ မတ်လ 24 2008 23:54 - မြန်မာစံတော်ချိန်

ချင်းမိုင်။    ။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေမူကြမ်းကို အတည်ပြုမည့် ပြည်လုံးကျွတ် ပြည်သူ့ ဆန္ဒခံယူပွဲကို တောင်ကုတ်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လုံးဝ လက်မခံနိုင်ကြောင်း ယနေ့ ပြောဆိုလိုက်သည်။

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က မူဝါဒ လမ်းစဉ်နှင့် တာဝန်အစားထိုး ခန့်အပ်မှုများ ဆွေးနွေးသည့် ယခုလ ၂၂ ရက်နေ့က မြို့နယ်အဆင့် အစည်းအဝေးတရပ်တွင် နအဖ အခြေခံ ဥပဒေမူကြမ်းကို အတည်ပြုမည့် မေလ ပြည်သူ့ ဆန္ဒခံယူပွဲကို လက်မခံကြောင်း ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

"သမ္မတ လုပ်မယ့် လူက စစ်ရေးအမြင် ရှိရမယ်၊ စစ်ရေး အတွေ့အကြုံ ရှိရမယ်၊ တပ်ကလည်းပဲ ၂၅ ရာခိုင်နှုန်း ရှိရမယ်၊ အချိန်မရွေး အာဏာသိမ်းပိုင်ခွင့် ရှိတယ် ဆိုတာက ကျနော်တို့ လက်မခံနိုင်တဲ့ အခြေအနေတွေမှာ ရှိပါတယ်။ ဒါတွေက အမြဲတမ်းပဲ ပြည်သူတွေမှာ ဖိနှိပ် ချုပ်ချယ်ဖို့ လုပ်ထားတာ။ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံမူ မှန်သမျှကို လက်မခံနိုင်တဲ့ အခြေအနေမှာ ရှိတဲ့အတွက် လာမယ့် မေလမှာ လုပ်မယ်ဆိုရင် အတိအလင်း လက်မခံနိုင်ဘူး" ဟု မြို့နယ်အဖွဲ့ချုပ် ယာယီအတွင်းရေးမှူး ဦးတင်သိန်းအောင် က မဇ္ဈိမကို ပြောသည်။

အစည်းအဝေးကို တောင်ကုတ်မြို့နယ် အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်ခိုင်၏ နေအိမ်တွင် ကျင်းပခဲ့သည်။

"အထိန်းသိမ်းခံ ထားရတဲ့ ဦးခင်လှရယ်၊ ဦးမင်းအောင်ရယ်၊ နောက် အဝေးတနေရာကို ရောက်နေတဲ့ ဦးသန်းဖေရယ်၊ နောက် ဘဏ္ဍာရေးမှူး ဦးအောင်စောထွန်းရယ် ပျက်ကွက်ပါတယ်။ ကျန်တဲ့ ၁၁ ယောက်ကတော့ တက်ပါတယ်" ဟု မြို့နယ်စည်းရုံးရေး အဖွဲ့ဝင်တဦးက ပြောသည်။

၂ဝဝ၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး ဖြစ်ပွားပြီး နောက်ပိုင်း မြို့နယ်အဖွဲ့ချုပ်မှ အထိန်းသိမ်းခံလိုက်ရသည့် ဦးခင်လှနှင့် ဦးမင်းအောင်တို့၏ နေရာတွင် ဦးတင်သိန်းအောင် က အတွင်းရေးမှူး၊ အဖွဲ့ချုပ်ဝင်တဦး ဖြစ်သူ ဦးထွန်းကြည် က တွဲဖက် အထွေထွေ အတွင်းရေးမှူးအဖြစ် အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ယာယီ ခန့်အပ်ခဲ့ကြသည်။

 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved