ဗုဒ္ဓဟူး, ၂၃ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > သမ္မတအကြံပေး ဒေါက်တာဦးမြင့် NDF တွင် ဟောပြော

သမ္မတအကြံပေး ဒေါက်တာဦးမြင့် NDF တွင် ဟောပြော

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင်(မဇ္ဈိမ) ။        ။ သမ္မတ ဦးသိန်းစိန်၏ စီးပွားရေး အကြံပေး ပုဂ္ဂိုလ် ဒေါက်တာဦးမြင့်က အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီ၏ သင်တန်းတခုတွင် စီးပွားရေးနှင့် လာဘ်စားမှုအကြောင်းနှင့် ပတ်သက်ပြီး ဗုဒ္ဓဟူးနေ့တွင်
ဟောပြောသွားခဲ့သည်ဟု ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောသည်။
 
“အကျင့်ပျက် ခြစားမှုနဲ့ ပတ်သက်တဲ့ အကြောင်းကို စီးပွားရေး နောက်ခံအနေနဲ့ ပြောသွားပါတယ်။ ခေါင်းစဉ်က လူမှု အဖွဲ့အစည်းထဲမှာ အကျင့်ပျက် ခြစားမှု တချို့ဟာ တိုက်ဖျက်လို့ မရနိုင်ဘူး။ တချို့ဟာတွေ တိုက်ဖျက်လို့ ရတယ်
ဆိုတဲ့ အဆိုးမြင် အကောင်းမြင်တွေ ပါသလို၊ အကျင့်ပျက် ခြစားမှုကို ဘယ်လိုလုပ်သွားရင် ကောင်းမလဲဆိုတဲ့ အကြံပေးချက်နဲ့ နိဂုံးချုပ်သွားပါတယ်” ဟု  ဦးခင်မောင်ဆွေက ပြောသည်။



ECP_umyint
NDF က သြဂုတ် ၁ ရက်နေ့မှ ၅ ရက်နေ့အထိ နိုင်ငံရေး၊ စီးပွားရေး၊ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ၊ လူမှုဆက်ဆံရေးနှင့် ပြည်သူ့ ဆက်ဆံရေး ပညာရပ်များကို ရန်ကုန်မြို့ တာမွေမြို့နယ်ပါတီရုံးတွင် သင်တန်းပို့ချလျက် ရှိသည်။
 
ရန်ကုန်တိုင်းဒေသကြီးမှ တမြို့နယ်လျှင် ၂ ဦး ကျစီ ပါတီလူငယ်များနှင့် တသီးပုဂ္ဂလိက အမတ်များ အပါအဝင် စုစုပေါင်း ၄ဝ ဦးခန့် တက်ရောက် သင်ကြားလျက် ရှိသည်။
 
သင်တန်းတက်ရောက်သူ လွှတ်တော် အမတ်တဦးကတော့ ဒေါက်တာဦးမြင့် ဟောပြောပြီးနောက် အပြန်အလှန်
မေးမြန်း ဆွေးနွေးပြီး နောက်ဆုံးတွင် တိုင်းပြည် စီးပွားတိုးတက်ဖွံ့ဖြိုးလိုလျှင် ခြစားမှု တိုက်ဖျက်ရေးကို ခေတ္တ ဆိုင်းငံ့ထားရမည် ဆိုခြင်း အပေါ် လက်မခံနိုင်ဟု ဆိုသည်။

 “သူပြောသွားတာက စီးပွားရေးဖွံ့ဖြိုးဖို့ အဓိက ထားမယ်ဆိုရင် ခြစားမှု တိုက်ဖျက်ရေးကို ခဏထားရမဲ့ သဘော
ပေါ့နော်။ ဒီနှစ်ခုက Conflict ဖြစ်တဲ့ သဘောမျိုးပေါ့။ တခုကိုလုပ်ရင် တခုကို ထားရမယ်ဆိုတဲ့ သဘောမျိုး သက်ရောက်နေတယ်။ ကျနော်က အဲဒီလိုမျိုးပဲ နားလည်လိုက်တယ်၊ နှစ်ခုစလုံး မကြိုက်ဘူး” ဟု သူက မဇ္စျိမကို ပြောသည်။

သင်တန်း ပထမနေ့တွင် ပါတီဥက္ကဌ ဒေါက်တာ သန်းငြိမ်းက နိုင်ငံရေးမူဝါဒ အယူအဆများကို ပို့ချခဲ့ပြီး ဦးခင်မောင်ဆွေက နိုင်ငံတကာ ဆက်ဆံရေးနှင့် ပတ်သက်၍ ပို့ချခဲ့သည်။

ဒုတိယမြောက်နေ့မှာ ပါတီ၏ မူဝါဒရေးရာ ကော်မတီဝင် ဦးစိန်လှဦးက သတင်းစာ ပညာရပ်များကို သင်ကြားခဲ့ပြီး ဒုတွဲဘက်အတွင်းရေးမှူး ဦးမျိုးဇော်အောင်နှင့် အဖွဲ့ဝင် ဒေါက်တာ အောင်သူဟိန်းတို့က လူမှုဆက်ဆံရေးနှင့်
ပြည်သူ့ ဆက်ဆံရေးနှင့် ပတ်သက်သည့် အကြောင်းများကို ဟောပြော ပို့ချခဲ့သည်ဟု သိရသည်။

ပါတီဝင်များကို နိုင်ငံရေး ဗဟုသုတ မြင့်တင်ပေးရေးအတွက် သင်တန်းများ ပေးနေခြင်းဖြစ်ပြီး စက်တင်ဘာလမှာ မန္တလေးတိုင်းတွင်လည်း အလားတူ သင်တန်းကို ဆက်လက် ဖွင့်လစ်သွားမည် ဖြစ်ကြောင်း သိရသည်။   
 
မနက်ဖြန်တွင် လူ့အခွင့်အရေးဆိုင်ရာ ပညာရပ်နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာများကို ဆက်လက် သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။ 



 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 957 guests online