သတင်း ပြည်တွင်းသတင်း ကိုထင်ကျော်ကို ရုံးထုတ်ပြီ
ကိုထင်ကျော်ကို ရုံးထုတ်ပြီ Print E-mail
ဖနိဒါ   
သောကြာနေ့၊ မတ်လ 21 2008 18:24 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ အင်းစိန်ထောင်အတွင်း တတိယအကြိမ် တိုက်ပိတ်ခံနေရသော ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြသူ ကိုထင်ကျော်ကို အင်းစိန်ထောင်တွင်း ရုံးထုတ် စစ်ဆေးပြီ ဖြစ်သည်။ 

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး လိုလားသူများအဖွဲ့ဝင် ကိုထင်ကျော်ကို ထောင်တွင်း စည်းကမ်း ချိုးဖောက်သည်ဟု ဆိုကာ အင်းစိန်ထောင်အာဏာပိုင်များက စစ်ခွေးတိုက်တွင် တိုက်ပိတ်ထားခဲ့ရာမှ ယမန်နေ့က ထောင်တွင်း အထူးခုံရုံးတွင် စစ်ဆေးလိုက်ခြင်း ဖြစ်သည်။

"ဒီနေ့ ရုံးထုတ်ဖြစ်တယ်။ အပတ်တိုင်း ရုံးထုတ်မယ်၊ ထုတ်မယ် ဆိုပြီး မထုတ်ခဲ့ဘူး။ ဒီနေ့မှ ရုံးထုတ်တယ်။ နီးစပ်သူတွေက တိုက်ပိတ်တာကနေ ပြန်လွှတ်လိုက်ပြီလို့ ပြောပါတယ်။ ဘယ်နေ့ လွတ်လာတယ်ဆိုတာတော့ မသိရဘူး" ဟု ကိုထင်ကျော်၏ လုပ်ဖော် ကိုင်ဘက် ကိုသိန်းအောင်မြင့်က ပြောသည်။

အမှုအတွက် အကျိုးဆောင်ရှေ့နေ ဦးမောင်မောင်လတ်က ဆောင်ရွက်ပေးနေသလို၊ ယနေ့တွင် တရားလိုပြ သက်သေများကို စတင် စစ်ဆေးသည်။

ကိုထင်ကျော်သည် ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့သဖြင့် အင်းစိန်ထောင်တွင် ဖမ်းဆီးခံထားရသည့် သံဃာတော်များ၊ ကျောင်းသားနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ပထမဆုံး ထောင်တွင်း၌ ဆန္ဒပြခဲ့သလို၊ ထောင်အတွင်း နိုင်ငံရေး အကျဉ်းသားများ လမ်းလျှောက်ခွင့်ရရေးလည်း တောင်းဆို ဆန္ဒပြဖူးကာ တတိအကြိမ်တွင် "စစ်အာဏာရှင်စနစ် ကျဆုံးပါစေ" ဟု ကြွေးကြော် အော်ဟစ်သဖြင့် ၃ ကြိမ်မြောက်အဖြစ် စစ်ခွေးတိုက်တွင် တိုက်ပိတ်ခံထားရသည်မှာ ယနေ့ဆိုလျှင် ရက် ၂ဝ ကျော်ပြီ ဖြစ်သည်။

သူက ၂ဝဝ၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က ရန်ကုန် သိမ်ကြီးဈေးတွင် ဆန္ဒပြမှု၊ ၂ဝဝ၇ ခုနှစ် မတ်လ ၂၂ ရက်နေ့က လှည်းတန်း လမ်းဆုံ၌ ဘုန်းကြီးဝတ်ခွင့်အတွက် ဆန္ဒပြ တောင်းဆိုမှု၊ ၂ဝဝ၇ ခုနှစ် ဧပြီလ ၂၂ ရက်နေ့က သင်္ကန်းကျွန်း စံပြဈေးတွင် ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြမှုတို့ဖြင့် တမှုစီအတွက် အစိုးရ အကြည်ညိုပျက်စေမှု - ပုဒ်မ ၁၂၄ (က) များနှင့် ထပ်တိုး တရားစွဲဆိုခံထားရသည်။ 

"ကုန်ဈေးနှုန်း တက်လို့ တက်တယ် ပြောတယ်။ ပြည်သူတွေရဲ့ အခက်အခဲကို ရိုးရိုးသားသား ဆိုင်းဘုတ်ကိုင်ပြီး ဆန္ဒပြခဲ့တာပဲ။ လျှပ်စစ်မီး ၂၄ နာရီ ရရှိရေး အမှန်အတိုင်း ပြောတာ။ ဒါ အစိုးရကို အကြည်ညိုပျက်အောင် လုပ်တာမှ မဟုတ်တာ။ ကျနော်တို့က အချိန်ကုန်ခံပြီး ပြောနေစရာ မလိုဘူးလေ" ဟု ကိုသိန်းအောင်မြင့်က ပြောသည်။

ကိုထင်ကျော်သည် ထောင်တွင်း စည်းကမ်း ဖောက်ဖျက်မှုဖြင့် ပြီးခဲ့သည့်လကုန်ပိုင်းက ထောင်ဝင်စာ တလကျော် အပိတ်ခံခဲ့ရပြီး ယမန်နေ့က ပြန်လည် ခွင့်ပြုသော်လည်း မိသားစုနှင့် လူချင်းတွေ့ခွင့်မရဘဲ ပါဆယ်ပစ္စည်းသာ ပေးပို့နိုင်သည်။

"ကိုထင်ကျော်က ပြောတယ်။ သူရောက်ချင်တာက နေပြည်တော်ပါ။ ရောက်နေရတာက စစ်ခွေးတိုက်မှာ။ တွေ့ချင်တာက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ တွေ့ရတာက စစ်ခွေးတွေနဲ့ တွေ့နေရတယ်တဲ့" ဟု ကိုသိန်းအောင်မြင့်က ပြောသည်။

ကိုထင်ကျော်ကို လာမည့် ၂၈ ရက်နေ့တွင် ရုံးချိန်း ထပ်ပေးထားသည်။

 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved