သတင်း ပြည်တွင်းသတင်း ဝါရင့် သတင်းစာဆရာကြီး လူထုစိန်ဝင်း စာရေးခွင့် ပိတ်ပင်ခံရ
ဝါရင့် သတင်းစာဆရာကြီး လူထုစိန်ဝင်း စာရေးခွင့် ပိတ်ပင်ခံရ Print E-mail
နန်းဒေ၀ီ   
သောကြာနေ့၊ မတ်လ 21 2008 02:25 - မြန်မာစံတော်ချိန်

နယူးဒေလီ။    ။ စာပေနှင့် သတင်းစာလောကတွင် စာရေးဆရာနှင့် ဝါရင့် သတင်းစာဆရာကြီး လူထုစိန်ဝင်းအား အာဏာပိုင်များက စာပေ ရေးသားဖော်ပြခွင့် ပိတ်ပင်လိုက်ပြန်သည်။

မကြာသေးခင်က စစ်အစိုးရအား ဝေဖန်ပြောဆိုခဲ့သည့် အသံဖိုင်ကြောင့် ဆရာကြီး၏ ဆောင်းပါးများ ပေးပို့ထားသော အပတ်စဉ်ဂျာနယ်များ ဖြစ်သည့် အခွင့်အလမ်းဂျာနယ်နှင့် Weekly Eleven ဂျာနယ်တို့တွင် ဖော်ပြခွင့် ပိတ်ပင်ထားကြောင်း ဂျာနယ်နှင့် နီးစပ်သည့် စာပေ အသိုင်းဝိုင်းမှ ပြောသည်။

“ဖြစ်နိုင်ခြေ အများဆုံးပေါ့ဗျာ၊ အဲဒီ အသံဖိုင်ကြောင့်ဆိုတာ။ ဒီတခေါက် သူပေးထားတဲ့ ဆောင်းပါး ၂ ပုဒ်လုံးက မပါလာဘူး။ အခွင့်လမ်းဂျာနယ်၊ ဝိကလီး ဂျာနယ်တွေမှာ ပေးထားတာ။ ဒီတခေါက် မပါလာဘူး ပြောတယ်။ ဆရာကတော့ အဲဒါ မပါလာတာနဲ့ ပတ်သက်ပြီးတော့ ဘာမှမပြောပါဘူး” ဟု အမည်မဖော်လိုသူ မဂ္ဂဇင်း အယ်ဒီတာတဦးက မဇ္ဈိမကို ပြောသည်။

မတ်လဆန်းပိုင်းက လူထုစိန်ဝင်းမှ ဒီမိုကရေစီ တော်လှန်ရေး ရဲဘော်များထံ ပေးပို့သည့် ပေးစာတစောင်တွင် အာဏာရှင်များ လက်ထဲ ဆုပ်ကိုင်ထားသော အာဏာကို သဘောထားကြီးစွာ အလိုအလျောက် စွန့်လွတ်သွားသည့် အာဏာရှင်များ မရှိသလို ရာစုနှစ်တဝက်နီးပါး အုပ်ချုပ်လာခဲ့သည့် မြန်မာစစ်အာဏာရှင် စနစ်ဆိုးကြီးအား မြန်မာပြည်သူများ အမြစ်ပြတ် တွန်းလှန်ကြရန် တိုက်တွန်းခဲ့သည်။ 

ယခုလို စာရေးသားခွင့် ပိတ်ပင်ခံရသည့် အကြောင်းအရင်းကို စာပေစိစစ်ရေးမှ ဆရာကြီး လူထုစိန်ဝင်းထံ တစုံတရာ အကြောင်းကြားခြင်း မရှိကြောင်းနှင့် ခေတ္တ စာရေးသားခွင့် ပိတ်ပင်ခြင်းအပေါ် တုန်လှုပ်ခြင်း မရှိကြောင်းလည်း လူထုစိန်ဝင်းက စာပေအသိုင်းအဝိုင်းမှ မိတ်ဆွေများကို ပြောခဲ့သည်။ 

ထို့အပြင် အမှန်တရားအတွက် လုပ်ဆောင်ခဲ့သည့် လူထုစိန်ဝင်း၏ ပြောဆိုချက်ကို စာပေ၊ စာနယ်ဇင်းလောကမှ စာရေးသူများက ချီးကျူး အားပေးကြကြောင်း ဝါရင့် စာရေးဆရာတဦးက ယခုလို ပြောပြသည်။

“ဆရာက အမှန်တရားဘက်က နေတာပဲဗျာ။ ကျနော်တို့ စာပေအသိုင်းအဝိုင်း အားလုံးက သူ့ကို ကောင်းချီး သြဘာပေးကြတယ်။ ကျနော်တို့ကတော့ ကြိုဆိုတယ်။ သူပြောတာကို ကျနော်တို့ ထောက်ခံတယ်။ ဆရာကြီးက တည့်တည့် ပြောလိုက်တာပဲ” ဟု သူက ပြောသည်။

အလားတူပင် ၂ဝဝ၆ ခုနှစ် မေလတွင် လူထုစိန်ဝင်းမှ ပြည်ပထုတ် သတင်းစာ International Herald Tribune  တွင် 'မြန်မာပြည်သူများ ဒီမိုကရေစီကို ထပ်မစောင့်နိုင်တော့ပါ’ (The Burmese people Can't wait much longer) ခေါင်းစဉ်နှင့် ရေးသားခဲ့သဖြင့် တလနီးပါး စာရေးသားခွင့် ပိတ်ပင် ခံခဲ့ရဖူးသည်။

 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved