ဗုဒ္ဓဟူး, ၂၃ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > အမတ်သုံးဦးရှုံး RNDP ကော်မရှင်ကို ကန့်ကွက်

အမတ်သုံးဦးရှုံး RNDP ကော်မရှင်ကို ကန့်ကွက်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။       ။ ရွေးကောက်ပွဲ ကော်မရှင်က ရခိုင်ဒီမိုကရက်တစ်ပါတီ RNDP အမတ် ၃ ဦးမှာ မဲသမာမှု လုပ်သည်ဟု ဆုံးဖြတ်ပြီး၊ ပြိုင်ဘက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အမတ်များကို အနိုင်ပေးလိုက်ခြင်းအပေါ် တရားမျှတမှု မရှိကြောင်း ပါတီအထွေထွေ အတွင်းရေးမှူး ဦးလှစောက ကန့်ကွက် ပြောဆိုလိုက်သည်။
 
“ နိုင်တဲ့ ၃ ယောက်က အဖြုတ်ခံရတယ်ဆိုတာ ဒီမိုကရေစီလမ်းကြောင်းမှာ အင်မတန် စိတ်ပျက်ဖို့ ကောင်းတဲ့
ဟာပဲ။ ကျနော်တို့ တိုင်းရင်းသားပါတီဆိုတာ သူတို့ကို နိုင်ငံရေးအရ စိန်ခေါ်ပြီးတော့ တိုက်နေတဲ့ ပါတီလည်း မဟုတ်ဘူး။ ကျနော်တို့က local ပါတီပဲ။ တော်တော်ကို သဘောထားမကြီးဘူးဆိုတာ ပြတာပဲ။ ဒီလုပ်ရပ်က သံသယရှိစရာပါ၊ သဘောထားကြီးမှု မမြင်ရဘူး” ဟု ဦးလှစောက မဇ္ဈိမကို ပြောသည်။
 
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် မဲဆန္ဒနယ်မှ ဦးကျော်ထွန်းအောင် (အမျိုးသားလွှတ်တော်)၊ ဦးအောင်ကျော်ဇံ (ပြည်သူ့လွှတ်တော်) နှင့် ဦးမောင်ကျော်သိန်း (ပြည်နယ်လွှတ်တော်) တို့ကို ရွေးကောက်ပွဲ ကော်မရှင်က အရှုံးပေးလိုက်ရာ တမြို့လုံးရှိ RNDP အမတ်အားလုံး နေရာလက်လွတ်သွားရခြင်း ဖြစ်သည်။
 
“ရွေးကောက်ပွဲ တရားမျှတတယ်လို့လည်း ပြောတယ်။ မဲက သောင်းနဲ့ ချီပြီး နိုင်တာ။ ရှုံးတဲ့အပြင် လျော်ကြေး
ကလည်း ၁၅ သိန်း ပြစ်ဒဏ်ပေးရမယ်။ လုံးဝ မကျေနပ်ဘူး။ ဒါက တော်တော်ကို လုံးဝ တရားမျှတမှု မရှိဘူး။
ဒါက လုပ်ကြံမှုကြီး တခုလို့ မြင်တယ်” ဟု ဦးလှစောက ဆက်ပြောသည်။
 
ရှုံးနိမ့်သူ ကြံ့ဖွံ့ကိုယ်စားလှယ်ဘက်က ကော်မရှင်ခုံရုံးသို့ တိုင်တန်းခဲ့ရာတွင် မဲမသမာမှု အပါအဝင် ရွေးကောက်ပွဲ မဲဆွယ်ချိန် အစိုးရကို ပုတ်ခတ်ပြောဆိုခြင်း၊ ရခိုင်အမျိုးသားရေးဝါဒကို ပြင်းထန်စွာ ပြောဆိုခြင်း ဟူသည့် အချက်များ ပါဝင်သည်ဟု  ဦးလှစောက ပြောသည်။ 
 
သို့သော် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးစဉ်က ထိုသို့သာ ပြောဆိုမိပါက အထူးရဲသတင်းတပ်ဖွဲ့၊ ရဲ၊ မြို့နယ် မယက အာဏာပိုင်များက မှတ်တမ်းများ ယူထားမည်ဖြစ်သလို၊ ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲအနိုင်ရကြောင်း မကြေညာခင် ရွေကောက်ပွဲ ဥပဒေချိုးဖောက်သည်ဟူ၍ပင် အရေးယူခြင်း မရှိခဲ့ကြောင်း သူက စောဒကတက်သည်။
 
ရှုံးနိမ့်သူများအတွက် အယူခံဝင်ရန် တလရှိသဖြင့် ကော်မရှင်ခုံရုံးတွင် ဆက်လက်၍ အယူခံတက်ရေး မဆုံးဖြတ်နိုင်သေးပေ။ တရားရုံးသို့ ထိုသို့ပြင်ဆင်ခွင့် ပြန်တင်လိုပါက ငွေကျပ် ၁၀ သိန်း ပေးသွင်းရမည်ဖြစ်သည်။
 
RNDP က ၂ဝ၁ဝ ရွေးကောက်ပွဲတွင် အမတ်နေရာ ၃၅ ဦး အနိုင်ရခဲ့သော်လည်း ၃၂ ဦး အဖတ်တင်ကျန်ရစ်သည်။

ကြံ့ခိုင်ရေးပါတီအတွင်း အရေးပါသော ယခင်ပြည်ထဲရေးဝန်ကြီး ဦးမောင်ဦးကြောင့် ဖြစ်နိုင်ကြောင်း ဦးလှစောက သံသယရှိသည်။
 
“ဒီဟာမတိုင်ခင်မှာ အရင်တုန်းက ရခိုင်ပြည် ကြံ့ဖွံ့ ဦးမောင်ဦးက ရခိုင်ပြည်အနှံ့ ခရီးသွားတဲ့အခါ ဓားကျိန်းကျိန်းတာ။ ကြံ့ခိုင်ရေးက ရှုံးတော့ ဝန်ထမ်းတွေကို ခေါ်ပြီးတော့ ကြံ့ခိုင်ရေးရှုံးလို့ ရခိုင်ပါတီ ကျိန်းတယ်။ ရှုံးတဲ့ နယ်မြေတွေကို အမတော်ကြေးတွေ မပေးနဲ့ ဆိုတာမျိုးတွေပေါ့နော်။ ဒီလို ကျိန်းခဲ့တဲ့ နောက်ဆက်တွဲ ထွက်လာတယ်ဆိုတော့ ဒါက ကြိုတင်စီမံထားတဲ့ လုပ်ရပ်လားဆိုတာ စဉ်းစားစရာပဲ” ဟု သူက ဆိုသည်။


 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 957 guests online