|
ချင်းမိုင်။ ။ တလကြာမျှ ထုတ်ဝေခွင့် ရပ်ဆိုင်းခံထားရသော မြန်မာနေးရှင်း ဂျာနယ်ကို မူလ ထုတ်ဝေခွင့်ရပုဂ္ဂိုလ်မှ ဝင်ရောက် ဦးဆောင် ထုတ်ဝေသွားမည် ဖြစ်သဖြင့် စာပေစိစစ်ရေးက ယမန်နေ့တွင် ပြန်လည် ခွင့်ပြုလိုက်သည်။
ပြီးခဲ့သည့်လ ၁၈ ရက်နေ့တွင် နအဖ ပြန်ကြားရေးဝန်ကြီးဌာန လက်အောက် စာပေ စိစစ်ရေးက ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် ဂျာနယ်တခု ဖြစ်သည့် မြန်မာနေးရှင်း ဂျာနယ် ထုတ်ဝေခွင့်ကို ရပ်ဆိုင်းခဲ့ရာ မူလဂျာနယ် ထုတ်ဝေခွင့်ရ ကဒ်ပိုင်ရှင် ဦးမြတ်စိုး (လှိုင်) မှ ကဒ်ငှားရမ်းခြင်းမျိုး မဟုတ်တော့ဘဲ ကိုယ်တိုင် ကိုယ်ကျ ဝင်ရောက် လုပ်ကိုင်မည် ဖြစ်သဖြင့် ယမန်နေ့က ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။
"ထုတ်တဲ့အခါမှာ အခုကျတော့ မှုလပိုင်ရှင် ကနေပြီးတော့ ထုတ်ဝေတဲ့ သဘောပေါ့။ ဦးမြတ်စိုး (လှိုင်) ကလည်း ကဒ်ကို ငှားတာမျိုး မဟုတ်ဘဲနဲ့ ကိုယ်ကိုယ်တိုင် ထုတ်တဲ့ သဘောမျိုးဖြစ်အောင် ကိုယ်ကိုယ်တိုင်ကလည်း အယ်ဒီတာအဖွဲ့မှာ ပါတယ်။ တချို့မှာလည်း သူကိုယ်တိုင် ဦးစီးပြီးတော့ လုပ်တဲ့အပိုင်းမှာ ပါတယ်။ ဦးမြတ်စိုး (လှိုင်) ပဲ သီးသန့် ပြန်လုပ်တဲ့အပိုင်း၊ ကိုသက်ဇင်တို့ဘက်က ဘာမှ ဝင်မပါဘူး" ဟု ဂျာနယ်တိုက်နှင့် နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၅ ရက်တွင် အာဏာပိုင်များက ဂျာနယ်တိုက်အား ဝင်ရောက် ရှာဖွေရာတွင် မစ္စတာ ပီညဲရိုး၏ လူ့အခွင့်အရေး အစီရင်ခံစာ မြန်မာဘာသာပြန်၊ ရှမ်းအမျိုးသား ခေါင်းဆောင် ဦးရွှေအုံး ရေးသားထားသည့် 'မပြိုကွဲနိုင်သော ပြည်ထောင်စုကြီးကို တည်ဆောက်ကြပါစို့' ဟူသည့် စာအုပ် အပါအဝင် ရွှေဝါရောင် တော်လှန်ရေးအတွင်း သံဃာတော်များ ဆန္ဒပြနေသည့် မှတ်တမ်းတင် စီဒီချပ်ကို စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) က စစ်ဆေး တွေ့ရှိပြီးနောက် ဂျာနယ် ထုတ်ခွင့်ပိတ်ခဲ့ခြင်း ဖြစ်သည်။
အယ်ဒီတာချုပ် ဦးသက်ဇင်နှင့် ရုံးအုပ်ချုပ်ရေးမှူး ဦးစိန်ဝင်းမောင်တို့အား ပုံနှိပ် အက်ဥပဒေအရ တရားစွဲဆိုထားပြီး ယခုအခါ အင်းစိန် အကျဉ်းထောင်တွင် ဖမ်းဆီးထားသည်။
ဂျာနယ်တိုက်နှင့် နီးစပ်သူက "သူတို့ကို အခုလို ဖမ်းသွားတဲ့အခါမှာ နေးရှင်းကိုလည်း ထုတ်ဝေခွင့် ခဏရပ် ဆိုပြီးတော့ ခိုင်းတယ်။ ခိုင်းပြီးတော့ ထုတ်ဖို့ လုပ်ထားတဲ့ ဂျာနယ် ရိုက်ပြီးသားတွေတောင်မှ ဖြန့်လို့ မရတော့တာ။ မရတော့ သူတို့ သိန်း ၃ဝ လောက်တော့ ဆုံးရှုံးနစ်နာမှု ရှိသွားတယ်။ နောက်တပတ်နေတော့ ပြန်ထုတ်ဆိုတဲ့ အချိန်မှာ ကိုသက်ဇင် မိန်းမကလည်း ဘာမှ မလုပ်နိုင်သေးဘူး။ မလုပ်နိုင်သေးတဲ့အချိန်မှာ ဦးမြတ်စိုး (လှိုင်) က ယူပြီးတော့ တခြားလူနဲ့ ထုတ်သွားတာ" ဟု ဆက်ပြောသည်။
|