ချင်းမိုင် (မဇ္ဈိမ) ။ ။ ဖားကန့်မဲဆန္ဒနယ်တွင် မဲလိမ်ပြီး အနိုင်ရသူဟု စွပ်စွဲခံရသည့် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ အောက်လွှတ်တော် အမတ် ဦးအုန်းမြင့်က ဖားကန့်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ပေးမည်ဟု ကတိပေးသဖြင့် အမှုကို ပြန်လည် ရုပ်သိမ်းကြောင်း တရားလိုဖြစ်သူ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ NDF မှ ဒေါ်ဘောက်ဂျာက ပြောသည်။
အငြိမ်းစား ဗိုလ်ချုပ်ဟောင်း သမဝါယမဝန်ကြီး ဦးအုန်းမြင့်မှာ နိုဝင်ဘာရွေးကောက်ပွဲတွင် မဲလိမ်မှုရှိခဲ့သည်ဟု
ဒေါ်ဘောက်ဂျာက နေပြည်တော်ရှိ ရွေးကောက်ပွဲခုံရုံး၌ တိုင်တန်းခဲ့ရာ ဖေဖော်ဝါရီအတွင်းမှစ၍ တရားဆိုင်ခဲ့သည်။ နှစ်ဖက်သဘောတူ ကျေနပ်မှုရပြီးနောက် မေလ ၃ဝ ရက်နေ့တွင် စွဲဆိုချက်ကို ပြန်လည် ရုပ်သိမ်းခဲ့ခြင်း ဖြစ်သည်။
“
ကျမကတော့ တောင်သူတွေရဲ့ လိုအပ်ချက်တွေရယ်၊ ကျမတို့ ဒေသမှာ လိုအပ်နေတဲ့ ကျောင်းတွေ၊ လမ်းပန်း ဆက်သွယ်ရေးတွေကို အဓိက ပြောတာပေါ့။ အဲဒီတော့ သူလည်း တောင်သူတွေရဲ့ ဘဝကို ကိုယ်ချင်းစာ ပါတယ်တဲ့၊ အခြေခံ လူတန်းစားတွေရဲ့ ဘဝကို ကိုယ်ချင်းစာတယ်ပေါ့၊ ဒါတွေကို မြှင့်တင်ပေးဖို့ပါပဲတဲ့၊ ဒါတွေကို သူလုပ်ပေးပါမယ် ဆိုပြီးတော့ ကတိ ပေးပါတယ်။ ကျမကိုလည်း အခုက စပြီးတော့ လွတ်လွတ်လပ်လပ် လုပ်ပါဆိုပြီးတော့ ကတိပေးတဲ့အတွက် ကျမလည်း အခုလို ရုပ်သိမ်းတာပါ” ဟု ဒေါ်ဘောက်ဂျာက မဇ္ဈိမကို ပြောသည်။မြောက်ပိုင်းတိုင်း စစ်တိုင်းမှူးဟောင်း ဦးအုန်းမြင့်မှာ ပြည်ထောင်စု အစိုးရ သမဝါယမဝန်ကြီးအဖြစ် သမ္မတ ဦးသိန်းစိန်က
ရွေးချယ်လိုက်သည့်နောက် လွှတ်တော်အမတ် ရာထူးမှ နုတ်ထွက်လိုက်ရသဖြင့် သူ၏ နေရာမှာ လစ်ဟာနေသည်။
၂ဝ၁၁ အောက်တိုဘာ သို့မဟုတ် နောက်ပိုင်းတွင် ကျင်းပရန်ရှိသော ကြားဖြတ် ရွေးကောက်ပွဲတွင် ဦးအုန်းမြင့်၏ လစ်ဟာသွားသော ကချင်ပြည်နယ် ဖားကန့် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် နေရာအတွက် ဝင်ရောက် ယှဉ်ပြိုင်မည်ဟု ဒေါ်ဘောက်ဂျာက ပြောသည်။
အမှုကို မရုပ်သိမ်းလျှင် ကြားဖြတ် ရွေးကောက်ပွဲအတွက် သူဝင်ပြိုင်မည့် အစီအစဉ်မှာ အခက်အခဲ တွေ့မှာကို
ဒေါ်ဘောက်ဂျာကလည်း စိုးရိမ်နေသည်။
“ကျမ ဒီအတိုင်း နေနေလို့ရှိရင် အမှုက ဘယ်လောက် ကြာမယ်ဆိုတာ မပြောနိုင်ဘူးလေ။ ကျမကလည်း လာမယ့် ရွေးကောက်ပွဲကို ဆက်ဝင်ဖို့ဆိုတော့ အခုအချိန်ကနေ ဆက်ပြီးတော့ လုပ်သွားမှပဲ ဒီရွေးကောက်ပွဲကို ဝင်နိုင်မှာလေ။ မဟုတ်ရင် သူတို့က ဘယ်လောက်ကြာကြာ ဆွဲဆန့်ထားမယ်ဆိုတာ မပြောနိုင်ဘူး” ဟု သူက ဆိုသည်။
ကျောက်စိမ်းထွက်ရှိရာ ဖားကန့်မြို့တွင် အစိုးရ၏ လက်ရင်းလူယုံ လုပ်ငန်းရှင်တဦး ဖြစ်သော ဦးဌေးမြင့်ပိုင် ယုဇန ကုမ္ပဏီက ဥယျဉ်ခြံမြေ ဧက ၂ သောင်းခန့်ကို တဧကလျှင် ကျပ် ၈ သောင်း လျော်ကြေးပေး သိမ်းယူမှု
ဖြစ်ပွားရာ လျော်ကြေးနည်း၍ သဘောမတူသော မြေပိုင်ရှင် လယ်သမားများဘက်မှ ကူညီပေးခဲ့သဖြင့် ဒေါ်ဘောက်ဂျာကို လူသိများလာခဲ့သည်။
၂ဝ၁ဝ ရွေးကောက်ပွဲတွင် ကချင်တိုင်းရင်းသူ ဒေါ်ဘောက်ဂျာ ဝင်ပြိုင်ရာ ဦးအုန်းမြင့်က မဲ ၄ဝဝဝ ကျော် အသာရပြီး၊ အနိုင်ရ သွားခဲ့သည်။
မဲခိုးစွပ်စွဲချက်ဖြင့် ရွေးကောက်ပွဲ ကော်မရှင်၏ ခုံရုံးတွင် အမှုရင်ဆိုင်စဉ် နှစ်ဦးသား လက်ဆွဲ နှုတ်ဆက်ခဲ့သည် ကလည်း ပြောစမှတ် ဖြစ်ခဲ့သည်။
“သူလည်း လုပ်ကူပါ့မယ်၊ တောင်သူတွေကိစ္စကတော့ ရဲရဲဝံ့ဝံ့ ကတိပေးပါတယ် ဆိုတဲ့အကြောင်း ယုဇန ကုမ္ပဏီရဲ့ လုပ်ရပ်ဟာ လုံးဝ မဟုတ်ဘူးဆိုတာလည်း သူ့အနေနဲ့ ပြောပါတယ်။ ကျောင်းတွေမှာလည်း ပညာရေးကအစ ဝိုင်းပြီးတော့ လုပ်သွားရအောင် ဆိုပြီးတော့လည်း ကတိပေးခဲ့ပါတယ်” ဟု ဒေါ်ဘောက်ဂျာက ပြောသည်။







