သတင်း ပြည်တွင်းသတင်း သံဃာ ၅ ပါးထက်ကျော်လွန်ကာ ဘာသာရေးပွဲ မလုပ်ရ
သံဃာ ၅ ပါးထက်ကျော်လွန်ကာ ဘာသာရေးပွဲ မလုပ်ရ Print E-mail
မျိုးကြီး   
တနင်္ဂနွေနေ့၊ မတ်လ 16 2008 01:53 - မြန်မာစံတော်ချိန်

နယူးဒေလီ။    ။ သံဃာတော် ၅ ပါးကျော်နှင့် ပင့်ဖိတ်ပြုလုပ်မည့် ဘာသာရေး ပွဲလမ်းများကို ဒေသ အာဏာပိုင်များ၏ ခွင့်ပြုချက်ရမှသာ ပြုလုပ်ရမည် ဟူသည့် အမိန့်စာကို လွန်ခဲ့သည့် ရက်သတ္တပတ်ခန့်က ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ ဘုန်းကြီးကျောင်းများသို့ မြို့နယ်အာဏာပိုင်က ပေးပို့လိုက်သည်။

ဗုဒ္ဓဘာသာဝင်များက စုပေါင်းအလှူပွဲများနှင့် ရဟန်းခံပွဲများအပါအဝင် ဘာသာရေးပွဲလမ်းများ ကျင်းပမည်ဆိုပါက  သံဃာတော် ၅ ပါးထက် ကျော်လွန် ပင့်ဖိတ်မည် ဆိုလျှင် ဒေသအာဏာပိုင်များထံ တင်ပြရန်နှင့် အခြား စည်းကမ်းချက်များပါ ပါဝင်သည့် အမိန့်စာကို သာသနာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်ရာတွင် ယခုလို ဗန်းမော်မြို့ ဘုန်းကြီးကျောင်းများသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

"အဓိကကတော့ ၅ ပါးအထက် လုပ်မယ့် ကိစ္စမှန်သမျှကို ပြည်နယ်နဲ့ သံဃနာယကအဖွဲ့ဆီ တင်ပြရမယ်၊ ခွင့်ပြုချက်ရမှပဲ လုပ်ခွင့်ရမယ်ပေါ့" ဟု အမိန့်စာကို ဖတ်ခဲ့ရသူ ဗန်းမော်မြို့ခံ ဒကာတဦးက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး "လွန်ခဲ့တဲ့ တပတ်လောက်က ဗန်းမော်မှာရှိတဲ့ ဘုန်းကြီးကျောင်းတွေကို အမိန့်စာထုတ်တာပါ။ သာသနာရေးဝန်ကြီးဌာနက ထုတ်တာ။ ဒီမှာကတော့ မြို့နယ် အာဏာပိုင်တွေရယ်၊ သံဃနာယကအဖွဲ့ ဆရာတော်တွေကတဆင့် ပြန်ပို့တာပါ" ဟု ပြောသည်။

အမိန့်စာသည် ပယက (ခေါ်) ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီနှင့် ပြည်နယ် သံဃနာယကအဖွဲ့မှ အဆင့်ဆင့် ရောက်ရှိလာခြင်း ဖြစ်သည်။

ဗုဒ္ဓဘာသာဝင်များ၏ အခါကြီး ရက်ကြီးများတွင် စုပေါင်း ရဟန်းဝတ်ခြင်းများ အပါအဝင် အလှူပွဲများ၊ ပဋ္ဌာန်းပွဲများ ပြုလုပ်လိုပါက ပယက နှင့် သံဃနာယကအဖွဲ့သို့ တင်ပြရမည် ဖြစ်ပြီး ခွင့်ပြုမိန့် ရရှိမှသာ ပြုလုပ်ရမည် ဖြစ်ကာ ရဟန်းသံဃာတော်များ၏ ခရီးသွား ကိစ္စရပ်များကိုလည်း  တင်းကျပ်ထားသည်ဟု ဗန်းမော်ကျောင်းထိုင် ဘုန်းတော်ကြီးတပါးက အမိန့်စာ ဖတ်ပြသည်ကို နားထောင်ခဲ့ရသူ ဒကာတဦးက ပြောသည်။

ထို့အပြင် အာဏာပိုင်များက သံဃာတော်များ ခရီးသွားလာရာတွင် စစ်ဆေးမည့်အဖွဲ့များ ဖွဲ့စည်းထားပြီး ကားဂိတ်၊ သင်္ဘောဆိပ်များတွင် သံဃာတော်များအား စစ်ဆေးသွားမည် ဖြစ်သလို၊ ညအိပ် ခရီးသွားတည်းခိုရာတွင်လည်း တည်းခိုမည့် ကျောင်းတိုက်များက လုံးဝ တာဝန်ယူရမည်ဟု အမိန့်စာတွင် ဖော်ပြထားသေးသည်။

ဗန်းမော်မြို့ သိမ်တော်ကြီးကျောင်းတိုက်နှင့် နီးစပ်သူတစ်ဦးကလည်း အဆိုပါ သတင်း မှန်ကန်ကြောင်း အတည်ပြု ပြောဆိုလိုက်ပြီး မကြာခင် ကျရောက်မည့် မြန်မာ့ရိုးရာ အတာသင်္ကြန်ကာလအတွင်း မြို့ခံများ၏ စုပေါင်းဒုလ္လဘ ရဟန်းဝတ်ရာတွင် ၅ ပါးအထက် ကျော်လွန်၍ ဝတ်ခွင့်ပြုတော့မည် မဟုတ်ကြောင်း ပြောသည်။

 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved