သတင်း ပြည်တွင်းသတင်း လျှပ်စစ်ဓာတ်အား စက်ရုံအတွက် လယ်မြေသိမ်း
လျှပ်စစ်ဓာတ်အား စက်ရုံအတွက် လယ်မြေသိမ်း Print E-mail
သန်းထိုက်ဦး   
စနေနေ့၊ မတ်လ 15 2008 00:31 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ကယားပြည်နယ် မြို့တော် လွိုင်ကော်အနီး တည်ဆောက်မည့် လောပိတ ရေအားလျှပ်စစ်စက်ရုံ အမှတ် ၃ မြေနေရာအတွက် ဒေသခံများမှ လယ်မြေဧက ၂ဝ ကို ပြီးခဲ့သည့်လအတွင်း အာဏာပိုင်များက သိမ်းယူခဲ့သည်။ 

လွိုင်ကော်မြို့မှ အရှေ့တောင်ဘက် ၁၃ မိုင်အကွာတွင် တည်ရှိသော ဒေါမူကလပ်ကျေးရွာရှိ ဒေသခံများ၏ လယ်မြေဧက ၂ဝ ကို သိမ်းယူခဲ့သလို၊ စက်ရုံမြေနေရာ ရှင်းလင်းရေးအတွက် ဒေသခံများကို အဓမ္မလုပ်အားပေး ခိုင်းစေနေခြင်း ဖြစ်သည်။

"လောလောဆယ် လောပိတ နံပါတ် ၁၊ ၂ ရှိတယ်။ ဆိုတော့ ၁၆၈ ရှိ မီဂါဝပ် လျှပ်စစ်ဓါတ်အား ထုတ်နိုင်တဲ့ ဓာတ်အား ရှိတာပေါ့နော်။ ဒီနောက်ပိုင်းမှာက တရုတ်ကုမ္ပဏီတခုက လာပြီး လောပိတ ၃ ဆိုတဲ့ စက်ရုံနောက်တခု ဆောက်ဖို့ ရှိတယ်။ အရင်လထဲမှာပဲ။ ဒေါမူကလပ်ပေါ့နော်၊ အဲဒီ ဆောက်မယ့် ဒေသထဲမှာလည်း မြေဧက ၂ဝ ကျော် အတင်းအဓမ္မ သိမ်းယူပြီးမှ လူတွေကို လုပ်အားပေးခိုင်းထားတယ်" ဟု ကရင်နီ ဖွံ့ဖြိုးရေးသုတေသနအဖွဲ့ (Karenni Development Research Group) မှ ပြောရေးဆိုခွင့်ရှိသူ ကိုအောင်ငဲက ပြောသည်။

"ကယားပြည်သူတွေက လျှပ်စစ်စက်ရုံကနေ အကျိုးကျေးဇူးရမယ့်အစား မြေမြှုပ်မိုင်းဒဏ်၊ လုပ်အားပေးမှု အမျိုးမျိုး နေ့တဓူဝ ခံစားနေရတယ်။ ကောင်းကျိုးတွေက စစ်အစိုးရက ခံစားရပြီး ဆိုးကျိုးတွေက ကျနော်တို့ ကယားလူထုတွေ ခံစားရမှာမို့ ကျနော်တို့က တရုတ်အစိုးရကို ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ပေးဖို့၊ ရပ်တန့်ပေးဖို့ တောင်းဆိုတာပါ" ဟု ကိုအောင်ငဲက ဆက်ပြောသည်။ 

ဒီဇင်ဘာလအတွင်းက လျှပ်စစ်ဓာတ်အားပေးတိုင်များ အောက်တွင် လုပ်အားပေးနေစဉ် ရွာသား ၈ ဦးသည် မြေမြှုပ်မိုင်း ထိမှန်ခဲ့ပြီး၊ မေလအတွင်းကလည်း ဒီမောဆိုးမြို့နယ်ရှိ လေးမိုင်းကျေးရွာမှ ၁၄ နှစ်အရွယ် အမျိုးသမီးငယ်တဦး မိုင်းထိ သေဆုံးခဲ့သည်ဟု ကရင်နီ သုတေသနအဖွဲ့က ပြောသည်။ 

လောပိတ ဓာတ်အားပေးစက်ရုံ ၁ နှင့် ၂ ၏ အောက်ဘက်တွင် တည်ဆောက်မည့် စက်ရုံအမှတ် ၃ ကို ဂျပန်အစိုးရက ငွေကြေး အကူအညီပေးရန် အစောပိုင်းက စီစဉ်ခဲ့သော်လည်း ယခုအခါ တရုတ်ကုမ္ပဏီတခု၏ အကူအညီဖြင့် တည်ဆောက်ရန် စီစဉ်နေသည်။ 

စက်ရုံ အမှတ် ၁ နှင့် ၂ ကို ၁၉၅၂  ခုနှစ်တွင် ဂျပန်၏ ငွေကြေး၊ နည်းပညာ အကူအညီဖြင့် တည်ဆောက်ခဲ့သည်။

 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved