သတင်း ပြည်တွင်းသတင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံ
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံ Print E-mail
နေသွင်   
သောကြာနေ့၊ မတ်လ 14 2008 21:25 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ထိုင်းဝန်ကြီးချုပ်အဖြစ် အာဏာရပြီးနောက် သူ၏ ပထမဆုံး မြန်မာပြည်ခရီးစဉ်အတွင်း မစ္စတာ Samak Sundaravej သည် စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံခဲ့ကြောင်း အမည်မဖော်လိုသော အစိုးရ အရာရှိတဦးကို ကိုးကား၍ အေပီသတင်းက ဆိုသည်။

မစ္စတာ Samak ၏ တရက်ကြာခရီးစဉ်သည် မြန်မာပြည်မှ စွမ်းအင်ဝယ်ယူရေးကိစ္စ၊ အထူးသဖြင့် မြန်မာပြည်မှ သဘာဝဓာတ်ငွေ့နှင့် ရေအား လျှပ်စစ်ဓာတ်အားကို ဝယ်ယူရေး ကိစ္စများ ပါဝင်သည်ဟု ထိုင်းအစိုးရပိုင် တီအန်အေ သတင်းတွင် ဖော်ပြထားသည်။ 

ထိုင်းဝန်ကြီးချုပ်သည် နိုင်ငံခြားရေးဝန်ကြီး Noppandon Pattama နှင့် ထိုင်းစစ်ဦးစီးချုပ် ဗိုလ်ချုပ် Anupong Paochinda တို့ လိုက်ပါလျက် ယနေ့နံနက် ၇ နာရီ (ထိုင်းစံတော်ချိန်) တွင် Don Muang စစ်လေယာဉ်ကွင်းမှ တပ်မတော် လေယာဉ်နှင့် မြန်မာပြည်သို့ ထွက်ခွါသွားခြင်း ဖြစ်သည်။

မြန်မာပြည်သို့ မထွက်ခွါမီ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်ပေါ်လာသည်ကို တွေ့မြင်လိုကြောင်း ပြောခဲ့သော်လည်း ပြည်တွင်းရေးကိစ္စကို ဝင်ရောက် စွက်ဖက်မည် မဟုတ်ဟု သတင်းထောက်များကို ပြောခဲ့သည်။

ထိုင်းအစိုးရသစ်၏ ပေါ်လစီတွင် မြန်မာပြည်၏ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကိစ္စသည် စီးပွားရေးအကျိုးစီးပွား၏ လက်အောက်ခံ ဖြစ်သည်ဟု မကြာခင်က တရားဝင်ထုတ်ပြောသော ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မေလတွင် ပြုလုပ်မည့် လူထုဆန္ဒခံယူပွဲတွင် နည်းပညာ အကူအညီများပေးရန် ထိုင်းနိုင်ငံက အသင့်ရှိသည်ဟု သတင်းထောက်များကို ပြောသည်။

ထိုင်းဝန်ကြီးနှင့်အဖွဲ့ကို ဝန်ကြီးချုပ် သိန်းစိန်က နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လာရောက် ကြိုဆိုခဲ့ပြီး ညနေပိုင်း၌ ရန်ကုန်တွင် ထိုင်းသံရုံးသစ်ဖွင့်ပွဲသို့လည်း တက်ရောက်မည်။

ထိုင်းသည် မြန်မာ၏ အဓိက ကုန်သွယ်ဘက် အိမ်နီးချင်းနိုင်ငံတခုဖြစ်ပြီး ၂ဝဝ၇  ခုနှစ်အတွင်း မြန်မာပြည်မှ ထိုင်းဘက်သို့ သဘာဝဓာတ်ငွေ့ရောင်းရငွေမှာ ထိုင်းဘတ်ငွေသန်း ၈ဝ (အမေရိကန်ဒေါ်လာ ၂ ဒဿမ ၅ ဘီလီယံ) ရှိခဲ့သည်။

ထိုင်းဝန်ကြီးချုပ်၏ ယခုခရီးစဉ်အတွင် ရေအားလျှပ်စစ်ကိစ္စလည်း ပါဝင်နေသဖြင့် သံလွင်မြစ်ပေါ်မှ ရေကာတာ တည်ဆောက်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များက စိုးရိမ်မှုများ ရှိနေသည်။

ထိုင်းနိုင်ငံ၏ လျှပ်စစ်စွမ်းအား ဖွံ့ဖြိုးရေး အစီအစဉ်အဖြစ် သံလွင်မြစ်ပေါ်တွင် တာဆန်းနှင့် ဟတ်ကြီး ရေကာတာတို့ကို တည်ဆောက်ပြီး ထိုရေကာတာ ၂ ခုမှ လျှပ်စစ်စွမ်းအင်ကို လာမည့် ၂ဝ၁၇ နှင့် ၂ဝ၁၉ အတွင်း ထိုင်းနိုင်ငံသို့ ပေးပို့နိုင်ရန် စီစဉ် ဆောင်ရွက်မည်ဟု သိရသည်။ 

မြန်မာပြည်အရှေ့ပိုင်းရှိ စစ်မက်ဇုံအတွင်း တည်ဆောက်မည့် ရေကာတာ အစီအစဉ်များသည် ဝန်ကြီးချုပ်ဟောင်း သက်ဆင် လက်ထက်ကတည်းက ရှိခဲ့သော အစီအစဉ်ဖြစ်ပြီး ဝန်ကြီးချုပ်သစ်ကလည်း ရေကာတာ တည်ဆောက်ရေး စီမံကိန်းသည် လက်ရှိအစိုးရ၏ ပထမဦးစားပေး အစီအစဉ် ဖြစ်သည်ဟု ဆိုထားသည်။

ထိုင်းနိုင်ငံသည် ဗြိတိန်နှင့် စင်ကာပူနိုင်ငံပြီးလျှင် မြန်မာပြည်အတွင်း ရင်းနှီးပ်နှံမှု အများဆုံးသော နိုင်ငံ ဖြစ်ပြီး၊ ယမန်နှစ်က အမေရိကန်ဒေါ်လာ (၁ ဒဿဿမ ၃၄) ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့သည်။ ယမန်နှစ်က ဗြိတိန်နိုင်ငံသည် မြန်မာနိုင်ငံအတွင်း (၁ ဒဿဿမ ၅၆) ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့ပြီး၊ ဒုတိယ ရင်းနှီးမြှုပ်နှံမှုအများဆုံး စင်ကာပူက (၁ ဒဿဿမ ၄၃) ဘီလီယံ မြှုပ်နှံထားသည်။

စစ်အစိုးရ၏ ဗဟိုစာရင်းအင်းဌာန အချက်အလက်များကို ကိုးကားထားသော ဆင်ဟွာသတင်းတပုဒ်က မြန်မာနိုင်ငံသည် အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှု ခံနေရသည့်ကြားမှ ယမန်နှစ်က နိုင်ငံခြားကုန်သွယ်မှု ၃ဝ ရာခိုင်နှုန်းကျော် တိုးတက်လာသည်ဟု ဖော်ပြထားသည်။

၂ဝဝ၇-၂ဝဝ၈ ဘဏ္ဍာရေးနှစ်၊ ပထမနှစ်ဝက်တွင် အမေရိကန်ဒေါ်လာ ၅ ဒဿဿမ ဝ၄၉ ဘီလီယံ ရောက်ရှိခဲ့သဖြင့် ယခင် ၂ဝဝ၆-၂ဝဝ၇ ဘဏ္ဍာရေးနှစ်က ရှိခဲ့သော အမေရိကန်ဒေါ်လာ ၃ဝ ဒဿဿမ ၄၆ ရာခိုင်နှုန်းထက် ၃ဝ ရာခိုင်နှုန်းကျော် တိုးတက်လာသည်ဟု ဆိုသည်။

မြန်မာပြည်၏ အဓိက ပို့ကုန်ဖြစ်သော သဘာဝဓာတ်ငွေ့မှ အမေရိကန်ဒေါ်လာ ၁ ဒဿဿမ ၅၃၁ ဘီလီယံရရှိခဲ့ကာ စုစုပေါင်း ပို့ကုန်တန်ဖိုး၏ ၄၂ ဒဿဿမ ၅ ရာခိုင်နှုန်း ရှိသည်ဟု ဆိုသည်။

အခြားပို့ကုန်များမှာ စိုက်ပျိုးရေးထွက်ကုန်၊ ရေထွက်ကုန်နှင့် သစ်တောထွက်ပစ္စည်းများဖြစ်ကြပြီး နိုင်ငံခြားမှ စက်ပစ္စည်၊ စက်သုံးဆီ၊ စားသုံးဆီ၊ ဆေးဝါး၊ ဘိလပ်မြေ၊ ဓာတ်မြေသြဇာနှင့် လူသုံးကုန်များ ဝယ်ယူ တင်သွင်းသည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြား ကုန်သွယ်မှုတွင် နှစ်အတန်ကြာ လိုငွေပြနေရာမှ ၂ဝဝ၂ - ၂ဝဝ၃ ခုနှစ် ဘဏ္ဍာရေးနှစ်မှစ၍ ၅ နှစ်ဆက်တိုက် ကုန်သွယ်မှုတွင် ပိုငွေပြနေသည်ဟု ဆင်ဟွာသတင်းက ဆိုသည်။

စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် အမေရိကန်နှင့် အီးယူ (ဥရောပ) နိုင်ငံများက စီးပွားရေး ပိတ်ဆို့ အရေးယူထားသော်လည်း တရုတ်၊ အိန္ဒိယနှင့် အာဆီယံနိုင်ငံများသည်  စစ်အစိုးရနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ ရှိနေသည်။

 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved