သတင်း ပြည်တွင်းသတင်း ကုမုဒြာဂျာနယ် တဖြစ်လဲ မော်ဒန် သတင်းဂျာနယ်
ကုမုဒြာဂျာနယ် တဖြစ်လဲ မော်ဒန် သတင်းဂျာနယ် Print E-mail
နန်းဒေဝီ   
သောကြာနေ့၊ မတ်လ 14 2008 01:06 - မြန်မာစံတော်ချိန်

နယူးဒေလီ။    ။ ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် ဂျာနယ်တခု ဖြစ်ခဲ့သည့် ‘ကုမုဒြာဂျာနယ်’ အား ‘မော်ဒန်သတင်းဂျာနယ်’ အဖြစ် ယခုနှစ် မတ်လ ၂၁ ရက်နေ့မှ စတင်ကာ အမည်ပြောင်းလဲ ထုတ်ဝေသွားမည် ဖြစ်သည်။

လိုင်စင် သက်တမ်း တိုးမြှင့်ရေးကိစ္စတွင် ဂျာနယ်တိုက်နှင့် ထုတ်ဝေခွင့် လိုင်စင် ပိုင်ရှင်အကြား သဘောထားကွဲလွဲမှု ဖြစ်ရာမှ ကုမုဒြာကို ယခုနှစ် ဇန်နဝါရီလနှောင်းပိုင်းမှ စတင်ကာ ရပ်ဆိုင်းထားခဲ့ပြီးနောက် ယခုအခါ ‘မော်ဒန်သတင်းဂျာနယ်’ အမည်ဖြင့် ပြောင်းလဲ ထုတ်ဝေသွားရန် ဂျာနယ်တာဝန်ရှိသူများက ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

“ဒီလ ၂၁ ရက်နေ့ ပြန်ထွက်ပါမယ်။ ဒီဇိုင်းတွေက အစပေါ့နော်။ ဝန်ထမ်းတွေက ကုမုဒြာအတိုင်းပါပဲ။ ဘာမှ ပြောင်းလိုက်တာ မရှိပါဘူး။ ပရိသတ်နဲ့ အဆက်ပြတ်နေတာကြာတော့ ဒီနာမည်နဲ့ပဲ ပုံမှန်ပြန်ထုတ်လိုက်တဲ့ သဘောပါပဲရှင့်။ ကုမုဒြာနေရာမှာ မော်ဒန်ဆိုပြီး ခေါင်းစဉ်ပြောင်းလိုက်တဲ့ သဘောပါပဲရှင့်။ နာမည် ပြောင်းတာပါပဲရှင်။ ကျန်တာတော့ အကုန်လုံး အတူတူပါပဲရှင်” ဟု ဂျာနယ်တိုက်နှင့် နီးစပ်သည့် စာပေအသိုင်းအဝိုင်းက မဇ္ဈိမကို ပြောသည်။

ဂျာနယ်တိုက်နှင့် ထုတ်ဝေခွင့် ရရှိထားသည့် ကဒ်ပိုင်ရှင် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဗိုလ်မှူးမြတ်သူရ (အငြိမ်းစား) တို့အကြား လိုင်စင် သက်တမ်းတိုးရန် ငွေကြေးတိုးမြှင့်ခဲ့သည့်အပေါ် ညှိနှိုင်း မရခဲ့သည့်အတွက် ယခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့မှစတင်ကာ ကုမုဒြာဂျာနယ်ကို ခေတ္တ ရပ်ဆိုင်းခဲ့သည်။

၂ဝဝ၁ ခုနှစ်မှ စတင်ကာ အပါတ်စဉ် ထုတ်ဝေခဲ့သော ကုမုဒြာဂျာနယ်သည် တကြိမ်လျှင် စောင်ရေ ၃ သောင်းနှင့် ၄ သောင်းအကြား ဖြန့်ချိခဲ့သည့် လူကြိုက်များသော ဂျာနယ်တခုဖြစ်ပြီး ယခုလို နာမည်ပြောင်း ထုတ်ဝေခြင်းဖြင့် ဂျာနယ်ရောင်းအား မခန့်မှန်းနိုင်သည့်အတွက် စောင်ရေတိုး ထုတ်ဝေရန် မဖြစ်နိုင်သေးကြောင်း သိရသည်။

“မော်ဒန်ဂျာနယ် စောင်ရေထုတ်တဲ့အတိုင်း ၅ဝဝဝ ကျော်လောက်ပဲ အစမ်းထုတ်မယ်။ ကြော်ငြာတယ်၊ သတင်းစာတွေထဲမှာ။ ကုမုဒြာနဲ့ မော်ဒန်ဟာ အတူတူပဲ ဆိုပြီးတော့လေ။ ဂျာနယ်က ပြည်သူကို သတင်းပေးဖို့ ဦးတည်နေတဲ့အတွက် စာဖတ်ပရိသတ်က မော်ဒန်ကို လက်ခံလာမှာပါ။ အချိန်တော့ ယူရမှာပေါ့” ဟု ဂျာနယ်တိုက်နှင့် နီးစပ်သည့် ဝါရင့်စာရေးဆရာတဦးက ပြောသည်။

 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved