သတင်း ပြည်တွင်းသတင်း မျိုးဆက်သစ်လူငယ် ကျော်ကျော်နှင့် အပေါင်းအပါတချို့ အဖမ်းခံရ
မျိုးဆက်သစ်လူငယ် ကျော်ကျော်နှင့် အပေါင်းအပါတချို့ အဖမ်းခံရ Print E-mail
မောင်ဒီး   
သောကြာနေ့၊ မတ်လ 14 2008 00:06 - မြန်မာစံတော်ချိန်

နယူးဒေလီ။    ။ မျိုးဆက်သစ်လူငယ်များအဖွဲ့ ခေါင်းဆောင်တဦးဖြစ်သူ ကိုကျော်ကျော်နှင့် လူငယ်နှစ်ဦး ယမန်နေ့ ညပိုင်းက အာဏာပိုင်များ၏ ဖမ်းဆီးခြင်း ခံလိုက်ရပြီဟု နီးစပ်သူများက ယူဆနေကြသည်။

အခြေခံ နိုင်ငံရေးလှုပ်ရှားမှုအဖြစ် ပိုစတာ ဖြန့်ဝေခြင်း၊ အာဏာပိုင်များ ပိတ်ပင်ထားသည့် ဗီဒီယိုခွေများ ဖြန့်ဝေခြင်း လှုပ်ရှားမှုများ လုပ်ဆောင်နေသည့် မျိုးဆက်သစ် လူငယ်များ အစည်းအရုံးမှ ကိုကျော်ကျော်နှင့် People Union အဖွဲ့မှ ကိုသီဟ၊ ကိုရန်နိုင်သူတို့ ၃ ဦးကို အာဏာပိုင်များက ဖမ်းဆီးသွားခဲ့ပြီဟု မိသားစုနှင့် အပေါင်းအသင်းများက ယူဆနေကြသည်။

“ကျနော်ကြားတာတော့ မနေ့ညကတည်းက သူတို့ စုရပ်မှာ အကုန်ဆွဲခံရတာတဲ့။ ရန်နိုင်သူကို မိသားစုက ဖုန်းလှမ်းဆက်တော့ ‘လူကြီးတယောက်က စိတ်မပူပါနဲ့၊ ကျနော်တို့ သူ့ကို ပြန်ဆက်ခိုင်းလိုက်ပါမယ်’ ဆိုပြီး ပြောတယ်တဲ့။ နောက်ထပ် ထပ်ခေါ်တော့ ဖုန်းက ပိတ်သွားတယ်တဲ့” ဟု ကိုရန်နိုင်သူနှင့် နီးစပ်သူတဦးက ပြောသည်။

ကိုသီဟနှင့် ကိုရန်နိုင်သူကို ယမန်နေ့ ညကတည်းက ဖမ်းဆီးသွားသည်ဟု ယူဆနေရပြီး ကျော်ကျော်ကိုမူ ယမန် နေ့လည်ကတည်းက အဆက်အသွယ လုပ်၍ မရတော့သောကြောင့် ဖမ်းဆီးခြင်း ခံနေရပြီဟု မိသားစုနှင့် အပေါင်းအသင်းများက ယူဆနေကြခြင်း ဖြစ်သည်။

“နေရာတကာမှာ သူတို့မျက်လုံးတွေပဲ။ နောက်ပြီး သူတို့ ချိတ်တဲ့ ချိတ်တွေကလည်း အကြီးကြီးတွေပဲ။ သူတို့က သိသိကြီးနဲ့ အလိုက်သင့်လေးနေပြီး စုံစမ်းနေတာ ဆိုတော့ စုရပ်ကို သိသွားတာ နေမှာပေါ့” ဟု သူက ပြောသည်။

သူတို့ကို မည်သူက ဖမ်းဆီးသွားပြီး မည်သည့် စခန်းတွင် ထိန်းသိမ်းထားသည်ကိုမူ အတည်ပြုနိုင်သည့် သီးခြား သတင်းရပ်ကွက်များ မရှိသေးပါ။

လူထု လှုပ်ရှားမှုကြောင့် အဖမ်းအဆီးခံရသူများကို စစ်ဆေးလျှင် ကြမ်းတမ်း ရက်စက်စွာ စစ်မေးလေ့ ရှိတတ်သဖြင့် ကိုကျော်ကျော်နှင့် အပေါင်းအပါများ၏ အခြေအနေအတွက် မိသားစုများက အလွန်စိုးရိမ်နေရသည်။

“အထဲမှာတော့ အသေချတာ။ ဆေးလိပ်မီးနဲ့ ဒူးခေါက်ကွေးတွေ တို့လို့ တို့။ မနက်ပိုင်းကနေ ညနေအထိ ကျောက်စရစ်ပုံပေါ်မှာ ထိုင်ရ၊ နံပါတ်တုတ်တွေနဲ့ ကျောကိုရိုက်၊ ရင်ဘတ်ကိုရိုက်နဲ့ အသေ နှိပ်စက်တာ။ ဒါတောင် ကျနော်က ဘာမှ ဟုတ်တာ မဟုတ်ဘူး။ အခု သူတို့ကျတော့ ဦးဆောင်တဲ့ အနေအထားဆိုတော့ လုံးဝ မချောင်ဘူး” ဟု စစ်ကြောရေးစခန်း ရောက်ဖူးသူ လူငယ်တဦးက ပြောသည်။

ယခု ရက်ပိုင်းအတွင်း မျိုးဆက်သစ် လူငယ်အစည်းအရုံးမှ လူငယ် ၄ ဦးအဖမ်းအဆီးခံရပြီး သူတို့ကို အကြမ်းကိုင် စစ်မေးပြီး ကိုကျော်ကျော်နှင့် လူငယ်နှစ်ဦးကို ဖမ်းဆီးနိုင်ခြင်း ဖြစ်သည်ဟုလည်း အပေါင်းအပါများက ယူဆနေကြသည်။

 

သူတို့စကား

"ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရသည် နယ်နိမိတ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေများအတိုင်း ဆောင်ရွက်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မှားယွင်းစွာ တောင်းဆိုမှုကို လက်ခံနိုင်ခြင်း မရှိသဖြင့် ပယ်ချခဲ့ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆက်လက် ကာကွယ်စောင့်ရှောက်သည့် အနေဖြင့် AD-7 လုပ်ကွက်အတွင်း ဆောင်ရွက်ရန် ရှိသည်တို့ကို ပြီးဆုံးသည်အထိ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်"

နိုဝင်ဘာလ ၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ

© Copyright 1998 - 2008 Mizzima News. All Rights Reserved