သတင်း ပြည်တွင်းသတင်း မန္တလေးမှာ မဲရုံမှူးတွေ ခန့်အပ်နေပြီ
မန္တလေးမှာ မဲရုံမှူးတွေ ခန့်အပ်နေပြီ Print E-mail
မဇ္ဈိမသတင်းဌာန   
ကြာသပတေးနေ့၊ မတ်လ 13 2008 20:46 - မြန်မာစံတော်ချိန်

နယူးဒေလီ။    ။ လူထု ဆန္ဒခံယူပွဲအတွက် ရည်ရွယ်ကာ မန္တလေးမြို့တွင် မဲရုံမှူးများကို လျှို့ဝှက် ခန့်အပ်တာဝန်ပေးမှုများ ယခု ရက်ပိုင်းအတွင်း ပြုလုပ်နေပြီ ဖြစ်သည်။

ခန့်အပ်သူ၏ သဘောတူညီချက် ကြိုတင် ရယူခြင်းမရှိဘဲ လာမည့် မေလ လူထုဆန္ဒခံယူပွဲအတွက် ရည်ရွယ်ပြီး မဲရုံမှူးများကို မြို့နယ် မယက ရုံးသို့ ခေါ်ယူကာ အသိပေး ပြောဆိုနေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောဆိုခြင်း ဖြစ်သည်။

“ကျယ်ကျယ်ပြန့်ပြန့် အသိပေး လုပ်နေတာတော့ မဟုတ်ဘူးဗျာ။ ကျနော်တို့ ရပ်ကွက်တော့ ရောက်မလာသေးဘူး။ လူတွေကို နဂိုကတည်းက ရာထားပြီးသား။ တာဝန်ပေးတဲ့ အခါကျမှ အသိပေးလိုက်တာပေါ့။ တာဝန်ပေးခံရတဲ့ သူတွေက ဘာမှကို မသိဘူး” ဟု မဟာအောင်မြေသာစံမှ ဒေသခံတဦးက ပြောသည်။

သူက ဆက်ပြီး “တာဝန်ပေးခံရတဲ့ သူတွေကတော့ လုပ်လည်း မလုပ်ချင်ဘူး။ ဇွတ်ခိုင်းတဲ့အတွက် လုပ်ရတယ်။ ဝန်ထမ်းလည်း မဟုတ်ဘူး။ သာမန်အရပ်သားတွေထဲက လုပ်ငန်းရှင်တွေပဲ။ လုပ်ငန်းရှင်တွေ ထဲမှာတောင် ရိုးရိုးသားသား အလုပ်ကြိုးစားနေတဲ့ သူတွေပေါ့။ တာဝန်ရှိတဲ့သူက သူ့ဆီကို ကိုယ်တိုင်လာဖိတ်မှ မဲရုံမှူး လုပ်ရမယ်ဆိုတာ သိတယ်။ သူတို့ကို အပေါ်ကနေ ချပေးတာပေါ့။ သူတို့ အထင်ကတော့ ရပ်ကွက်ထဲမှာ ရယက တွေကတဆင့် ကောက်ပြီးတော့ တင်ထားတာဖြစ်မှာပေါ့” ဟု ပြောသည်။

ယခုရက်ပိုင်းအတွင်း မဲရုံမှူးများကို မြို့နယ် ဥပဒေအရာရှိနှင့် မယက တာဝန်ရှိသူများက ခေါ်ယူတွေ့ဆုံနေပြီ ဖြစ်သည်။

“မဲရုံမှူးကို ဥပဒေအရာရှိက ပြောတယ်။ ထောက်ခံမဲရအောင်၊ ဥပဒေကို အတည်ပြုနိုင်အောင် ပြောပေးပါ ဆိုပြီးတော့ မဲရုံမှူးကို ဥပဒေ အရာရှိက ပြောတယ်ပေါ့။ ဒါတော့ သူတို့ဘက်က ပြောရမယ့် အပိုင်းပေါ့လေ” ဟု အခြား ဒေသခံတဦးကလည်း ပြောသည်။

ထို့အပြင် ဗဟို ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများက မန္တလေးတိုင်းရှိ ရွေးကောက်ပွဲ ကော်မရှင်ခွဲမှ တာဝန်ရှိသူများကို ယခုလ ၇ ရက်နေ့က တွေ့ဆုံခဲ့သေးသည်။

ယခုဒေသခံက “မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင်ခွဲရုံးမှာ ဗဟိုကနေ တွေ့တာ တီဗီမှာ ပါတယ်။ သက်ဆိုင်ရာ ခယက (ခရိုင် အေးချမ်းသာယာရေး) တွေရော၊ မယက (မြို့နယ် အေးချမ်းသာယာရေး) တွေလည်း ပါတယ်။ အဲဒါတွေနဲ့ တွေ့ကြတယ်။ လူဦးရေ ၅ဝ နီးပါးလောက် ရှိတယ်။ တိုင်းအဆင့်လောက်၊ မြို့နယ်အဆင့်လောက် တွေ့နေတာပေါ့။ ရပ်ကွက် အဆင့်လောက်တွေတော့ မပါသေးဘူး” ဟု ပြောသည်။

ယနေ့ထုတ် နအဖ သတင်းစာ မြန်မာ့အလင်းတွင်လည်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်း အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရေး ကော်မရှင်အဖွဲ့ဝင်များ ဖြစ်သော ဦးတင်မောင်နှင့် ဦးစိုင်းစံတင်တို့က ယခုလ ၇ ရက်နေ့ နံနက် ၁၁ နာရီတွင် မန္တလေးတိုင်း ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများကို မန္တလေးတိုင်း ကော်မရှင် အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ လုပ်ငန်း ညှိနှိုင်း စည်းဝေးခဲ့သည်ဟု ပါရှိသည်။

ယခုလို အစည်းအဝေးပွဲ ကျင်းပအပြီး ရက်ပိုင်းအတွင်း မဲရုံမှူးများ လျှို့ဝှက် တာဝန်ပေးအပ်နေသည့် သတင်းများ ပေါ်ထွက်လာခြင်း ဖြစ်သည်။

 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved