ဗုဒ္ဓဟူး, ၂၃ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ငလျင်သင့်များအတွက် နွေဦးအိုးဝေ ကဗျာထုတ်

ငလျင်သင့်များအတွက် နွေဦးအိုးဝေ ကဗျာထုတ်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။     ။ ငလျင်နှင့် ဆူနာမီသင့် ဂျပန်များ၊ ငလျင်ဒဏ်ခံ ရှမ်းပြည်ဒေသခံများကို စာနာမှု ပြသသည့်အနေဖြင့် မြန်မာကဗျာဆရာ ၁၆ ဦးက ‘နွေဦးအိုးဝေ’ ကဗျာစာအုပ်အား အင်္ဂါနေ့တွင် ဖြန့်ချိလိုက်သည်။
 
စာအုပ်ပါ ကဗျာများ ရွတ်ဆိုပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးချုပ်၌ ပြုလုပ်ကာ ထုတ်ဝေဖြန့်ချိမှုကို ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
 nayooohhwai3
သတင်းစာဆရာကြီး ဦးဝင်းတင် (ဟံသာဝတီ)၊ ကဗျာဆရာ ဖျာပုံနီလုံဦး၊ မုံရွာအောင်ရှင်၊ ကြည်မောင်သန်းတို့အပြင် မဂ္ဂဇင်းကဗျာဆရာများ ဖြစ်သည့် နှင်းမိုးဝေ၊ တိုးလွင် (ဥတ္တရအလင်း)၊ မိုဃ်းဇော်၊ ဇော်မိုးလွင်၊ ဟိန်းမြတ်ဇော်၊ ရင်နီ၊ ခန့်မင်းထက်၊ ရိုးဝေးထက်၊ ညီမင်းညို၊ မြတ်မင်းခန့်၊ သြရနှင့် ငြိမ်းသစ်တို့၏ ကဗျာ ၁၆ ပုဒ် ပါဝင်သည်။ စာအုပ်အား ဒေါ်အောင်ဆန်းစုကြည် အမှာစာနှင့်အတူ NLD က ထုတ်ဝေခြင်းလည်း ဖြစ်သည်။
 
ကိုယ်တိုင်ရေး ‘ငေးနေတဲ့ကမ္ဘာ’ ကဗျာကို ရွတ်ဆိုခဲ့သည့် ဆရာငြိမ်းသစ်က “ယနေ့လက်ရှိ မဂ္ဂဇင်းစာမျက်နှာတွေပေါ် ဖြတ်သန်းနေတဲ့ ကဗျာဆရာတွေ လက်လှမ်းမီသမျှ ဖိတ်ခေါ်ခဲ့ပြီး ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။ မြန်မာကဗျာဆရာများက သဘာဝဘေးဒဏ်သင့် ပြည်သူများအတွက် စာနာမှုရှိကြောင်း ပြသရန် ကဗျာစာအုပ်နှင့် ကဗျာရွတ်ဆိုပွဲ ပြုလုပ်ရသည်ဟု ဆိုသည်။ ထို့ပြင် ငလျင်ဒဏ်သင့် ဂျပန်ပြည်သူများနှင့် မြန်မာပြည်သူများအား စိတ်ဓာတ်ခွန်အားအရ ထောက်ပံ့မှုတခုလည်း ဖြစ်ကြောင်း ဆရာငြိမ်းသစ်က ပြောသည်။
 
“ဒီစာအုပ်လေးကို အင်္ဂလိပ်လိုရော၊ ဂျပန်လိုပါ ဘာသာပြန်ပြီးတော့ တကမ္ဘာလုံး ဖြန့်မှာပါ။ ဆူနာမီသင့်တဲ့ သူတွေအတွက် လှူမယ်။ ဂျပန်လိုတော့ ပြန်ပြီးပြီပြောပါတယ်” ဟု ပါတီလူငယ်တာဝန်ခံ တဦးဖြစ်သူ ကိုရာဇာက မဇ္ဈိမကို ပြောသည်။

nayooohhwai1အင်္ဂါနေ့ပွဲသို့ NLD အဖွဲ့ဝင်များ၊ ကဗျာချစ်သူများနှင့် ကဗျာဆရာများ စုစုပေါင်း ၂ဝဝ ခန့် တက်ရောက်ပြီး၊ ကဗျာစာအုပ်ကို ပါတီဝင်များအတွက်သာ အုပ်ရေ ၁ဝဝဝ ကန့်သတ်ထုတ်ဝေသေးကာ တအုပ်လျှပ် ကျပ် ၃ဝဝ ဖြင့် ရောင်းချသည်။
 
ဦးဝင်းတင်၏ ‘အာဏာငရဲ လှိုင်းငရဲ’ ဟိုက္ကူအမျိုးအစား ကဗျာတွင် ’’လူ စက် မြို့ မျိုဝါး၊ ဟီရိုရှီးမား ဗုံးဝင်စား၊ ဆူနာမီနဂါး…။ ငတ် မွဲ ကန်း ပိ ပြား၊ ကင်ပေတိုင်ဆိုး ခေတ်ထွန်းကား၊ ဘိရုမာ ချောက်ချား…။ ဘဝတူတွေပဲ အာဏာငရဲ လှိုင်းငရဲ၊ တို့ စာနာကြေကွဲ…’’ ဟူ၍ ရေးဖွဲ့ထားသည်။
 
ကဗျာရှင် ၁ဝ ဦးက ကိုယ်တိုင်ရွတ်ဆိုကာ မလာနိုင်သူများ၏ ကဗျာများကို ပါတီလူငယ်များ ကိုယ်စားရွတ်ဆိုခဲ့သည်။ ကဗျာရွတ်ရာ၌ နောက်ခံဂီတအဖြစ် မဇ္ဈိမလှိုင်းမှ ကိုရဲလွင်နှင့် တေးရေးဆရာ သားထွေးက တီးခတ်ပေးခဲ့သည်။
 
ပွဲကျင်းပရာ NLD ရုံးချုပ်သို့ ပထမဆုံး လာရောက်ဆင်နွှဲခဲ့သည့် ကဗျာဆရာ ညီလင်းညိုက အစိုးရသစ် အပြောင်းအလဲ၌ ဒီမိုကရေစီနှင့်အညီ လွတ်လပ်စွာ ပါဝင်ခွင့်ကို ကျင့်သုံးသည့်အနေဖြင့် သူပါဝင်ခဲ့ကြောင်း မဇ္ဈိမကို ပြောသည်။
 
“ကဗျာဆရာတယောက်အနေနဲ့ လာတက်တာပါ။ nayooohhwai2ဂျပန်ငလျင်နဲ့ ပတ်သက်ပြီး စာနာမှုဖြစ်တယ်၊ ကဗျာဆရာအနေနဲ့ ပါဝင် ပတ်သက်တယ်။ ကျနော်တို့ တိုင်းပြည်မှာလည်း သမ္မတသစ်၊ အစိုးရသစ်နဲ့ဆိုတော့ ဒီမိုကရေစီကျကျ လွတ်လပ်စွာ ပါဝင်ခွင့်ရှိတယ်လို့ ယူဆတယ်လေ။ ကျနော် ကဗျာဆရာတယောက်အနေနဲ့ ပါဝင်ရေးတယ်။ ကျနော့်ဘက်က အင်မတန် ရိုးရှင်းပါတယ်” ဟု သူက ပြောပြသည်။
 
နွေဦးအိုးဝေ အမည်မှာ ၁၉၉၉ မတ်လ ၁၃ ရက်၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် ပထမဆုံး ထုတ်ဝေခဲ့သည့် NLD ၏ နံရံကပ်စာစောင် အမည်ဖြစ်သည်။
 
ဂျပန်တွင် မတ်လ ၁၁ ရက်နေ့ လှုပ်ခတ်ခဲ့သည့် အင်အား ရစ်ချတာစကေး ၈.၉ ငလျင်နှင့် နောက်ဆက်တွဲ ဆူနာမီ ရေလှိုင်းကြောင့် လူ ၃ သောင်းခန့် သေကြေပျောက်ဆုံးခဲ့ကာ၊ ပျက်စီးဆုံးရှုံးမှု ကြီးမားခဲ့သည်။ ရှမ်းပြည်အရှေ့ တာချီလိတ်နှင့် တာလေဒေသတွင် မတ်လ ၂၄ ရက်နေ့ လှုပ်ခတ်ခဲ့သည့် အင်အား ၆.၈ ငလျင်ကြောင့် ၇၄ ဦးထက်မနည်း သေဆုံးခဲ့ရသည်။



 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1220 guests online