ချင်းမိုင် (မဇ္ဈိမ) ။ ။ ထောင်ဒဏ် ကျခံခဲ့ပြီးသော အမှုကြောင့် လာမည့် ရွေးကောက်ပွဲ၌ ယှဉ်ပြိုင်ခွင့်မရှိဟု ခေါ်ယူ သတိပေးခံရသည့် အမျိုးသား ဒီမိုကရေစီ အင်အားစု NDF မှ အလုပ်အမှုဆောင် ၄ ဦးသည် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌထံ အသနားခံစာ တင်ရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်း ပါတီ ခေါင်းဆောင်တဦးက ပြောသည်။
“သူတို့ (ကော်မရှင်) က ကျနော်တို့ကို မှာလိုက်တာက ကော်မရှင် ဥက္ကဌဆီကို စာတင်ပါဆိုတာ Appeal (အသနားခံစာ) ပဲပေါ့။ အဲဒါ ကျနော်တို့ သက်ဆိုင်ရာကို ရှေ့နေနဲ့တိုင်ပင်ပြီး တင်ဖို့အတွက် ပြင်ဆင် နေကြတယ်ဗျာ။ ဘယ်နေ့ တင်မလည်းတော့ မသိသေးဘူး” ဟု နိုင်ငံရေး ဦးဆောင်ကော်မတီ အဖွဲ့ခေါင်းဆောင် ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။
ဦးခင်မောင်ဆွေနှင့် အတူ NDF ဒုဥက္ကဌ ဦးတင်အောင်အောင်၊ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးသာဆိုင်နှင့် နိုင်ငံရေးဦးဆောင် ကော်မတီဝင် ဦးစိန်လှဦးတို့ ၄ ဦး အနေဖြင့် ၁၉၉ဝ ခုနှစ်က နိုင်ငံတော်ပုံကန်မှု ပုဒ်မ ၁၂၁၊ ၁၂၂၊ ၁၂၄ တို့ဖြင့် ပြစ်ဒဏ်များ ကျခံခဲ့ရ သဖြင့် လာမည့်ရွေးကောက်ပွဲကို ဝင်ပြိုင်ခွင့်မရှိဟု ကော်မရှင် ဥက္ကဌ ဦးသိန်းစိုး အပါအဝင် အဖွဲ့ဝင် ၄ ဦးက ယခုလ ၃ဝ ရက်နေ့က နေပြည်တော်၌ ခေါ်ယူ သတိပေးခဲ့သည်။
အကယ်၍ ရွေးကောက်ပွဲ ဝင်လိုပါက ကော်မရှင်ဥက္ကဌထံ လိပ်မူ၍ အသနားခံစာ တင်လာပါက ကော်မရှင်က သုံးသပ်ပြီး “အထက်” ကို တင်ပြပေးမည်ဟု သူတို့ ၄ ဦးကို ပြောလိုက်ကြောင်း သူကဆက်ပြောသည်။
“ကျနော်တို့ ၉ဝ ခုနှစ်က ပြစ်ဒဏ်ချခံရတဲ့ ၁ဝ နှစ်ကနေ ၂၅ နှစ်အထိ ကျခံရတဲ့ ပုဒ်မတွေပေါ့ဗျာ ၁၂၁၊ ၁၂၂၊ ၁၂၄။ အဲဒီပုဒ်မတွေ ကျခံရတာကြောင့်မို့လို့ ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ဖြစ်နေတယ်။
ပြစ်ဒဏ်တွေ ခံပြီးတာ ဖြစ်သော်လည်းပဲ ဒီဟာတွေနဲ့ ပတ်သက်လို့ လာမယ့် ရွေးကောက်ပွဲတွေကို ဝင်ဖို့ ခွင့်မပြုနိုင်ဘူး ဆိုတဲ့ သဘောပါတယ်လေ။ ရာသက်ပန် ရွေးကောက်ပွဲတွေကို ပယ်မယ် ဆိုတဲ့ သဘောပါနေတယ်” ဟု ဦးခင်မောင်ဆွေက ဆိုသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော် အမတ်ဟောင်းများ ဖြစ်ကြသည့် သူတို့ ၄ ဦးသည် ၁၉၉ဝ ခု ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် အန်အယ်ဒီအား နဝတ (နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့) စစ်အစိုးရက အာဏာလွှဲမပေးသဖြင့် စင်ပြိုင်အစိုးရဖွဲ့ရန် စီစဉ်မှုဖြင့် ထောင်ဒဏ် ၁ဝ နှစ်မှ ၂၅ နှစ်အထိ ကျခံခဲ့ကြရသည်။
ဦးခင်မောင်ဆွေမှာ ပထမအကြိမ် ဖမ်းခံရစဉ် ပုဒ်မ ၁၂၄ နှင့်ဖြစ်ပြီး ၂ နှစ်ကြာပြီးနောက် ၁၁/၉၂ လွတ်ငြိမ်း သက်သာခွင့်ဖြင့် ပြန်လွတ်လာသည်။ သို့သော် ဒုတိယအကြိမ် ၅ ည ဖြင့် ၇ နှစ် ထပ် ကျရာ ပထမအကြိမ် လက်ကျန် ပြစ်ဒဏ်ပါ “တပေါင်းတည်း” ကျခံရသဖြင့် ထောင်တွင်း၌ စုစုပေါင်း ၁၆ နှစ်နှင့် ၆ လ နေခဲ့ရသဖြင့် ပြစ်ဒဏ်များကို လျော့ရက်ပင်မပါပဲ ကျခံပြီးဖြစ်သည်ဟု ဆိုသည်။
ပုဒ်မ ၁၂၁ ဆိုမှာ နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု၏ အဓိပ္ပါယ် ဖွင့်ဆိုချက်ဖြစ်ပြီး ၁၂၂ မှာမူ ပြစ်ဒဏ် ချမှတ်ခြင်းဖြစ်ပြီး သေဒဏ်ဖြစ်စေ တကျွန်းပို့ဒဏ်ဖြစ်စေ ချမှတ်နိုင်ကြောင်း၊ ၁၂၄ သည် သစ္စာဖောက်ဖျက် ပုန်ကန်မှုကို ထိန်ချန်မှု ဖြစ်သည်ဟု အမည်မဖော်လိုသူ ရန်ကုန်မြို့ခံ ဥပဒေပညာ ရှင်တဦးက ပြောသည်။







