အင်္ဂါ, ၁၆ မတ် ၂၀၁၀

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ရှမ်းခေါင်းဆောင်များ လွှတ်ပေးပြီး ဆွေးနွေးရန် SNLD တောင်းဆို

ရှမ်းခေါင်းဆောင်များ လွှတ်ပေးပြီး ဆွေးနွေးရန် SNLD တောင်းဆို

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ)။     ။ ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး အပါအဝင် နှစ်ရှည်ထောင်ဒဏ် ကျခံနေရသည့် ရှမ်းခေါင်းဆောင်များကို ဖမ်းဆီးခဲ့သည့် ၅ နှစ်မြောက် ယနေ့တွင် ၎င်းတို့ကို ပြန်လွှတ်ပေးကာ နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပရန် SNLD က စစ်အစိုးရကို တောင်းဆိုလိုက်သည်။

SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ အထွေထွေ အတွင်းရေးမှူး စိုင်းနွတ် ခေါ် စိုင်းညွန့်လွင်တို့ အပါအဝင် ရှမ်းအမျိုးသား ခေါင်းဆောင်များကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေး၍ စစ်မှန်သော နိုင်ငံရေး ဆွေးနွေးပွဲဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး အဖြေရှာရန် နအဖ စစ်အစိုးရကို ကြေညာချက် ထုတ်ကာ တောင်းဆိုခြင်း ဖြစ်သည်။

“၂၀၁၀ ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် အားလုံးပါဝင်နိုင်ဖို့ လိုတယ်။ အားလုံးပါဝင်ဖို့ဆိုရင် အတိုက်အခံ ခေါင်းဆောင်တွေ မလွှတ်ဘဲနဲ့၊ တိုင်းရင်းသားခေါင်းဆောင်တွေ မလွှတ်ဘဲနဲ့ ဘယ်လိုမှ အားလုံးပါဝင်ဖို့ မဖြစ်နိုင်ဘူးလေ။ ဒီပုဂ္ဂိုလ်တွေကို လွှတ်ပါ၊ တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ပါလို့ တောင်းဆိုခြင်း ဖြစ်တယ်” ဟု SNLD ပြောရေးဆိုခွင့်ရှိသူ  ဦးစိုင်းလိတ်က မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး “၂၀၁၀ မှာ အဖွဲ့အစည်း အားလုံး ပါဝင်ရမယ်၊ ပါဝင်သင့်တယ်ဆိုတာ ကျနော်တို့ လက်ခံတယ်။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး အပါအဝင် တိုင်းရင်းသား ခေါင်းဆောင်တွေလည်းဖြစ်တဲ့ ဦးခွန်ထွန်းဦး၊ စိုင်းညွန့်လွင်၊ ကျောင်းသား ခေါင်းဆောင်တွေ ဖြစ်တဲ့ မင်းကိုနိုင်၊ ကိုကိုကြီး အစရှိတဲ့ ပုဂ္ဂိုလ်တွေ အကုန်လုံးလွှတ်ပါ၊ ပြီးတော့ သုံးပွင့်ဆိုင် ဆွေးနွေးပွဲလုပ်ပါ။ အဲဒီကမှ ရှေ့တလှမ်းကို ဆက်ပြီး စဉ်းစားရမှာ” ဟု ပြောသည်။

သဘောထား မတိုက်ဆိုင်သူများကို ဖမ်းဆီးထိန်းသိမ်းခြင်းသည် အကျိုးမရှိသည့်အပြင် အမျိုးသား သွေးစည်းညီညွတ်ရေးနှင့် ဒီမိုကရေစီရေး ဖော်ဆောင်မှုတွင် ထိခိုက်နစ်နာစေကြောင်း ကြေညာချက်က ပြောဆိုထားသည်။

ရှမ်းတိုင်းရင်းသားများ ခေါင်းဆောင်များ အပါအဝင် နိုင်ငံရေး ယုံကြည်ချက်ကြောင့် ထိန်းသိမ်းခံနေရသည့် အကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွှတ်ပေးပြီး တပ်မတော် အကြီးအကဲများ၊ ဒီမိုကရေစီ အင်အားစုများနှင့် တိုင်းရင်းသားအင်အားစုများ ပါဝင်သည့် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကို အမြန်ဆုံး ဆောင်ရွက်ရန် အရေးတကြီး လိုအပ်နေကြောင်း ဆက်လက်တိုက်တွန်းထားသည်။

၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ လိုလားသည့် SNLD ခေါင်းဆောင် ဦးခွန်ထွန်းဦး အပါအဝင် ရှမ်းပြည်ရှိ နိုင်ငံရေးခေါင်ဆောင်များကို ဖမ်းဆီးကာ၊ ထိုနှစ် နိုဝင်ဘာလတွင် နိုင်ငံတော် ပုန်ကန်မှု အပါအဝင် ပုဒ်မများဖြင့် စစ်အစိုးရက နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။

ဦးခွန်ထွန်းဦးသည် ထောင်ဒဏ် ၉၃ နှစ်၊ စိုင်းညွန့်လွင်သည် ၈၅ နှစ်၊ အပစ်ရပ် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) ခေါင်းဆောင်နှင့် ရှမ်းပြည် ငြိမ်းချမ်းရေးကောင်စီ ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချူပ်ဆေထင်သည် ၁၀၆ နှစ်၊ ရှမ်းပြည် မျိုးဆက်သစ် ကျောင်းသားလူငယ်များ အဖွဲ့မှ ဦးမြင့်သန်း၊ ဦးညီညီမိုး၊ စိုင်းမျိုးဝင်းထွန်း၊ ဦးထွန်ညို၊ စိုင်းလှအောင်နှင့် စပ်သာဦးတို့သည် ၇၅ နှစ်စီဖြင့် ထောင်ဒဏ်များ ကျခံနေသည်။

“ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ကျန်းမာရေး အခြေအနေ သိပ်မကောင်းဘူး။ အစာအိမ်ဆေး သောက်နေရတယ်။ နားတဖက်က သိပ်မကောင်းဘူး။ အာရုံကြော အားနည်းနေတယ်။ ကျောက်ဖြူထောင်မှာ ကျနေတဲ့ ဦးစိုင်းလှအောင် CEC (SNLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်) က ကျန်းမာရေး အခြေအနေ တော်တော်ကို မကောင်းဘူး။ ကိုယ်အလေးချိန် အရမ်းကျသွားပြီးတော့ ဆံပင်တွေ ကွတ်ပြီးတော့ ခြေတောက်တွေမှာ အဖုတွေ ပေါက်နေတယ်” ဟု ဦးစိုင်းလိတ်က ပြောသည်။

၇၂ နှစ်အရွယ် ဗိုလ်ချုပ်ဆေထင်သည်လည်း သွေးတိုးနှင့် ဆီးချိုအပြင် ၂၀၀၇ နှောင်းပိုင်းမှစ၍ မျက်စိအားနည်းမှု ဆိုးရွားစွာ ဖြစ်ပေါ်နေခဲ့ကြောင်း သိရသည်။
 

Editor's choice

ရွေးကောက်ပွဲ ဥပဒေက ပြည်ပနေ မြန်မာများအတွက် ပီပြင်မှု မရှိ

စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေက စီးပွားရေးနှင့် နိုင်ငံရေးကြောင့် ပြည်ပတွင် ပြန့်နှံ့ရောက်ရှိနေသော မြန်မာသန်းပေါင်းများစွာ၏ ...

မြန်မာရွေးကောက်ပွဲ ဥပဒေကို စိတ်ပျက်လှကြောင်း အမေရိကန်ပြော

စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေက အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၂၁၀၀ ကျော်သော နိုင်ငံရေး ...

ဘန်ကောက်ကို လေဖြတ်အောင် လုပ်ရန် ရှပ်နီများကြံ

ယခုသီတင်းပတ်ကုန်များတွင် အစိုးရဆန့်ကျင်ရေး လူထုဆန္ဒပြပွဲများ ပေါ်ပေါက်နိုင်သဖြင့် ထိုင်းနေပြည်တော်မှာ အရေးပေါ် ...

အမွန်းကျပ်ဆုံး အချိန်

ယခင်အာဏာရှင် ဦးနေဝင်းအစိုးရလက်ထက် ဖျက်သိမ်းခံလိုက်ရသော ဟံသာဝတီ သတင်းစာ၏ အယ်ဒီတာ၊ အမျိုးသားဒီမိုကရေစီ ...