သောကြာ, ၁၂ မတ် ၂၀၁၀

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ရှမ်းပြည်မြောက်ပိုင်းတွင် လိုင်စင်မဲ့ ကားများကို ဖမ်းဆီး

ရှမ်းပြည်မြောက်ပိုင်းတွင် လိုင်စင်မဲ့ ကားများကို ဖမ်းဆီး

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရွှေလီ (မဇ္ဈိမ) ။     ။ ရှမ်းပြည်မြောက်ပိုင်း မူဆယ်၊ လားရှိုးနှင့် နမ့်ခမ်းမြို့တွင် လိုင်စင်မဲ့ မော်တော်ကားများကို အာဏာပိုင်များက ယခု ရက်ပိုင်းအတွင်း ဖမ်းဆီးနေကြောင်း သိရသည်။

မူဆယ်မြို့တွင် ဒုရဲအုပ် ဦးဇော်လင်းနှင့် အဖွဲ့က မြို့အထွက် နေရာများတွင် စောင့်ဖမ်းနေသည်။

“မူဆယ်မှာ မနေ့က စဖမ်းတယ်။ နမ့်ခမ်းက ဒီနေ့မှ စဖမ်းတယ်။ အိမ်ထဲဝင်ရှာတဲ့ အဆင့်တော့ မဟုတ်ဘူး။ လမ်းပေါ်ထွက်တဲ့ ကားတွေ အကုန်ဖမ်းတယ်။ မူဆယ်မှာမြို့အထွက် အေးရှားဝေါလ်ဂိတ်နဲ့ နမ့်ခမ်းဘက်သွားတဲ့ လမ်းမှာ စောင့်ဖမ်းတယ်” ဟု မူဆယ်မြို့ ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

ဖမ်းဆီးရမိသည့် လိုင်စင်မဲ့ကားများကို အပြီးအပိုင် သိမ်းယူမည်ဟု ဒေသခံများက ဆိုသည်။

မူဆယ်မြို့ခံ ကားပွဲစားတဦးက “လိုင်စင်တွေ ချပေးမယ်ဆိုလို့ ဝစ်သောက်ကားတွေ အရမ်းဝယ်တာလေ၊ ရှမ်းမြောက် တခုလုံးပေါ့။ ဝစ်သောက်ကားဆို အကုန်ဖမ်းတယ်၊ အပြီးသိမ်းတာ။ မနေ့က မူဆယ်မှာ ၁၀ စီး ဖမ်းမိတယ်။ လားရှိုးမှာ အစီး ၃၀ ဖမ်းမိတယ်” ဟု ပြောသည်။

မူဆယ်တွင် နယ်စပ်ကုန်သွယ်ရေး ဦးစီးဋ္ဌာန (နကသ) နှင့် ရဲတပ်ဖွဲ့က လိုင်စင်မဲ့ကားများ အသုံးပြုနေသော်လည်း ၎င်းကားများကို ဖမ်းဆီးခြင်း မရှိပါ။

''ရဲက ရဲတံဆိပ်ကပ်ပြီး စီးတယ်။ နကသ က စီးတယ်။ သူတို့ကိုယ်တိုင် ဖမ်းတာဆိုတော့ ဘယ်အဖမ်းခံရမလဲ။ ဖမ်းတဲ့ အာဏာပိုင်တွေက မနေ့ကတည်းက သူတို့နဲ့ ပတ်သက်တဲ့ လူတွေကို ဖမ်းမယ့်အကြောင်း ဖုန်းနဲ့ ကြိုပြောထားပြီးပြီ'' ဟု မူဆယ် ကားပွဲစားက ဆိုသည်။

၂၀၀၄ ခုနှစ်တွင် နိုင်ငံတစ်ဝှန်းလုံးရှိ နယ်စပ်မှ တင်သွင်းခဲ့သော လိုင်စင်မဲ့ကား အစီးရေ ၁၅၀၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး၊ ထိုကားများကို ပြီးခဲ့သည့်နှစ်အတွင်း မြို့ကြီးများတွင် လေလံတင် ရောင်းချပစ်ခဲ့သည်။

(ရဲရင့်အောင် တည်းဖြတ်သည်။)
 

Editor's choice

ခြံရောင်းရန် ကြိုးစားသူကို ဒေါ်စု တရားစွဲမည်

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လက်ရှိ နေထိုင်သည့် ခြံဝင်းအတွင်းမှ မြေကွက်အချို့ကို ရောင်းချရန် ကြိုးစားနေသည့် ဆွေမျိုးတော်စပ်သူ...

စစ်အစိုးရက ရွေးကောက်ပွဲ ပြင်ချိန် အတိုက်အခံ သဘောကွဲ

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၂၀၁၀ မှာ ရွေးကောက်ပွဲတွေ ကျင်းပလိမ့်မယ်လို့ လူတိုင်းကို လိုက်ပြောနေပေမယ့် အရာအားလုံးကိုတော့ လျှို့ဝှက်ထား ......

မြန်မာ ၂၁ ဦးပါ သင်္ဘောကို ဆိုမာလီဓါးပြများ ပြန်ပေးဆွဲ

မြန်မာနိုင်ငံသား ၂၁ ဦး ပါဝင်သည့်  နော်ဝေးနိုင်ငံသားပိုင် UTB Ocean သင်္ဘောကို ဆိုမာလီပင်လယ် ဓါးပြများက ယခင်အပတ်က...

ရွေးကောက်ပွဲ ကော်မရှင်ဥပဒေ မဇ္ဈိမက လက်ခံရရှိ

စစ်အစိုးရက မနက်ဖြန်တွင် သတင်းစာမှတဆင့် ထုတ်ပြန်မည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ မိတ္တူကို မဇ္ဈိမက လက်ခံရရှိထားသည်။...