ဗုဒ္ဓဟူး, ၂၃ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ပြည်သူထိခိုက်ရန် မိုင်းခွဲခြင်းမဟုတ် ဟု KNPP တုံ့ပြန်ချေပ

ပြည်သူထိခိုက်ရန် မိုင်းခွဲခြင်းမဟုတ် ဟု KNPP တုံ့ပြန်ချေပ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ)။      ။ လျှပ်စစ်တာဝါတိုင် မိုင်းခွဲ ဖျက်ဆီးမှုတွင် တာဝန်ရှိသော်လည်း စစ်အစိုးရကို တိုက်ခိုက်ခြင်းသာဖြစ်ပြီး၊ ပြည်သူလူထု လျှပ်စစ်မီး မရရှိစေရန် မရည်ရွယ်ပါကြောင်း ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP က ပြောဆိုသည်။

ရန်ကုန်၌ လျှပ်စစ်မီးများ ဆိုးရွားစွာ ပြတ်တောက်နေခြင်းသည် ယခုလ ၂၃ ရက်နေ့တွင် ကယားပြည်နယ်ရှိ လျှပ်စစ်တာဝါတိုင် တခုကို KNPP က မိုင်းထောင် ဖျက်ဆီးခဲ့ခြင်းကြောင့်ဟု စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်မှ ထုတ်လွှင့်နေသည့် ပိတောက်မြေ FM က ယခုတပတ်အတွင်း စွပ်စွဲ ပြောကြားနေသည်များအပေါ် KNPP က တုံ့ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

''နအဖ ကို ရည်ရွယ်ပြီး တိုက်ခိုက်တာပါ။ ရန်ကုန်က မီးရနေတဲ့လူတွေ မရစေချင်လို့ လုပ်တာ မဟုတ်ပါဘူး။ ကိုယ့်ဒေသထွက် သဘာဝရင်းမြစ်ကို ဒေသခံတွေ မခံစားရဘူးလေ။ ဒေသခံတွေက ရန်ကုန်တို့၊ မန္တလေးတို့ကို သွယ်တန်းထားတဲ့ မီးကြိုးနဲ့ မီးတိုင်ကိုပဲ မြင်ရတယ်။ လျှပ်စစ်မီးကို မမြင်ရဘူး'' ဟု KNPP အတွင်းရေးမှူး တဦးဖြစ်သူ ခူးဦးရယ်က မဇ္ဈိမကို ပြောသည်။

''အခု ရန်ကုန်မှာ  မီးအလှည့်ကျ ပေးနေတာကြောင့် မီးမသုံးရဘူးလို့ ပြောနေတယ်။ ကျနော်တို့ဆီက ဒေသခံတွေ တခါမှကို မရဘူး။ ကိုယ်ချင်းစာစေချင်ပါတယ်'' ဟု သူက ဆက်ပြောသည်။

KNPP အနေဖြင့် ပြည်သူများ လျှပ်စစ်ဓာတ်အား ရရှိနေသည်ကို မနာလို မရှုစိမ့်သဖြင့် ယခုလို ပြုလုပ်ခြင်း ဖြစ်ကြောင်း ပိတောက်မြေ FM မှတဆင့် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း အကြိမ်ကြိမ် ထုတ်လွှင့်ခဲ့သည်။

ရန်ကုန် ဒေသခံတချို့ထံ ဆက်သွယ် မေးမြန်းကြည့်ရာတွင် ယခုလ ၂၃ ရက်နေ့ နောက်ပိုင်းတွင် လျှပ်စစ်မီး ရရှိသည့် အခြေအနေမှာ ပိုမို ဆိုးရွားလာပြီး ယခင်က နေ့စဉ် နာရီအလိုက် သတ်မှတ်ကာ အလှည့်ကျ ပေးဝေနေသည့် လျှပ်စစ်မီးစနစ်မှာ မြို့နယ် အများအပြားတွင် ပျက်ပြားနေကြောင်း ပြောကြသည်။

ယခုလ ၂၅ ရက်နေ့ထုတ် စစ်အစိုးရအာဘော်ထုတ် မြန်မာ့အလင်း သတင်းစာတွင်လည်း KNPP အကြမ်းဖက် သောင်းကျန်းသူများ မိုင်းခွဲဖျက်ဆီးသဖြင့် ကယားပြည်နယ် ဒီမောဆိုမြို့နယ် လိုတာခု ကျေးရွာအနီးရှိ လောပိတမှ တောင်ငူသို့ ဓာတ်အားပို့လွှတ်သည့် ၂၃၀ ကေဗွီအေ ဓာတ်အားလိုင်းမှ လျှပ်စစ်တာဝါတိုင် အမှတ်  ၁၃၄ ပျက်စီးကာ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ကြောင်းနှင့် ထိုအဖွဲ့က ယခုလ ၉ ရက်နေ့တွင် တာဝါတိုင်အမှတ် ၁၉၉ ကိုပါ မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း ဖော်ပြထားသည်။

သို့သော် KNPP က တာဝါတိုင်အမှတ် ၁၃၄ ကိုသာ ၎င်းတို့လက်ချက်ဟု ဝန်ခံခဲ့ပြီး၊ တိုင်အမှတ် ၁၉၉ ကိုမူ ၎င်းတို့ လက်ချက် မဟုတ်ကြောင်း ငြင်းဆိုသည်။

''နအဖကတော့ ဒီလို ဖောက်ခွဲမှုတွေဖြစ်တိုင်း ဟိုစွပ်စွဲ၊ ဒီစွပ်စွဲ လုပ်နေကျပါ။ ၂၃ ရက်နေ့ကတော့ ကျနော်တို့ လုပ်တာပါ။ ၉ ရက်နေ့က ကျနော်တို့ လုပ်တာ မဟုတ်ဘူး'' ဟု ခူးဦးရယ်က ပြောဆိုလိုက်ကာ၊ ကယားပြည်နယ် မြို့တော်လွိုင်ကော်သာ လျှပ်စစ်မီး ရရှိပြီး ကျန်မြို့ရွာများတွင် ဖယောင်းတိုင်မီး၊ ရေနံဆီမီး၊ ဒီဇယ်မီးစက်များကို အသုံးပြုနေရသည်ဟု ဆိုသည်။

လောပိတ ရေအား လျှပ်စစ်စက်ရုံမှ ထွက်ရှိသော  ဓာတ်အားများကို လောပိတ-တောင်ငူ မဟာဓာတ်အားလိုင်းမှ တဆင့် ရန်ကုန်နှင့် မန္တလေးသို့ ပို့လွှတ်လျက်ရှိကြောင်း သူက ပြောသည်။

ရန်ကုန်သည် လောပိတ ရေအားလျှပ်စစ် စက်ရုံအပြင် သဘာဝဓာတ်ငွေ့ အသုံးပြု လျှပ်စစ်ဓာတ်အားပေး စက်ရုံများဖြစ်သည့် သာကေတ၊ ရွာမ၊ လှော်ကားနှင့် အလုံစက်ရုံတို့မှ လျှပ်စစ်ဓာတ်အား ရရှိနေခြင်း ဖြစ်သည်။

ရန်ကုန်မြို့၏ တနေ့တာ လျှပ်စစ်ဓာတ်အား လိုအပ်ချက်မှာ ၄၅၀ မီဂါဝပ် ဖြစ်သော်လည်း တကယ်တမ်း ရရှိနေသည့် လျှပ်စစ်ဓာတ်အားမှာ ၃၈၅ မီဂါဝပ် ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန စာရင်းများအရ သိရသည်။

လွိုင်ကော်မြို့အနီးရှိ လောပိတ ရေအားလျှပ်စစ်စက်ရုံ ၁ နှင့် ၂ ကို ၁၉၅၂ ခုနှစ်တွင် ဂျပန်ပညာရှင်များ အကူအညီဖြင့် မြန်မာအစိုးရက တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

အလားတူ ယခုလ ၂၆ ရက်နေ့တွင် ပဲခူးတိုင်း ကျောက်ကြီးမြို့၌ ဖြစ်ပွားခဲ့သော လူအသေအပျောက် မရှိသော ဗုံးပေါက်ကွဲမှု ၂ ခုကို ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ (၃) လက်အောက်ခံ အဖွဲ့တခု လက်ချက်ဟု ၂၇ ရက်နေ့ထုတ် စစ်အစိုးရပိုင် သတင်းစာများတွင် စွပ်စွဲရေးသားခဲ့သေးသည်။

တဆက်တည်းမှာပင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၆ ရက် ကရင်နှစ်သစ်ကူးနေ့က  လူ ၇ ဦး သေဆုံးခဲ့သည့် ကရင်ပြည်နယ် ဖာပွန်မြို့ ဗုံးပေါက်ကွဲမှုကိုလည်း KNU တပ်မဟာ (၅) လက်အောက်ခံ အဖွဲ့တဖွဲ့က လုပ်ဆောင်ခဲ့သည်ဟု ဆိုထားသည်။

ထိုသို့သော ရေးသားထားချက်များသည် တဖက်သတ် စွပ်စွဲချက်များသာဖြစ်ပြီး ပေါက်ကွဲမှုဖြစ်တိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကိုသာ စစ်အစိုးရက အပြစ်တင်လေ့ရှိကြောင်းနှင့် ယခုတိုက်ခိုက်မှုများမှာ ၎င်းတို့လက်ချက် မဟုတ်ကြောင်း KNU က ယခုလ ၂၈ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ထို့ပြင် KNU မှာ ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်သည့် အဖွဲ့မဟုတ်ကြောင်းနှင့် စစ်အစိုးရသာလျှင် ကုလသမဂ္ဂတွင် လက်မှတ်ရေးထိုးထားသည့် ဂျီနီဗာသဘောတူညီချက်ကို ဖောက်ဖျက်ပြီး ပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်နေကြောင်း တုံ့ပြန်ချေပခဲ့သည်။

(ရဲရင့်အောင် တည်းဖြတ်သည်။)


 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1541 guests online