ဗုဒ္ဓဟူး, ၂၃ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ဗဟိုဦးစီးအဖွဲ့ဝင် စာရင်း ပေးပို့ရန် NLD ဥက္ကဋ္ဌ ညွှန်ကြား

ဗဟိုဦးစီးအဖွဲ့ဝင် စာရင်း ပေးပို့ရန် NLD ဥက္ကဋ္ဌ ညွှန်ကြား

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ)။     ။ ပြန်လည်ဖွဲ့စည်းမည့် ဗဟိုဦးစီးအဖွဲ့ CC တွင် အဖွဲ့ဝင်အဖြစ် လျာထားမည့် အမည်စာရင်း တင်သွင်းရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ က ပြည်နယ်/တိုင်း စည်းရုံးရေးအဖွဲ့ ဥက္ကဋ္ဌများထံ ယခုလ ၂၇ ရက်နေ့တွင် ညွှန်ကြားစာ ပေးပို့လိုက်သည်။

လာမည့်လ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့တွင် ရွေးချယ်ထားသည့် စာရင်းနှင့်အတူ သက်ဆိုင်ရာ ပြည်နယ်/တိုင်း စည်းရုံးရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့သည် ရန်ကုန် ပါတီရုံးချုပ်တွင် CEC အဖွဲ့နှင့် တွေ့ဆုံညှိနှိုင်းရန် ညွှန်ကြားခြင်း ဖြစ်သည်။

“ပါတီလုပ်ငန်းတွေ အရှိန်မြှင့်နိုင်ဖို့ ဆောင်ရွက်တာပါ။ ပြောင်းလဲလာတဲ့ နိုင်ငံရေးအခြေအနေမှာ အဖွဲ့ချုပ်အနေနဲ့  ပြောင်းလဲရမယ့် အခြေအနေ ရှိနေတယ်။ CC အင်အားသစ်တွေ တိုးလာလို့ရှိရင် ပြည်နယ်နဲ့ တိုင်းတွေမှာ လုပ်ငန်းတွေ တိုးချဲ့လုပ်ကိုင်ဖို့၊ စည်းရုံးရေးလုပ်ငန်းတွေ အရှိန်မြှင့်တင်ဖို့ပါ။ ဖေဖော်ဝါရီလ ၁၆-၁၇ ရက်တွေမှာ အဖွဲ့ချုပ်ရုံးကိုလာပြီး CEC နဲ့အတူ ဆွေးနွေးညှိနှိုင်းမှာ ဖြစ်ပါတယ်” ဟု အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

ယခုလ ၂၅ ရက်နေ့တွင် ကျင်းပခဲ့သည့် CEC အစည်းအဝေး ဆုံးဖြတ်ချက်အရ နိုင်ငံတဝှမ်းရှိ ပြည်နယ်/တိုင်းသို့ ပါတီဥက္ကဋ္ဌက ၂၇ ရက်နေ့တွင် ညွှန်ကြားစာကို ယခုလို ပေးပို့ခဲ့ခြင်းလည်း ဖြစ်သည်။

“CC ကို ပြန်လည်အသစ်ဖွဲ့မှာ ဖြစ်တယ်။ တတိုင်းတပြည်လုံးမှာရှိတဲ့ တိုင်းနဲ့ ပြည်နယ်၊ မြို့နယ်တွေကို ကိုယ်စားပြုမယ့် ပုဂ္ဂိုလ်တွေနဲ့ CC အဖွဲ့ဝင် အများဆုံး ၁၂ဝ၊ အနည်းဆုံး ၉ဝ လောက် ဖွဲ့ဖို့အတွက် လျာထားတယ်။ သူတို့ဟာသူတို့ အောက်ခြေကနေ ရွေးချယ်ပြီးတော့၊ ကျနော်တို့ ဗဟိုကို တက်လာပြီးတော့ အောက်ခြေက ရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းပြီးတာနဲ့ စတင်ဆောင်ရွက်မှာပါ” ဟု ဦးအုန်းကြိုင်က ဆိုသည်။

ညွှန်ကြားစာထဲတွင် NLD ကို ကျစ်လစ်ခိုင်မာ တောင့်တင်းရန်နှင့် ရှေ့လုပ်ငန်းစဉ်များ ထိရောက်စွာ လုပ်ဆောင်ရန်အတွက် အရည်အချင်းရှိသူ၊ အဖွဲ့ချုပ်အပေါ် သစ္စာရှိသူ၊ အဖွဲ့ချုပ်နှင့် ယနေ့အထိ မကင်းမကွာ တာဝန်ထမ်းဆောင်နေသူ၊  အဖွဲ့ချုပ်၏ လက်ရှိမူဝါဒ သဘောထားများအတိုင်း ရပ်တည်နေသူ၊ အဖွဲ့ချုပ်၏ စည်းမျဉ်းစည်းကမ်းများအရ အရေးယူခံနေရသူ မဖြစ်စေရ ဟူသည့် ရွေးချယ်ရေးမူ ၅ ချက်ဖြင့် ရွေးချယ်သွားရမည်ဟု ဆိုထားသည်။ 

ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် အမျိုးသမီး လုပ်ငန်းအဖွဲ့တို့အနေဖြင့် အများဆုံး ၅ ဦး ထက်မပိုစေရဘဲ ရွေးချယ် ဆုံးဖြတ်ရန်နှင့် စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် ရှမ်းပြည်နယ်တို့အနေဖြင့် အများဆုံး ၇ ဦးထက် မပိုစေဘဲ ရွေးချယ်ဆုံးဖြတ်ကြရန်လည်း ညွှန်ကြားထားသည်။

ထို့ပြင် ပြည်နယ်/တိုင်း စည်းရုံးရေးအဖွဲ့များက ရွေးချယ်ဆုံးဖြတ်ထားသူများသည် ဗဟိုဦးစီးအဖွဲ့ဝင်ဖြစ်ရန် လျာထားစာရင်းသာဖြစ်ကြောင်းနှင့် ယင်းလျာထားစာရင်းနှင့်အတူ သက်ဆိုင်ရာ ပြည်နယ်/တိုင်း စည်းရုံးရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့သည် ဗဟိုဌာနချုပ်သို့ လာမည့်လ (၁၆/၁၇) ရက်နေ့အရောက် လာရောက်၍ CEC နှင့် တွေ့ဆုံညှိနှိုင်းကြရမည်ဟု ဆိုသည်။

ထို့နောက် CEC သည် ပြည်နယ်/တိုင်းများတွင် CC အဖွဲ့ဝင်ဦးရေ လျှော့ခြင်း၊ တိုးခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ လုပ်ငန်းလိုအပ်ချက်အရ ပါဝင်သင့် ပါဝင်ထိုက်သော ပုဂ္ဂိုလ်များကို ထည့်သွင်းနိုင်ခြင်း လုပ်ပိုင်ခွင့်ရှိပါကြောင်းနှင့် CEC က စိစစ်သုံးသပ်ပြီး အပြီးသတ် ရွေးချယ်အတည်ပြု၍ CC ကို ဖွဲ့စည်းမည်ဟု ရေးသားဖော်ပြထားသည်။

ပြန်လည်ဖွဲ့စည်းမည့် CC (ဗဟိုဦးစီးအဖွဲ့) စာရင်းကို လာမည့် လကုန်ပိုင်းတွင် အပြီးသတ် ကြေညာဖွယ်ရှိကြောင်း CEC (ဗဟိုအလုပ်အမှုဆောင်) အဖွဲ့ဝင်အချို့က ခန့်မှန်းပြောဆိုကြသည်။

ညွှန်ကြားစာနှင့်ပတ်သက်၍ မကွေးတိုင်း ရေနံချောင်းမြို့မှ ပါတီခေါင်းဆောင်တဦးကို မေးမြန်းကြည့်ရာ ယနေ့အချိန်ထိ စာမရောက်သေးသော်လည်း လာမည့်လ ၄ ရက်နေ့တွင် ပါတီအစည်းအဝေးရှိသဖြင့် ထို့နေ့တွင် သိရှိနိုင်ကြောင်း ပြောဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို CEC အဖွဲ့ဝင် ၁၁ ဦး ရှိခဲ့ရာမှ ယခုလ ၁၄ ရက်နေ့တွင် အဖွဲ့ဝင်သစ် ၉ ဦး ထပ်မံတိုးချဲ့ခဲ့ပြီးနောက် ဗဟိုဦးစီးအဖွဲ့ - CC ကို ပြန်လည်ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ CEC တွင် ယခုအခါ အဖွဲ့ဝင် စုစုပေါင်း ဦးရေ ၂ဝ ရှိသွားပြီဖြစ်သည်။

ပြည်နယ်/တိုင်း ကိုယ်စားလှယ်များဖြင့် ၁၉၉ဝ ခုနှစ်အတွင်း စတင်ဖွဲ့စည်းခဲ့သည့် CC အဖွဲ့ဝင် ဦးရေ ၈ဝ ရှိခဲ့သော်လည်း ၁၉၉၇ ခုနှစ်တွင် အဖွဲ့ဝင် အများအပြားကို အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းခဲ့သဖြင့် ဖျက်သိမ်းခဲ့သည့် သဘောမျိုး ဖြစ်ခဲ့ရကြောင်း သိရသည်။

ယခုလ ၂၆ ရက်နေ့တွင်လည်း ဗဟို CEC အဖွဲ့ဝင်များထဲမှ ရန်ကုန်တိုင်း NLD တာဝန်ရှိသူများသည် ၎င်းတို့ တိုင်းအတွင်းရှိ မြို့နယ် ၄ဝ အနက် မြို့နယ် ၂ဝ မှ ဥက္ကဋ္ဌများ၊ စည်းအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သလို၊ ယမန်နေ့ကလည်း ကျန်ရှိသည့် မြို့နယ် ၂ဝ နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

“အဖွဲ့ချုပ်ရဲ့ စည်းရုံးရေး ကိစ္စတွေနဲ့ ပတ်သက်လို့  မြို့နယ်က တင်ပြတယ်။ သူတို့ရဲ့ ဆန္ဒသဘောထားတွေ၊ အောက်ခြေလူထုရဲ့ သဘောထားတွေ ဘယ်လိုရှိလဲဆိုတာကို ဆွေးနွေးတဲ့ သဘောပါ။ တင်ပြချက်တွေကို  ရန်ကုန်တိုင်း တာဝန်ခံတွေက ပြန်ရှင်းပြတယ်။ အဓိက ရွှေဂုံတိုင် ကြေညာချက်အပေါ် ဘယ်လိုသဘောထားလဲ။ စည်းရုံးရေးကိစ္စတွေ ဘယ်လိုရှိသလဲဆိုတာ ဆွေးနွေးကြတာပါ” ဟု အဖွဲ့ချုပ် ရန်ကုန်တိုင်း တာဝန်ခံနှင့် CEC အဖွဲ့ဝင် တဦးဖြစ်သူ ဒေါက်တာဝင်းနိုင်က မဇ္ဈိမကို ပြောသည်။

(ရဲရင့်အောင် တည်းဖြတ်သည်။)

 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1549 guests online