တနင်္ဂနွေ, ၁၄ မတ် ၂၀၁၀

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ဝန်ကြီးပြောဆိုချက် တရားရုံး လုပ်ပိုင်ခွင့်ကို ထိပါးဟု ဒေါ်စု ပြော

ဝန်ကြီးပြောဆိုချက် တရားရုံး လုပ်ပိုင်ခွင့်ကို ထိပါးဟု ဒေါ်စု ပြော

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ)။     ။ စစ်အစိုးရ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ဒေါ်အောင်ဆန်းစုကြည်အား နိုဝင်ဘာတွင် ပြန်လွှတ်ပေးမည်ဟု ပြောခြင်းသည် တရားရုံး၏ လုပ်ပိုင်ခွင့်ကို ထိပါးရာရောက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောဆိုလိုက်သည်။

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့၌ ဗိုလ်ချုပ်မောင်ဦးက ယင်းသို့ ပြောဆိုခဲ့ခြင်းမှာ မပြောဆိုသင့်သော စကားဖြစ်သည်ဟု ယနေ့ သူမ၏ ရှေ့နေများနှင့် တွေ့ဆုံစဉ် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ဒါနဲ့ပတ်သက်ပြီး ဒေါ်စုပြောတာက ဒီလိုပြောကြားခဲ့တယ်ဆိုရင် တရားရုံးက အပြီးသတ် အဆုံးအဖြတ် မပြုခင်မှာ တရားရုံးရဲ့ လုပ်ပိုင်ခွင့်ကို ထိပါးရာရောက်တယ်။ ဒါဟာ မမှန်ကန်တဲ့ မပြောကြားသင့်တဲ့ စကားမျိုးဖြစ်တယ်။ အဲဒီလိုမျိုး (ဒေါ်အောင်ဆန်းစုကြည်က) ပြောပါတယ်” ဟု ရှေ့နေ ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

“တရားရုံးချုပ်က ဒီအမှုနဲ့ ပတ်သက်ပြီးတော့ လုံးဝ လွတ်မယ်မလွတ်ဘူး ဆုံးဖြတ်ဖို့အကြောင်း ရှိမယ်။ နိုဝင်ဘာလမှာ လွတ်မယ်ဆိုတော့ တရားရုံးချုပ်က ဆုံးဖြတ်လို့ မရတော့ဘူးဆိုတဲ့ အဓိပ္ပာယ် မရောက်ဘူးလား။ တရားရုံးချုပ်ရဲ့ လုပ်ပိုင်ခွင့်ကို ထိပါးရာရောက်တဲ့ ပြောကြားချက်ပါ” ဟု သူက ဆက်ပြောသည်။

ရှေ့နေ ၄ ဦး အပါအဝင် အိမ်ပြင်ဆင်ရေး ကိုယ်စားလှယ် ဦးထင်ကျော်တို့ ၅ ဦးကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးရန် အထူးရဲသတင်းတပ်ဖွဲ့ထံသို့ ယမန်နေ့က တောင်းဆိုခဲ့သော်လည်း ယနေ့တွင် ရှေ့နေ ဦးဥာဏ်ဝင်းနှင့် ဦးထင်ကျော်တို့ ၂ ဦးသာ တွေ့ဆုံခွင့် ရရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အကိုဖြစ်သူ အမေရိကန် နိုင်ငံသား ဦးအောင်ဆန်းဦးက တက္ကသိုလ် ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေထိုင်လျက်ရှိသော နေအိမ် ပြင်ဆင်နေမှုအား တားဝရမ်း လျှောက်လဲမှုနှင့် ပတ်သက်၍ ယနေ့ ၂ နာရီခွဲကြာ ဆွေးနွေးခဲ့ကြသည်။

တားဝရမ်း လျှောက်ထားမှုနှင့် ပတ်သက်၍ သံသယရှိသည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက် ချလိုက်ကြောင်း သိရသည်။

“တရားဝင် ခွင့်ပြုချက်အတိုင်း အိမ်ပြင်တယ်။ ရပ်ထားပါဆိုလို့ ရပ်ထားတယ်။ ဒါပေမဲ့ ဘာကန့်ကွက်တာလဲ၊ ဘာအကြောင်းပြချက်လဲ။ ဒါကိုပဲ တားဝရမ်း ပြန်ထုတ်တာ၊ ဒီကိစ္စတွေဟာ သွေးရိုးသားရိုး ဟုတ်ရဲ့လား၊ သံသယရှိတယ်လို့ မှတ်ချက်ချပါတယ်” ဟု ရှေ့နေ ဦးဥာဏ်ဝင်းက မဇ္ဈိမကို တဆင့်ပြန်ပြောသည်။

ဦးအောင်ဆန်းဦးက သူ၏ ရှေ့နေ ဦးဟန်တိုးမှတဆင့် ယခုလ ၂၁ ရက်နေ့တွင် ရန်ကုန်တိုင်း တွဲဖက် ၂ တရားရုံးတွင် တားဝရမ်း လျှောက်လဲချက် တင်ခဲ့ခြင်း ဖြစ်သည်။

နေအိမ်ပြင်ဆင်မှုကို ဒီဇင်ဘာလ ၁၅ ရက်နေ့ကလည်း ဦးအောင်ဆန်းဦး၏ ကိုယ်စားလှယ် ဦးစိုးဝင်းနိုင် ဆိုသူသည် မြို့တော် စည်ပင်သာယာရေးသို့ နှုတ်ဖြင့် ကန့်ကွက်ခဲ့သည်။

မြို့တော် စည်ပင်သာယာ၏ ခွင့်ပြုချက်အရ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလလယ်မှစ၍ ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလအတွင်း အပြီးသတ် ပြင်ဆင်ရန် ခွင့်ပြုထားရာမှ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ရပ်နားလိုက်ရခြင်း ဖြစ်သည်။

ယင်း ကန့်ကွက် တားဆီးမှုနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက လာမည့်လ ၄ ရက်နေ့ ရုံးချိန်း၌ တရားဥပဒေအရ ကန့်ကွက် ချေပသွားမည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ လက်ရှိ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်း သူ၏ ရှေ့နေက ပြောသည်။

(ကိုဝိုင်း တည်းဖြတ်သည်။)


 

Donation

Email Subscribtion

Input Anti-Spam code.
777
Name:
Email:

Who is Online

We have 1005 guests online

Editor's choice

ဘန်ကောက်ကို လေဖြတ်အောင် လုပ်ရန် ရှပ်နီများကြံ

ယခုသီတင်းပတ်ကုန်များတွင် အစိုးရဆန့်ကျင်ရေး လူထုဆန္ဒပြပွဲများ ပေါ်ပေါက်နိုင်သဖြင့် ထိုင်းနေပြည်တော်မှာ အရေးပေါ် ...

အမွန်းကျပ်ဆုံး အချိန်

ယခင်အာဏာရှင် ဦးနေဝင်းအစိုးရလက်ထက် ဖျက်သိမ်းခံလိုက်ရသော ဟံသာဝတီ သတင်းစာ၏ အယ်ဒီတာ၊ အမျိုးသားဒီမိုကရေစီ ...

မြန်မာရွေးကောက်ပွဲ ဥပဒေကို စိတ်ပျက်လှကြောင်း အမေရိကန်ပြော

စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေက အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၂၁၀၀ ကျော်သော နိုင်ငံရေး ...

ရွေးကောက်ပွဲ ဥပဒေက ပြည်ပနေ မြန်မာများအတွက် ပီပြင်မှု မရှိ

စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေက စီးပွားရေးနှင့် နိုင်ငံရေးကြောင့် ပြည်ပတွင် ပြန့်နှံ့ရောက်ရှိနေသော မြန်မာသန်းပေါင်းများစွာ၏ ...