ဗုဒ္ဓဟူး, ၂၃ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ဝန်ထမ်း လစာ တိုးပေမယ့် မပျော်ရဲကြ

ဝန်ထမ်း လစာ တိုးပေမယ့် မပျော်ရဲကြ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

မဇ္ဈိမသတင်းဌာန ။     ။ စစ်အစိုးရက နေ့စား လုပ်သားများ အပါအဝင် ဝန်ထမ်းများ အားလုံး လစာနှုန်းထား တိုးမြှင့်ပေးမည့် သတင်းနှင့်အတူ ကုန်ဈေးနှုန်းများ မြင့်တက်လာနေတော့သည်။

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ဝန်ထမ်းက အမိန့်ကြော်ငြာစာအမှတ် (၁၈၄/၂၀၀၉) ဖြင့် အစိုးရ ဝန်ထမ်းများကို ပုံသေနှုန်းထား ကျပ်နှစ်သောင်းစီ တိုးမြှင့်မည်ဖြစ်ကြောင်း  ယခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာခဲ့သည်။

"ဝန်ထမ်းများ၏ စားဝတ်နေရေး သက်သာ ချောင်လည်မှု ရရှိစေရန် လည်းကောင်း၊ တပ်မတော်နေ့ကို ဂုဏ်ပြုသည့် အနေဖြင့် လည်းကောင်း ” တိုးမြှင့်ပေးခဲ့ခြင်း ဖြစ်သည်ဟု ပါရှိသည်။

အခေါက် ရွှေဈေးက လစာတိုး ကြေညာချက် ထွက်ပေါ်လာပြီး တပတ်အကြာတွင် တကျပ်သားလျှင် ကျပ် ၁ သောင်း တက်သွားကာ ယမန်နေ့ ပေါက်ဈေးမှာ တကျပ်သားလျှင် ၆၁၅၀၀၀ ကျပ် ဖြစ်သည်။

ဘိုကလေးမြို့ ဈေးထဲမှ ကုန်ခြောက် ရောင်းသူတဦးက “ဈေးနှုန်းတွေက လွတ်လပ်ရေးနေ့ပြီးမှ ပိုတက်လာတာ။ ပဲဆီကတော့ ၃၂၀၀ ကနေ ၃၅၀၀ တက်သွားတယ်။ စားအုန်းဆီကတော့ ၁၉၀၀ ကနေ၊ အခု ၂၁၀၀ တက်သွားတယ်။ ကြက်သွန်နီဆိုရင် တပိဿာကို ၆၅၀ ကနေ၊ ၇၅၀ တက်သွားတယ်။ ကျန်တဲ့ ကုန်ခြောက်တွေလည်း အရင်ဈေးထက် ၁၀၀၊ ၂၀၀ အသီးသီး တက်သွားတာပေါ့” ဟု မဇ္ဈိမကို ပြောသည်။ 

အစိုးရ ဝန်ထမ်းအချို့ကမူ လစာတိုး၍ ဝမ်းသာရမည်ထက် ကုန်ဈေးနှုန်း တက်၍ လစာနှင့် အသုံးစရိတ် မလောက်မည်ကို ပို၍ စိုးရိမ်နေကြသည်။ 

အင်းစိန်ဆေးရုံမှ ဝန်ထမ်း တဦးက “ကျနော်ဆို ၃ သောင်းကျော်ပဲ ရတယ်။ လင်မယား ၂ ယောက် ငွေ ၃ သောင်း ကျော်လေးနဲ့ ဒီခေတ်မှာ ဘယ်လိုလောက်နိုင်မလဲ။ ကိုယ့်ဟာကိုယ်ပဲ ရှာကြံ ဖြည့်တင်းရတာပဲ။ ဒါကြောင့် ကုန်ဈေးနှုန်းသာ ကျပါစေ၊ လစာမတိုးလည်း ကျေနပ်ပါတယ်” ဟု ဆိုသည်။ 

ယခင်က ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းများရှိ နေ့စား အလုပ်သမားများကို အလုပ်ချိန် တနေ့ ၈ နာရီအတွက် ကျပ် ၅၀၀ သာ တရားဝင် ပေးခဲ့ရာမှ ယခု ကျပ် ၁၁၀၀ သို့ ပြောင်းလဲ သတ်မှတ်လိုက်သည်။ သို့သော် အခြေခံ လစာနှုန်းထားများနှင့် နေ့စားလုပ်ခများကို တိုးမြှင့်ပေးခဲ့ခြင်း ဖြစ်ပြီး နှစ်တိုး လစာနှုန်းထားများမှာမူ ပြောင်းလဲခြင်း မရှိပေ။

1


စစ်ဘက်ဆိုင်ရာ ဝန်ထမ်းများ အတွက်မူ သတ်မှတ်ထားသော လစာနှင့် စရိတ်နှုန်းထားများအပြင် အငြိမ်းစား လစာနှင့် ဆုကြေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ကာကွယ်ရေး ဝန်ကြီးဌာန၊ ကာကွယ်ရေး ကောင်စီသို့ တင်ပြ အတည်ပြုချက် ရယူရမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံရပ်ခြားတွင် တာဝန် ထမ်းဆောင်နေသည့် အစိုးရ ဝန်ထမ်းများမှာမူ တာဝန် ထမ်းဆောင်နေစဉ် လက်ရှိ လစာ နှုန်းထားအတိုင်းသာ နိုင်ငံခြားငွေဖြင့် ဆက်လက် ထုတ်ယူရမည်ဖြစ်ပြီး မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိချိန်မှသာ လစာ နှုန်းထားသစ်ကို ခံစားခွင့်ရမည် ဖြစ်သည်။

ဘိုကလေးမြို့မှ ဆန်ရောင်းသူ ကိုမိုးဇော်က “ဆန်ဈေးနှုန်းက ဒီအပတ်ထဲမှာပဲ တက်သွားတာ။ အရင် ဈေးနှုန်းကတော့ ပေါ်ဆန်းမွှေး တအိတ်ကို ၁၆၅၀၀ ကနေ အခု ၁၈၀၀၀ အထိ တက်သွားတယ်။ ဆန်ကြမ်းကျတော့ အရင်က ၁၄၀၀၀ ကနေ ၁၄၅၀၀ အထိ ရှိတယ်။ အခုတော့ ဆန်ကြမ်းဈေးလည်း ၁၅၀၀၀၊ ၁၆၅၀၀ အထိ တက်သွားတယ်” ဟု မဇ္ဈိမ ကို ပြောသည်။ 

လက်ရှိ စစ်အစိုးရ အာဏာသိမ်းသည့် အချိန်မှ စတင်၍ ၁၉၈၉ ခုနှစ်၊ ၁၉၉၃ ခုနှစ်၊ ၂၀၀၀ ခုနှစ်၊ ၂၀၀၆ ခုနှစ်များ၌ အစိုးရ ဝန်ထမ်းများ လစာတိုးမြှင့်ခြင်း ပြုလုပ်ခဲ့ပြီး၊ ယခု ၂၀၁၀ ခုနှစ်တွင် လစာ တိုးမြှင့်လိုက်ခြင်းသည် နအဖ စစ်အစိုးရ လက်ထက်၌ ၅ ကြိမ်မြောက် ဖြစ်သည်။


 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1587 guests online