သောကြာ, ၀၃ စက်တင်ဘာ ၂၀၁၀

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > အန်အယ်ဒီက CEC စုံညီ အစည်းအဝေး ကျင်းပလို

အန်အယ်ဒီက CEC စုံညီ အစည်းအဝေး ကျင်းပလို

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ)။    ။ ပါတီ ဗဟို အလုပ် အမှုဆောင်အဖွဲ့ CEC တိုးချဲ့ ဖွဲ့စည်းရေး အတွက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် CEC အဖွဲ့ဝင် ၁၁ ဦးလုံး ပါဝင်သည့် စုံညီ အစည်းအဝေး ကျင်းပရန် လိုအပ်နေကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောသည်။

“ပထမ အနေနဲ့ ဒီလိုကိစ္စဟာ ရှေ့လုပ်ငန်းစဉ်နဲ့ ပတ်သက်နေတဲ့ အတွက် တိုးချဲ့ ဖွဲ့စည်းရေးကိုတော့ သူတို့ (စစ်အစိုးရ) က ခွင့်ပြုရမှာ ဖြစ်တယ်။ နိုင်ငံရေး သဘောအရ ခွင့်ပြုရမှာ ဖြစ်တယ်။ တကယ်လို့ ခွင့်မပြုဘူး ဆိုရင်လည်း၊ ပါတီ ဥပဒေတွေ စည်းမျဉ်း စည်းကမ်း ထွက်လာခဲ့ရင်လည်း မလွှဲမရှောင်သာ ဆောင်ရွက်ကြရမှာ ဖြစ်တယ်” ဟု ပါတီပြောခွင့်ရ ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။

“တွေ့ခွင့်မပြုဘူးဆိုရင်လည်း လက်ရှိကော်မတီက ဆက်လက် ဆောင်ရွက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို အကြောင်းကြားရမှာပေါ့ဗျာ။ တကယ်လို့ မျက်နှာစုံညီ မတွေ့နိုင်ဘူးဆိုရင်လည်း အကြောင်းကြားပြီးတော့ အရေးပေါ် လုပ်သင့်ရင်လည်း နောက်ဆုံးအချိန်မှာ  မလွဲမသွေ ဆောင်ရွက်ရမှာ ဖြစ်တဲ့အတွက် အဲဒီအချိန်ကျမှ စဉ်းစား ဆုံးဖြတ်ပြီးတော့ လုပ်ဖို့ ဆုံးဖြတ်ထားပါတယ်။ ” ဟု သူက ဆက်ပြောသည်။

အသက်အရွယ်ကြီး ပါတီ ခေါင်းဆောင်များဖြစ်သည့် ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်နှင့် CEC အဖွဲ့ဝင် ဦးလွန်းတင်တို့ကို ရန်ကုန်ရှိ အစိုးရဧည့်ဂေဟာ စိမ်းလဲ့ကန်သာတွင် ဒေါ်အောင်ဆန်းစုကြည်က ယခုလ ၁၆ ရက်နေ့တွင် တွေ့ဆုံစဉ် ပါတီ CEC တိုးချဲ့ ဖွဲ့စည်းရေးအတွက် သဘောတူခဲ့ကြသည်။

လွန်ခဲ့သည့် နှစ် ၂၀ အတွင်း ၁၄ နှစ်ကျော် အချုပ်နှောင်ခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက အကျယ်ချုပ် ကျခံနေရသည့် ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦး အပါအဝင် CEC အဖွဲ့ဝင် ၁၁ ဦးနှင့် တွေ့ဆုံခွင့်ပြုရန် စာရေးသား တောင်းဆိုခဲ့သော်လည်း ယခုထိ တွေ့ခွင့် မရသေးပါ။

အန်အယ်ဒီ CEC အဖွဲဝင်များအနေဖြင့် သဘောတူညီမှု ရရှိခဲ့သော်လည်း မျက်နှာစုံညီ အစည်းအဝေး မရှိသေးသဖြင့် အပြီးအပိုင် ဆုံးဖြတ်၍ မရသောကြောင့် စစ်အစိုးရ၏ ခွင့်ပြုချက်ကို စောင့်ဆိုင်း နေရကြောင်း ဦးခင်မောင်ဆွေက ပြောသည်။

ယခုလ ၉ ရက်နေ့တွင် အန်အယ်ဒီက ကြေညာချက်တရပ် ထုတ်ပြန်ရာတွင် ပါတီ CEC အဖွဲ့ဝင် ၁၁ ဦးမှာ ဦးအောင်ရွှေ (ဥက္ကဋ္ဌ)၊ ဦးတင်ဦး (ဒုဥက္ကဋ္ဌ)၊ ဒေါ်ဆောင်ဆန်းစုကြည် (အထွေထွေ အတွင်းရေးမှူး)၊ ဦးလွင် (အတွင်းရေးမှူး)၊ အဖွဲ့ဝင်များအဖြစ် ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးစိုးမြင့်၊ ဦးလှဖေ၊ ဦးလွန်းတင်၊ ဦးညွှန့်ဝေနှင့် ဦးခင်မောင်ဆွေတို့ဖြစ်ကြောင်း ဖော်ပြခဲ့သည်။


 

အထူးအစီရင်ခံစာ

drug
e-letter-burmese

Donation

Amount in USD:

Who is Online

We have 509 guests online