သောကြာ, ၀၃ စက်တင်ဘာ ၂၀၁၀

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ဒီမိုကရက်တစ် ပါတီဝင် အမျိုးသမီးများ စည်းရုံးရေး ဆင်းနေပြီ

ဒီမိုကရက်တစ် ပါတီဝင် အမျိုးသမီးများ စည်းရုံးရေး ဆင်းနေပြီ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
နယူးဒေလီ (မဇ္စျိမ)။     ။ ဒီမိုကရက်တစ် ပါတီ DP မှ အမျိုးသမီးတစုက ရန်ကုန်တိုင်းရှိ မြို့နယ်တချို့တွင် စည်းရုံးရေး လုပ်ငန်း စတင်နေပြီ ဖြစ်သည်။

တွံတေး၊ သုံးခွ၊ ဆိတ်ကြီးခနောင်တို၊ ကြည့်မြင်တိုင်၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ တောင်ဥက္ကလာ၊ ရန်ကင်း စသည့် မြို့နယ် ၈ ခုတွင် စည်းရုံးရေး စတင်နေပြီဖြစ်ကြောင်း DP ဗဟိုဌာနချုပ် အလုပ်အမှုဆောင်အဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။

“အိမ်တိုင်ရာရောက် သွားတာရှိသလို၊ ကျမအိမ် (တောင်ဥက္ကလာပ) မှာ လုပ်တာများတယ်။ အရင်က ဒီမိုကရေစီ ပါတီဝင်ဟောင်းအိမ်တွေ၊ ထောက်ခံသူတွေ အိမ်ကို အခြေပြု ဆင်းနေတာပါ။ ပါတီ ဖွဲ့ပြီးကတည်းက လုပ်နေတာပါ” ဟု DP စည်းရုံးရေး တာဝန်ခံ ၆၅ နှစ်အရွယ် ဒေါ်တင်တင်မြက ပြောသည်။

ဒေါ်တင်တင်မြသည် ၁၉၉၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဖျက်သိမ်းခံခဲ့ရသည့် ဝါရင့် နိုင်ငံရေး သမားကြီး ဦးသုဝေ၏ ‘ဒီမိုကရေစီပါတီ’ တွင်လည်း စည်းရုံးရေး တာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့သူ ဖြစ်သည်။

ယခုလို စည်းရုံးရေး ဆင်းရာတွင် အောက်ခြေ လူတန်းစား အဆင့် အိမ်ထောင်စုဝင် အများစုသည် စားဝတ်နေရေး မပြေလည်မှုများ ကြုံတွေ့နေရပြီး၊ အိမ်ခန်းငှားခများ အခက်တွေ့နေရသည့်အပြင် ကျန်းမာရေး လိုအပ်ချက်များ ရှိနေသည်ကို တွေ့မြင်ခဲ့ရကြောင်း ဒေါ်တင်တင်မြက ပြောသည်။

“ကျမတို့က အိမ်ရှင်မတွေကို အခြေခံ လိုအပ်ချက်လေးတွေဖြစ်တဲ့ ကျန်းမာရေး၊ ကလေး ပညာရေးတွေဟာ ဒီမိုကရေစီရှိရင် ဒီလိုအခက်အခဲတွေ ပြေလည်သွားနိုင်တယ်။ ဒါကြောင့် ကျမတို့ပါတီကို ထောက်ခံပါလို့ စည်းရုံးတယ်” ဟု သူက ပြောသည်။

မြန်မာ အမျိုးသမီး အများစုတွင် နိုင်ငံရေးနှင့် ပတ်သက်၍ အခြေအနေ ၃ မျိုး မြင်တွေ့နေရသည်ဟု သူက ဆိုသည်။

“အင်တိုက် အားတိုက် ကျမတို့ကို ထောက်ခံနေသူတွေ ရှိသလို၊ တချို့က မဲပေးဖို့ စောင့်နေတာ ရှိတယ်။ အများစုက နိုင်ငံရေးအကြောင်း နားမလည်တာတွေ ရှိတယ်” ဟု သူက ပြောသည်။

လက်ရှိတွင် ၎င်းတို့ပါတီတွင် အမာခံ အမျိုးသမီး ဦးရေ ၂၀ ရှိနေပြီး၊ အများစုမှာ ရွေးကောက်ပွဲ စည်းမျဉ်း ဥပဒေကို စောင့်ဆိုင်းနေကြသဖြင့် အမည်စာရင်း ပေးသွင်းနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ယခုလို စည်းရုံးရေး လုပ်ဆောင်ရာတွင် ရန်ကုန် သတင်း ရဲတပ်ဖွဲ့ဝင် တချို့က လိုက်လံ စောင့်ကြည့်မှုများ ရှိသလို၊ စည်းရုံးရေး ဆင်းနေစဉ် နေအိမ်တချို့ကို လာရောက်၍ သတင်း မေးမြန်းစုံစမ်းခြင်း ပြုလုပ်နေကြောင်း သိရသည်။ သို့သော် တစုံတရာ လိုက်လံနှောင့်ယှက်ခြင်းမျိုး မရှိပေ။

DP အမျိုးသမီး အဖွဲ့အနေဖြင့် ရွေးကောက်ပွဲ စည်းမျဉ်း ဥပဒေများ ထုတ်ပြန်ပြီးနောက်တွင် ဧရာဝတီတိုင်း အတွင်းရှိ ဖျာပုံ၊ ဘိုကလေး၊ ဒေးဒရဲ၊ မန္တလေး၊ မြင်းခြံ၊ မှော်ဘီ၊ တိုက်ကြီး၊ ကျိုက်လတ် စသည့် မြို့နယ်များကိုလည်း စည်းရုံးရေးဆင်သွားမည်ဟု သိရသည်။

“စည်းရုံးရေး မဆင်းရသေးတဲ့ နေရာတွေက တိုက်ကြီး၊ မှော်ဘီ၊ ရွှေပြည်သာ၊ လှိုင်သာယာ ကျန်တဲ့ နေရာမှာတော့ အဖွဲ့ဝင်တွေက ကိုယ့်မြို့နယ်တွေကို တာဝန်ယူလုပ်ခဲ့ပြီးသားဆိုတော့ သိပ်မလိုတော့ပါဘူး” ဟု ဒေါ်တင်တင်မြက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် ဗဟို အလုပ်အမှုဆောင် ၁၅ ဦးနှင့် ဖွဲ့စည်းခဲ့သည့် ဒီမိုကရက်တစ် ပါတီ DP တွင် ဦးသုဝေက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး နိုင်ငံရေး ခေါင်းဆောင်ဟောင်းများ၏ သမီးများဖြစ်သည့် ဒေါ်သန်းသန်းနု၊ ဒေါ်ချိုချိုကျော်ငြိမ်းနှင့် ဒေါ်နေရီဗဆွေတို့ဖြင့် ဦးဆောင် ဖွဲ့စည်းခဲ့သည်။


 

အထူးအစီရင်ခံစာ

drug
e-letter-burmese

Donation

Amount in USD:

Who is Online

We have 511 guests online