နယူးဒေလီ (မဇ္ဈိမ)။ ။ အင်းစိန်ထောင်၌ တရားဆိုင်နေရသည့် အမေရိကန် နိုင်ငံသား ကိုညီညီအောင်ကို လူဝင်မှု ကြီးကြပ်ရေး လဝက က မှတ်ပုံတင်မှုဖြင့် ယနေ့ ထပ်မံ၍ တရားစွဲဆိုကြောင်း သူ၏ ရှေ့နေက ပြောသည်။
အင်းစိန်ထောင်တွင်း တောင်ပိုင်းခရိုင် တရားရုံးတွင် လိမ်လည်မှု အပါအဝင် အမှု ၃ မှုဖြင့် ရဲက တရားစွဲဆိုထားစဉ် ယနေ့ရုံးထုတ်ရာ၌ ရန်ကုန်တိုင်း ဗိုလ်တထောင်မြို့နယ် လဝက ကပါ ၁၉၄၉ အက်ဥပဒေအရ မှတ်ပုံတင်တွင် မမှန်မကန် ဖော်ပြမှုဖြင့် ထပ်မံ၍ တရားစွဲဆိုခြင်း ဖြစ်သည်။
“ကိုညီညီအောင်ကို အမှုတမှု ထပ်တိုးတယ်။ ၁၉၄၉ ခုနှစ် အက်ဥပဒေ ပုဒ်မ ၆ (၃) အရ မှတ်ပုံတင် ရေးသွင်းတဲ့ နေရာမှာ မမှန်မကန် ဖော်ပြတာတို့၊ မမှန်မကန် ဖြည့်စွက်မှုနဲ့ ပတ်သက်လို့ ဗိုလ်တထောင် လဝက ဦးစီးအရာရှိက တရားရုံးကို ဦးတိုက် လျှောက်ထားတဲ့အတွက် လာမယ့် ၁ ရက်နေ့မှာ အမှုတင်သင့်၊ မတင်သင့်ကို အမိန့်ချမယ်။ အမှု အသစ်အတွက်လည်း စတင်စစ်ဆေးမယ်”ဟု ရှေ့နေ ဦးဥာဏ်ဝင်းက ပြောသည်။
အသက် ၄၀ အရွယ် ကိုညီညီအောင် ခေါ် ကိုကျော်ဇောလွင်ကို ယနေ့နံနက်တွင် ထောင်တွင်း၌ ပထမ ၃ မှု စွဲချက်တင်သင့်၊ မတင်သင့်အတွက် သူ၏ ရှေ့နေများက လျှောက်လဲချက်ပေးရာ ရန်ကုန်ရှိ အမေရိကန် သံရုံးမှ ဒု-ကောင်စစ်ဝန် တဦးလည်း လာရောက် နားထောင်ခဲ့သည်။
ကိုညီညီအောင်သည် ၁၉၈၈ ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ထိုင်းနယ်စပ်သို့ ထွက်ပြေး ခိုလှုံခဲ့ပြီး အမေရိကန် နိုင်ငံသို့ ပြောင်းရွှေ့ အခြေချခဲ့ကာ မြန်မာနိုင်ငံသို့ ၈ ကြိမ် ဝင်ရောက်ခဲ့သည်။
ယခုနှစ် စက်တင်ဘာလ ၃ ရက်နေ့က သူသည် ဘန်ကောက်မြို့မှ တဆင့် ရန်ကုန်မြို့ မင်္ဂလာဒုံ လေဆိပ်သို့ ဝင်ရောက်လာစဉ် ထောက်လှမ်းရေးများက ဖမ်းဆီးခဲ့သည်။
သူ့ကို လိမ်လည်မှု ပုဒ်မ ၄၂၀၊ မှတ်ပုံတင်အတု ကိုင်ဆောင်မှု ပုဒ်မ ၄၆၈၊ နိုင်ငံခြား ငွေလဲလှယ်မှု ပုဒ်မ ၂၄ ဖြင့် တရားစွဲထားရာမှ လဝက ကပါ ပုဒ်မ ၆ (၃) မှတ်ပုံတင် ဥပဒေအရ အမှုတမှု ထပ်မံ စွဲဆိုထားခြင်း ဖြစ်သည်။