မဇ္ဈိမ (ချင်းမိုင်) ။ ။ နိုင်ငံကျော် အလှဖန်တီးရှင်များက ဦးဆောင်၍ ရန်ကုန်တိုင်း ကရဝိတ် မျှော်စင်ကျွန်း၌ ကျင်းပရန် စီစဉ်ထားသည့် ကမ္ဘာ့ AIDS နေ့ အထိမ်းအမှတ် ပြိုင်ပွဲကို ရွှေ့ဆိုင်းလိုက်ရကြောင်း ပွဲစီစဉ်သူများနှင့် နီးစပ်သူများက ပြောသည်။
မင်္ဂလာတောင်ညွန့်မြို့နယ် ကရဝိတ် မျှော်စင်ကျွန်း၌ ကွန်ဒုံး Condom အလှဆင်ရင်ပွဲနှင့် Fashion မယ် ပြိုင်ပွဲအား မနက်ဖြန်တွင်း ကျင်းပရန် စီစဉ်ထားပြီးမှ ရန်ကုန်တိုင်းမှူး ဗိုလ်ချုပ်ဝင်းမြင့်၏ လက်မှတ်မရသဖြင့် ရက်အကန့်သတ်မရှိ ရွှေ့ဆိုင်းလိုက်ရခြင်း ဖြစ်သည်။
“တိုင်းမှူးကြီး ပွဲမိန့်ချလို့ မရသေးဘူး။ အဲဒီတော့ သူတို့ ပွဲမိန့်ကို အကန့်သတ်မရှိ ရွေ့လိုက်တယ်ပေါ့လေ။ ပါမစ်မရရင်လည်း မလုပ်ရဲဘူးလေ။ တိုင်းမှူးကြီးက နေပြည်တော် သွားတာလား ဘယ်သွားတာလဲတော့ မသိဘူး။ အစည်းအဝေးတွေ ရှိတယ်လို့တော့ ပြောပါတယ်” ပွဲစီစဉ်သူများနှင့် နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။ ယင်းပွဲကို မနက်ဖြန် ည ၇ နာရီတွင် ပြုလုပ်မည်ဖြစ်ကြောင်း မျှော်စင်ကျွန်းအနီးတွင် ပိုစတာများဖြင့် ကြေညာ ထားသည်။ သက်ဆိုင်ရာ ဌာနအသီးသီးမှ ခွင့်ပြုချက်များ ရရှိပြီးဖြစ်သော်လည်း တိုင်းမှူး လက်မှတ် ထိုးရန်သာ ကျန်နေခြင်း ဖြစ်သည်။
HIV/AIDS ဝေဒနာရှင်များကို ကူညီပေးနေသည့် “Alliance” အဖွဲ့နှင့် “စာနာကူညီမှုအသင်း” တို့က ကြီးမှူးပြီး အထိန်းအမှတ်ပွဲ ပြုလုပ်ရန် စီစဉ်ထားခြင်းဖြစ်ပြီး ရုပ်ရှင်အသိုင်းအဝိုင်းမှလည်း ပံ့ပိုးကူညီကြောင်း သိရသည်။
အထိမ်းအမှတ်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ကြရန်အတွက် Men who sex with men (MSM) လိင်တူချင်း ဆက်ဆံသူ Gay ၅၀ဦး၏ ဖောင်များကို ဓါတ်ပုံနှင့်အတူ ရရှိထားပြီး ဖြစ်ကြောင်းလည်း ပွဲစီစဉ်သူများနှင့် နီးစပ်သူ အခြားတဦးက ပြောသည်။
ယင်းပွဲမှရရှိသော အလှူငွေများကို မြောက်ဥက္ကလာ ဝေဘာဂီဆေးရုံခွဲဖြစ်သည့် ကူးစက်ရောဂါကု မင်္ဂလာဒုံဆေးရုံသို့ လှူဒါန်းသွားရန် ရည်ရွယ်ထားပြီး HIV/AIDS ကူးစက်ရောဂါ ခံစားနေရသည့် ဝေဒနာရှင် အချို့လည်း ယင်းပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
ယခုနှစ် သြဂုတ်လ ၂၉ ရက်နေ့ကလည်း လိင်တူချစ်သူများက HIV/AIDS ဝေဒနာရှင်များအတွက် ရည်ရွယ်၍ ဆီဒိုးနား ဟိုတယ်တွင် မယ်ပြိုင်ပွဲတခု ပြုလုပ်ခဲ့ပြီး ရရှိသည့် ရန်ပုံငွေကျပ် သိန်း ၁၀၀ ကျော်ကို မြောက်ဥက္ကလာ ဝေဘာဂီ ကူးစက် ရောဂါကုဆေးရုံသို့ လှူဒါန်းခဲ့ကြောင်း မဇ္ဈိမက ဖော်ပြခဲ့ပြီး ဖြစ်သည်။
(ကိုဝိုင်း တည်းဖြတ်သည်။)







