မဇ္ဈိမ (ချင်းမိုင်)။ ။ လာအိုနိုင်ငံတွင် ကျင်းပမည့် ၂၅ ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲများကို မြန်မာပရိတ်သတ်များအနေဖြင့် တိုက်ရိုက်ကြည့်ရှုခွင့်ရရှိမည် မဟုတ်ကြောင်း သိရသည်။
ဗီယန်ကျင်းမြို့တော်၌ လာမည့်လ ၅ ရက်နေ့တွင် စတင်ယှဉ်ပြိုင်ကစားကြတော့မည့် ဆီးဂိမ်း SEA Game ၌ မြန်မာနိုင်ငံမှ ဘောလုံးနှင့် အခြားအားကစားများဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သော်လည်း မြန်မာ့ အသံ၊ မြဝတီအသံလွှင့်ဌာနနှင့် MRTV 4 တို့မှ ပြသနိုင်ခြင်း မရှိသောကြောင့်ဖြစ်သည်။
“ဆီးဂိမ်းပွဲက လွှင့်ဖို့ မရှိဘူး။ ဒီမှာက ESPN နဲ့ Star Sport လိုင်းကို တိုက်ရိုက် ယူထားတာ။ သူတို့ရဲ့ လွှင့်မယ့် ဂိုက် Guide ထဲမှာကို မပါတာ” ဟု ပြည်ပအားကစားပွဲများကို တိုက်ရိုက်ထုတ်လွှင့် ပြသနေ သည့် MRTV 4 မှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။
အရှေ့တောင်အာရှနိုင်ငံများတွင် စိတ်ဝင်စားစရာအကောင်းဆုံး အားကစားပြိုင်ပွဲဖြစ်သည့် SEA Game ပြိုင်ပွဲကို ၂ နှစ်တကြိမ် ကျင်းပပြုလုပ်ခြင်းဖြစ်သည်။
မြဝတီရုပ်မြင်သံကြားမှ တာဝန်ရှိသူတဦးက SEA Game မှ ဘောလုံးအပါအဝင် အခြားအားကစားပြိုင်ပွဲ အစီအစဉ်များကို တိုက်ရိုတ်ပြသမည် မဟုတ်ကြောင်း၊ နိုင်သည့်ပွဲများကို ပြိုင်ပွဲများအပြီးမှသာ ပြန်လည် ပြသနိုင်ဘွယ်ရှိကြောင်း ပြောသည်။
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဌာနမှလည်း တိုက်ရိုက်ပြသနိုင်ရန် ညွှန်ကြားချက်များမရှိကြောင်း ယင်း ဌာန အဆင့်မြင့်အရာရှိတဦးက ပြောသည်။
“လွှင့်ဖို့အတွက် ကျနော်တို့ကို ခုချိန်ထိ ဘာမှတော့ မညွန်ကြားသေးဘူး။ Live တော့ လွှင့်စရာ မရှိဘူး” ဟု အမည်မဖော်လိုသူ ယင်းအရာရှိကြီးက မဇ္ဈိမကို ပြောသည်။
မြန်မာဘောလုံအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်၊ ပြန်ကြားရေးတာဝန်ခံ ဦးစိုးမိုးတို့အပါအဝင် နည်းပြများနှင့် အားကစားသမားများသည် မနက်ဖြန်ညနေတွင် ရန်ကုန်လေဆိပ်မှတဆင့် လာအိုနိုင်ငံသို့ ထွက်ခွာမည် ဖြစ်သည်။ မထွက်ခွာမီ လေဆိပ်၌ သတင်းစာရှင်းပွဲ ပြုလုပ်သွားမည်ဖြစ်သည်။
မြန်မာအသင်းမှာ အုပ်စု (B) တွင် အိမ်ရှင်လာအို၊ အင်းဒိုနီးရှား၊ စင်္ကာပူ တို့နှင့် တအုပ်စုထဲကျပြီး ဒီဇင် ဘာ ၅ ရက်နေ့တွင် အိမ်ရှင်လာအို အသင်း၊ ၇ ရက်နေ့တွင် အင်ဒိုနီးရှားအသင်း၊ ၁ဝ ရက်နေ့တွင် နာမည်ကြီး စင်္ကာပူအသင်းတို့နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။
အုပ်စု (A) တွင် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ (၈) ကြိမ် ဗိုလ်စွဲထားသော ထိုင်းအသင်း၊ ဗီယက်နမ်၊ မလေးရှား၊ အရှေ့တီမော အသင်းတို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
SEA Game တွင် ယှဉ်ပြိုင်မည့် မြန်မာအမျိုးသမီးအသင်းမှာ မြန်မာ၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ လာအို တို့နှင့် ပတ်လည်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး၊ ရမှတ်အများဆုံး နှစ်သင်း ဗိုလ်လုရမည် ဖြစ်သည်။
လာအိုနိုင်ငံသို့ ဘောလုံးအသင်း ၂ သင်း၊ MNL ကလပ်အသင်းပိုင်ရှင်များ၊ နာမည်ကြီးဘောလုံးသမား ဟောင်းများအပါအဝင် လူ ၉ဝ ခန့်ကို ဘောလုံးအဖွဲ့ချုပ် အစီအစဉ်ဖြင့် လေယာဉ်စင်းလုံးဌား ခေါ်ဆောင် သွားမည်ဖြစ်ကြောင်း ဘောလုံးအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဦးစိုးမိုးက မဇ္ဈိမကိုပြောသည်။
မြန်မာနိုင်ငံသည် SEA Game တွင် ဘောလုံး၊ လက်ဝှေ့၊ ရေကူး၊ ဘော်လီဘော အပါအဝင် ၁၇ မျိုး ၌ ယှဉ်ပြိုင်မည်ဖြစ်သည်။ မြန်မာအဖွဲ့နှင့်အတူ MRTV 4 အဖွဲ့လည်း ပါသွားမည်ဖြစ်သော်လည်း တိုက်ရိုက် လွှင့်ထုတ်မည့် အစီအစဉ် မသေချာကြောင်း သူကပြောသည်။
ယခင်နှစ် SEA Game တွင် မြန်မာနှင့် ယှဉ်ပြိုင်သည့် ဘောလုံးပွဲများကို တိုက်ရိုက်ပြသမှု ရှိခဲ့ကြောင်း သိရသည်။ ယင်းပွဲတွင် မြန်မာက ဒုတိယရပြီး ထိုင်းအသင်းက ဗိုလ်စွဲသွားခဲ့သည်။
(ကိုဝိုင်း တည်းဖြတ်သည်။)







