အင်္ဂါ, ၂၂ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ရတနာပုံ FC အသင်းကြီးနှင့် အရန်အသင်းတို့ ရလဒ်ပြောင်းပြန်ဖြစ်နေ

ရတနာပုံ FC အသင်းကြီးနှင့် အရန်အသင်းတို့ ရလဒ်ပြောင်းပြန်ဖြစ်နေ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


ရန်ကုန် (မဇ္ဈိမ)။ ။ ရတနာပုံ FC ဘောလုံးကလပ်အသင်းသည် မြန်မာနေရှင်နယ်လိဂ် MNL တွင် ထိပ်ဆုံးမှ ဦးဆောင်နေသော်လည်း အရန်အသင်းများ ပြိုင်ပွဲတွင်မူ ရလဒ်များ ဆိုးဝါးလျက်ရှိသည်။

ရတနာပုံ FC အသင်းကြီးမှာ ၁ဝ ပွဲကစား ၂၅ မှတ်ဖြင့် MNL အမှတ်ပေးဇယား၏ ထိပ်ဆုံး၌ ရှိနေသော်လည်း ယခုလ ၂၈ ရက်နေ့တွင် ကစားခဲ့သည့် အရန်အသင်းများပြိုင်ပွဲ၌ မကွေးအသင်းကို (၂-ဝ) ဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် အရန်အသင်းမှာ ၅ ပွဲကစား ၅ ပွဲရှုံးဖြင့် အမှတ်ပေးဇယား၏ အောက်ဆုံးသို့ ရောက်ရှိနေခြင်း ဖြစ်သည်။

ရတနာပုံ အသင်းကြီးသည် ဗိုလ်စွဲရန် အလားအလာ အရှိဆုံးအဖြစ် ရေပန်းစားလျက်ရှိရာ၊ ပွဲစဉ် ၄ ပွဲသာ ကျန်တော့သည့် MNL ဒုတိယအကျော့ ပြိုင်ပွဲ၌ ဒုတိယနေရာမှ ဒယ်လ်တာ ယူနိုက်တက် FC အသင်းထက် ၅ မှတ် အသာဖြင့် ဦးဆောင်နေပြီး လာမည့်နှစ် အာရှကလပ်အသင်းများ ချန်ပီယံလိဂ်သို့ ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေပြီဟုပင် ပြောဆိုခဲ့သည်။

သို့သော် အရန်အသင်းမှာ ဒယ်လ်တာ ယူနိုက်တက်၊ ဥဿာ ယူနိုက်တက်၊ ဇေယျာရွှေမြေ၊ Southern Myanmar ၊ မကွေး FC စသော အသင်းများကို ဆက်တိုက်ရှုံးနိမ့်ခဲ့ပြီး ရမှတ်မရရှိသေးသည့် အသင်းဖြစ်နေသည်။

လက်ရှိတွင် လာအို အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ရှိနေသဖြင့် MNL အသင်းကြီးများ၏ ဒုတိယအကျော့ ပြိုင်ပွဲကို ခေတ္တရပ်နားထားပြီး MNL အရန်အသင်း ပြိုင်ပွဲများကို ရန်ကုန်မြို့ ပဒုမ္မာကွင်းနှင့် စလင်းကွင်း၌ ကျင်းပနေခြင်း ဖြစ်သည်။

MNL အရန်အသင်းများ ပြိုင်ပွဲကို ပရိုကလပ်အသင်းကြီးများ၏ အရန်အင်အား တောင့်တင်းစေရန်၊ အရန်ကစားသမားများ ပြိုင်ပွဲအတွေ့အကြုံ ရရှိစေရန်နှင့် လူငယ်မျိုးဆက်များ မွေးထုတ်ရန် ကျင်းပလျက်ရှိရာ အသင်းအားလုံးနီးပါးသည် အနိုင်ရရှိရေးအတွက် ကြိုးပမ်းလာသည်ကို တွေ့ရသည်။

ဗိုလ်စွဲသည့် အသင်းသည် မည်သည့်ဆုကြေးမျှ ရရှိမည် မဟုတ်သော်လည်း အရန်အသင်းတိုင်းလိုလိုက သူတို့၏ အသင်းကြီးမှ ပွဲထွက်ကစားသမားများကိုပါ ပါဝင်ကစားစေကြသည်။

အရန်အသင်းများအနေဖြင့် ယခုလို အားကြိုးမာန်တက် ကျိုးစားလျက်ရှိရာ အထင်ရှားဆုံးမှာ ပွဲစဉ် ၄ အထိ နိုင်ပွဲ မရရှိသေးသည့် ကမ္ဘောဇ FC အသင်းသည် အသင်းကြီးမှ အသင်းခေါင်းဆောင် စိုးမြတ်မင်းကို ဇေယျာရွှေမြေနှင့် တွေ့ဆုံသည့် ပွဲစဉ် ၅ တွင် ဝင်ရောက်ကစားစေခဲ့ရာ သူတဦးတည်းက ၃ ဂိုး သွင်းယူခဲ့သည်။

လက်ရှိ MNL အရန်အသင်းများ ပြိုင်ပွဲတွင် မကွေး FC သည် ၁၃ မှတ်ဖြင့် ထပ်ဆုံးမှ ဦးဆောင်နေပြီး၊ ဇေယျာရွှေမြေမှာ ၁ဝ မှတ်ဖြင့် ဒုတိယနေရာတွင် ရပ်တည်နေသည်။

ရတနာပုံသည် အရန်အသင်းများပြိုင်ပွဲတွင် ရလဒ်ဆိုးနေသော်လည်း လူငယ်မျိုးဆက်များ မွေးထုတ်ရေးအတွက် စီမံကိန်းချ အကောင်အထည် ဖော်လျက်ရှိရာ၊ ပြည်နယ်နှင့် တိုင်းများတွင် လူငယ်ကစားသမား ရွေးချယ်ပွဲများ ပြုလုပ်ပြီး၊ စုစုပေါင်း ဦးရေ ၇ဝ ရွေးချယ်ခဲ့ပြီး ဖြစ်သည်။ ယင်းတို့အနက် ရန်ကုန်တိုင်းမှ လူငယ်ကစားသမားများ အများဆုံး ပါဝင်သည်။

မန္တလေးတိုင်း အခြေစိုက် ရတနာပုံ FC အသင်းကြီးသည် ပြည်တွင်းရှိ ခြေစွမ်းထက် ကစားသမားများနှင့် ပြည်ပမှ ကစားသမားများကို ဟန်ချက်ညီစွာ စုစည်းထားသဖြင့် ပထမအကြိမ် MNL League Cup တွင် ဆုဖလား ရရှိခဲ့သလို၊ ဆက်လက်ကျင်းပသွားမည့် ဒုတိယအကျော့ ပြိုင်ပွဲတွင်ပါ ဗိုလ်စွဲရန် အလားအလာ ကောင်းနေခြင်း ဖြစ်သည်။

ဒေသစွဲပြင်းထန်သည့် မန္တလေးမြို့ခံ ပရိသတ်များက MNL ပြိုင်ပွဲဝင် ယင်းတို့အသင်းကို ဘောလုံးအဖွဲ့ချုပ် MFF က ဘက်လိုက်ဖိနှိပ်နေသည်ဟူသော စွပ်စွဲမှုများ ရှိနေကြောင်း ဂျာနယ်စာမျက်နှာများတွင် ပေါ်ထွက်ခဲ့သည်။

MFF ဥက္ကဋ္ဌ ဦးဇော်ဇော်က ထိုသို့သော ယင်းစွပ်စွဲချက်များကို ပယ်ချလိုက်ကာ လက်ရှိ ပရိုလိဂ်တွင် ရတနာပုံ တသင်းတည်းသာ လမ်းကြောင်းမှန်ပေါ်ရှိနေကြောင်း သတင်းစာရှင်းလင်းပွဲတွင် တရားဝင် ဖြေရှင်းခဲ့သည်။

''ရတနာပုံ FC အသင်းကို မတရား ဘက်လိုက်ဖိနှိပ်တယ်ဆိုတာ မဟုတ်ပါဘူး။ MNL မှာ နိုင်တဲ့အသင်းက အာရှ ကလပ်ချန်ပီယံရှစ်ကို ဝင်ရမှာပါ။ နိုင်ငံတကာမှာ မြန်မာကို ကိုယ်စားပြုပြီး ပြိုင်တဲ့အချိန် စည်းစနစ်ကျအောင် အခုအချိန်ကတည်းက ကြပ်မတ်နေတာ ဖြစ်ပါတယ်။ ပရိုလိဂ်စနစ် ပြောင်းပြီးနောက်ပိုင်း ရတနာပုံ FC အသင်းဟာ လမ်းကြောင်းမှန်ပေါ်ရောက်နေတဲ့ တခုတည်းသော အသင်းဖြစ်ပါတယ်'' ဟု သူက ပြောခဲ့သည်။

MNL ပြိုင်ပွဲကို ရန်ကုန်မြို့ အောင်ဆန်းကွင်းနှင့် သုဝဏ္ဏကွင်း၌ ယခုနှစ် မေလနှင့် ဇွန်လအတွင်းက ပထမဆုံး ကျင်းပခဲ့ရာ ကလပ်အသင်းကြီး ၈ သင်းသည် ရှုံးထွက်ပြိုင်ပွဲ (Tournament) အသွင်ဖြင့် ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် စက်တင်ဘာလ ၅ ရက်နေ့မှ စတင်၍ ရန်ကုန်မြို့ သုဝဏ္ဏကွင်းနှင့် မန္တလေး ဗထူးကွင်းတွင် ဒုတိယမြောက် ပြိုင်ပွဲများကို ပတ်လည်အမှတ်ပေး (လိဂ်) စနစ်ဖြင့် စတင်ကျင်းပလာရာ၊ အသင်းတသင်းလျှင် ပ-ဒု နှစ်ကျော့စနစ်ဖြင့် ၁၄ ပွဲ ကစားရမည်ဖြစ်ပြီး၊ အမှတ်အများဆုံး အသင်းက ချန်ပီယံဖြစ်မည်။

ယခုအခါ ပထမအကျော့ ပြိုင်ပွဲများ ပြီးဆုံးခဲ့ပြီဖြစ်သော်လည်း ဒုတိယအကျော့ကိုမူ လာမည့်လနှင့် ၂ဝ၁ဝ ခုနှစ် ဇန်နဝါရီလအတွင်း ကျင်းပဖွယ်ရှိသည်။

အမှတ်အများဆုံး ရရှိသည့် ချန်ပီယံ အသင်းသည် အာရှဘောလုံးအဖွဲ့ချုပ်၏ ချန်ပီယံ ကလပ်အသင်းများပြိုင်ပွဲ (AFC Champions League) သို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်သည်။

MNL ကလပ်အသင်းများကို နာမည်ကြီး စီးပွားရေးသမားကြီးများက ငွေအရင်းအနှီး မြှုပ်နှံကာ ထူထောင်ထားခြင်း ဖြစ်သည်။

(ရဲရင့်အောင် တည်းဖြတ်သည်။)