သောကြာ, ၁၂ မတ် ၂၀၁၀

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > NDAK နယ်ခြားစောင့်တပ် ရာထူးအပ်ပွဲ ကျင်းပ

NDAK နယ်ခြားစောင့်တပ် ရာထူးအပ်ပွဲ ကျင်းပ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


မဇ္ဈိမ(ချင်းမိုင်)။ ။ ငြိမ်းအဖွဲ့တခုဖြစ်သော ကချင်ဒီမိုကရေစီသစ် တပ်မတော် (NDAK) မှ စစ်ဖက်အရာရှိများအား နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲ ရာထူးပေးအပ်ပွဲကို ယမန်နေ့က ကျင်းပခဲ့သည်။

ကချင်ပြည်နယ် မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းနှင့် ကာကွယ်ရေးဌာနမှ နယ်ခြားစောင့်တပ်ညွန်ကြားရေးမှူးချုပ် ဗိုလ်ချုပ်မောင်မောင်အုန်းတို့ တက်ရောက်သည့် အစိုးရအသိအမှတ်ပြု ရာထူးအပ်နှံပွဲကို NDAK ၏ ပန်ဝါမြို့ ဌာနချုပ်တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

“နိုင်ငံဝန်တော်ဝန်ထမ်းဖြစ်သွားတော့ နိုင်ငံတော်လစာတို့ လုပ်ပိုင်ခွင့်တို့ ရသွားပြီ။ အဝတ်အစားလည်း ရပြီ။ ဆေးဝါးလည်းရပြီ။ တပ်ရင်း၊ တပ်ရင်းမှူး ဆိုတာတွေ ပေးအပ်တာပေါ့နော်။ ကိုယ့်ဒေသမှာ ကိုယ်လုပ်ပိုင်ခွင့်ရတာပေါ့” NDAK ဥက္ကဌ ဇခုန်တိန်ယိမ်းက မဇ္ဈိမကို ပြောသည်။

ကာကွယ်ရေး ဝန်ကြီးဌာနမှ တိုက်ရိုက်အုပ်ချုပ်မည့် နယ်ခြားစောင့်တပ်၌ တာဝန်ထမ်းဆောင်သူ NDAK တပ်ဖွဲ့ဝင်များအား လစာ အများဆုံး ၂ သိန်းခွဲမှ အနည်းဆုံး ၅ သောင်းကျော်ထိ စစ်အစိုးရက ယခုလမှစတင်ကာ ရာထူးအလိုက် ထုတ်ပေးသွားမည်ဟု သူကဆက်ပြောသည်။

NDAK သည် ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ ခွဲထွက်ခဲ့ပြီးနောက် ၁၉၉၃ ခုနှစ်တွင် စစ်အစိုး ရနှင့် အပစ်အခတ် ရပ်စဲခဲ့သည်။ စစ်အစိုးရက နယ်ခြားစောင့်တပ် အဖြစ်အသွင်ပြောင်းရန် အပစ်ရပ် တိုင်းရင်းသားအဖွဲ့များအား ဖိအားပေးမှုများ ရှိလာပြီးနောက် ယခုနှစ် ဇွန်လ ၂၄ ရက်နေ့က နယ်ခြား စောင့်တပ်အဖြစ် လက်ခံခဲ့သည်။

နယ်ခြားစောင့်တပ်တွင် အသက် ၁၈ နှစ်မှ ၅၀ အကြားသာ ထမ်းဆောင်ခွင့်ရှိမည်ဟု သတ်မှတ်ထားသဖြင့် NDAK ဥက္ကဌ ဇခုန်တိန်ယိမ်းသည် တပ်တွင်း၌ တာဝန်ယူနိုင်တော့မည် မဟုတ်သဖြင့် ပန်ဝါဒေသ ကျန်းမာရေး၊ ပညာရေးအပါအဝင် ဖွံ့ဖြိုးရေး လုပ်ငန်းများကိုသာ ဆက်လက်ဦးဆောင် သွားမည်ဟု သိရသည်။

NDAK နယ်ခြားစောင့်တပ်ကို ချီဗွေမြို့အရှေ့ဘက် ဝေါ်ချုံးဒေသ ဖီမော်ကျေးရွာအနီးတွင် တပ်ရင်း ၁၀၀၁၊ ပန်ဝါဒေသ လုပြည် ကျေးရွာအနီးတွင် ၁၀၀၂၊ ချီဖွေမြို့နယ် ကန်ပိုင်တီးမြို့အနီး ဂမ်ခွန်းကျေးရွာ အနီးတွင် ၁၀၀၃ စသည်ဖြင့် တပ်ရင်း ၃ ရင်း ဖွဲ့စည်းနေရာချထားပြီး ဖြစ်သည်။

အရာရှိ အဆင့် ၁၈ ဦး၊ အခြားအဆင့် ၃၀၈ ဦးပါဝင်သော နယ်ခြား စောင့်တပ်တွင် တပ်မှူးမှာ အပစ်ရပ်အဖွဲ့မှ ဖြစ်သော်လည်း မြန်မာ့တပ်မတော်မှ ဗိုလ်မှူးအဆင့်ရှိ အရာရှိ တဦး၊ ဗိုလ်ကြီးအဆင့်ရှိသူ ၂ ဦးနှင့် အခြားအဆင့်ရှိ ၂၇ ဦးတို့ကိုလည်း ထည့်သွင်းရမည် ဖြစ်သည်။

(ကိုဝိုင်း တည်းဖြတ်သည်။)



 

Editor's choice

မြန်မာ ၂၁ ဦးပါ သင်္ဘောကို ဆိုမာလီဓါးပြများ ပြန်ပေးဆွဲ

မြန်မာနိုင်ငံသား ၂၁ ဦး ပါဝင်သည့်  နော်ဝေးနိုင်ငံသားပိုင် UTB Ocean သင်္ဘောကို ဆိုမာလီပင်လယ် ဓါးပြများက ယခင်အပတ်က...

ခြံရောင်းရန် ကြိုးစားသူကို ဒေါ်စု တရားစွဲမည်

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လက်ရှိ နေထိုင်သည့် ခြံဝင်းအတွင်းမှ မြေကွက်အချို့ကို ရောင်းချရန် ကြိုးစားနေသည့် ဆွေမျိုးတော်စပ်သူ...

စစ်အစိုးရက ရွေးကောက်ပွဲ ပြင်ချိန် အတိုက်အခံ သဘောကွဲ

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၂၀၁၀ မှာ ရွေးကောက်ပွဲတွေ ကျင်းပလိမ့်မယ်လို့ လူတိုင်းကို လိုက်ပြောနေပေမယ့် အရာအားလုံးကိုတော့ လျှို့ဝှက်ထား ......

ရွေးကောက်ပွဲ ကော်မရှင်ဥပဒေ မဇ္ဈိမက လက်ခံရရှိ

စစ်အစိုးရက မနက်ဖြန်တွင် သတင်းစာမှတဆင့် ထုတ်ပြန်မည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ မိတ္တူကို မဇ္ဈိမက လက်ခံရရှိထားသည်။...