တနင်္လာ, ၂၁ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ပျောက်ဆုံးနေသည့် လေဘေးကူညီသူများ ထောင်ထဲတွင် ရောက်ရှိနေ

ပျောက်ဆုံးနေသည့် လေဘေးကူညီသူများ ထောင်ထဲတွင် ရောက်ရှိနေ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


နယူးဒေလီ (မဇ္ဈိမ)။       ။ လေဘေးသင့်သူများကို ကူညီခဲ့သည့် မန္တလေးတိုင်း မြင်းခြံမြို့မှ ဒေါက်တာဝင့်သူ အပါအဝင် ပူးတွဲလှုပ်ရှားသူ ၁၂ ဦးကို စက်တင်ဘာလအတွင်း အထူးရဲသတင်းတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက်၊ အစအန ပျောက်ဆုံးသွားရာမှ ယခုအခါ မန္တလေးမြို့ အိုးဘိုထောင်တွင် ရောက်နေကြောင်း သိရသည်။

သူတို့အားလုံးကို အကြောင်းပြချက်မရှိဘဲ ရဲ (SB) က ဖမ်းဆီးသွားခဲ့ကာ၊ မိသားစုဝင်များထံ အကြောင်းမကြားသဖြင့် မည်သည့်နေရာတွင် ထားရှိမှန်း မသိကြရဘဲ ယခုအခါ အိုးဘိုထောင်တွင်  ချုပ်နှောင်ထားကြောင်း ထောင်ဝင်စာ တွေ့ခဲ့သူများ အဆိုအရ သိရှိရခြင်း ဖြစ်သည်။

“ကျမ ယောကျာ်းကို ထောင်ဝင်စာ သွားတွေ့တယ်။ သွားတွေ့တော့ သူက ပြောလိုက်တယ်။ မြင်းခြံက ဒေါက်တာ ဝင့်သူတို့ အုပ်စုတွေ ရောက်နေတယ်။ ကိုမျိုးဟန် ရောက်တယ်။ တောင်သာက ကိုကြည်စိုး ရောက်တယ်။ ကျောက်ပန်းတောင်းက ကပ္ပလီတို့ ရောက်တယ်လို့ မှာလိုက်တယ်” ဟု အိုးဘိုထောင်ရှိ ခင်ပွန်းဖြစ်သူ ကိုတင်ကိုထံ မကြာသေးခင်က ထောင်ဝင်စာ သွားတွေ့သူ ဇနီးသည် မသီတာက မဇ္ဈိမကို ပြောသည်။

ကိုတင်ကိုသည် မန္တလေးတိုင်း မိတ္ထိလာမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ်လုပ်ငန်း ဖော်ဆောင်ရေး အဖွဲ့ဝင် ဖြစ်သည်။ သူသည် ၂၀၀၇ ခုနှစ် ရွှေဝါရောင် လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီးနောက် ဖမ်းဆီးခံခဲ့ရကာ၊ အစိုးရကို အကြည်ညိုပျက်စေရန် ပြောဆိုမှု - ပုဒ်မ ၅၀၅ (ခ) ဖြင့် စွဲချက်တင်၍ ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ်ချခံထားရသူ ဖြစ်သည်။  

“ကိုဝင့်သူ အိုးဘိုထောင်မှာ ရှိတယ်လို့ တွေ့ခဲ့သူတွေပြောလို့ သိရတယ်။ အာဏာပိုင်တွေက ဘယ်နေရာမှာ ချုပ်ထားတယ်ဆိုတာ အခုထိ အကြောင်းမကြားဘူး။ ထောင်ဝင်စာတွေ့ဖို့ သွားစုံစမ်းတော့လည်း ဒေသရဲစခန်းက တွေ့ခွင့် မရသေးဘူးလို့ ပြောတယ်။ ကိုယ့်အစီအစဉ်ကိုယ် စုံစမ်းလို့မှ သိရတာ” ဟု ဒေါက်တာဝင့်သူနှင့် ဆွေမျိုးတော်စပ်သူ တဦးက ပြောသည်။

သူက ဆက်ပြီး “အိုးဘိုထောင်ဗူးဝက ဝန်ထမ်းတဦးစီကို သွားစုံစမ်းတော့ ထောင်ထဲမှာ ရှိတယ်၊ မရှိဘူးဆိုတာ မပြောနိုင်ဘူး။ SB ဖမ်းထားတဲ့ ကိစ္စဆိုတော့ SB က အကြောင်းကြားမှ တွေခွင့်ရှိတယ်တဲ့။ အိုးဘိုထောင်မှာ သေချာပေမယ့် တရားဝင် အကြောင်းကြားတာ မရှိတဲ့အတွက် သူတို့ရဲ့ အကြောင်းကြားတာကို စောင့်နေရတယ်” ဟု ပြောသည်။

မြင်းခြံမြို့ရှိ SB ရုံးသို့ မေးမြန်းကြည့်ရာ တာဝန်ကျ ဝန်ထမ်းက သူ့အနေဖြင့် မသိရှိကြောင်းနှင့် ပြောဆိုခွင့် မရှိကြောင်း ဖြေကြားခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့နှင့် ၂၁ ရက်နေ့အတွင်း မြင်းခြံမြို့မှ ဒေါက်တာဝင့်သူ၊ ကိုမျိုးဟန်၊ ကိုလှမျိုးကျော်၊ ကိုအောင်မျိုးလတ်၊ ကိုစိုးရာဇာဖြိုး၊ ကိုအီးတီ၊ ကိုရာကြီး၊ ကိုနိုင်၊ ကိုအောင်၊ သံဃာတော်တပါးနှင့် တောင်သာမှ ကိုကြည်စိုး၊ ကျောက်ပန်းတောင်း ကိုကပ္ပလီတို့ကို ရဲက ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

သူတို့သည် ၂၀၀၈ ခုနှစ် မေလဆန်းတွင် နာဂစ်မုန်တိုင်း တိုက်ခိုက်ပြီးနောက် ဧရာဝတီတိုင်းအတွင်းရှိ မုန်တိုင်းသင့် ဒုက္ခသည်များကို အခမဲ့ ဆေးကုသမှုများ ဆောင်ရွက်ခဲ့ကြသည်။

(ရဲရင့်အောင် တည်းဖြတ်သည်။)