တနင်္လာ, ၁၅ မတ် ၂၀၁၀

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ကန်အရာရှိများနှင့် ဒေါ်စု တွေ့ဆုံသည့်သတင်း ဖော်ပြခွင့်အပေါ် စာနယ်ဇင်းသမားများ ကြိုဆို

ကန်အရာရှိများနှင့် ဒေါ်စု တွေ့ဆုံသည့်သတင်း ဖော်ပြခွင့်အပေါ် စာနယ်ဇင်းသမားများ ကြိုဆို

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


နယူးဒေလီ (မဇ္စျိမ)။ ။ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် အဆင့်မြင့် အရာရှိ ၂ ဦး ဆွေးနွေးပွဲနှင့် သတင်းဓာတ်ပုံများကို ဂျာနယ်များတွင် ဖော်ပြခွင့်ပြုသဖြင့် မြန်မာ စာနယ်ဇင်းသမားများက ကြိုဆိုလိုက်ကြသည်။

မြန်မာပြည်သို့ ၂ ရက်ကြာ လာရောက်သည့် ကန်အရာရှိများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ယခုလ ၄ ရက်နေ့တွင် တွေ့ဆုံခဲ့ပုံကို အပတ်စဉ်ထုတ် သတင်းဂျာနယ် မြန်မာတိုင်းမ်၊ Bi-Weekly ၊ ဖလားဝါးဂျာနယ်နှင့် Eleven Media Group အွန်လိုင်းတွင် ဖော်ပြခွင့် ရရှိခဲ့သည့်အပေါ် သူတို့က ကြိုဆိုခြင်း ဖြစ်သည်။

“သတင်းဂျာနယ် တော်တော်များများမှာ ရေးကြပါတယ်။ ဒီတခါတော့ အစိုးရ သတင်းစာတွေမှာ မတွေ့ရဘူး။ ဒါက ပြန်ကြားရေးရဲ့ မူအပေါ် မူတည်ပါတယ်။ ဂျာနယ်တွေထဲ ထည့်ခိုင်းတာက အမေရိကန်နိုင်ငံအပေါ် အပြုသဘောဆောင်ပါတယ်လို့ ပြချင်တဲ့ ပြယုဂ်ပါ” ဟု ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် ဂျာနယ်တခုမှ အယ်ဒီတာတဦးက မဇ္စျိမကို ပြောဆိုကာ၊ ယခုလုပ်ရပ်အပေါ် ကြိုဆိုသည်။

ထိုင်းနိုင်ငံအခြေစိုက် မြန်မာသတင်းသမဂ္ဂ - BMA မှ ဒုဥက္ကဋ္ဌ ဦးဇင်လင်းကလည်း ဓာတ်ပုံသတင်း ရယူခွင့်နှင့် သတင်းဖော်ပြခွင့် ပေးသည့်အပေါ် ကြိုဆိုသည့်အပြင် အနှစ်သာရကို ဆက်လက်၍ စောင့်ကြည့်ရန် လိုအပ်သေးကြောင်း ပြောသည်။

“အပြုသဘောဆောင်တဲ့ လုပ်ရပ်ကိုတော့ ကြိုဆိုပါတယ်။ ဒါပေမဲ့ အနှစ်သာရကိုတော့ စောင့်ကြည့်ဖို့ လိုနေပါသေးတယ်” ဟု သူက ပြောသည်။

Eleven Media Group အွန်လိုင်းတွင် အရှေ့အာရှနှင့် ပစိတ်ဖိတ်ရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနှင့် အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ကို အင်လျားလိတ် ဟိုတယ်၌ တွေ့ဆုံပုံကို ဓာတ်ပုံ ၁၀ ပုံထက်မနည်း ဖော်ပြပြီး၊ ရန်ကုန် မင်္ဂလာဒုံလေဆိပ်၌ ကန်အရာရှိများ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲကိုပါ ရေးသားခဲ့သည်။

အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက် စစ်အစိုးရ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသားအဖွဲ့များ တွေ့ဆုံဆွေးနွေးရေးကို အမေရိကန်အနေဖြင့် လိုလားကြောင်း သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ပုံများကိုလည်း ထည့်သွင်းဖော်ပြခဲ့သည်။

စစ်အစိုးရပိုင် မီဒီယာများတွင်မူ ဒေါ်အောင်ဆန်းစုကြည်နှင့် ကန်အရာရှိများ တွေ့ဆုံပွဲကို ဖော်ပြခြင်း မပြုဘဲ၊ စစ်အစိုးရ ဝန်ကြီးများ၊ လူမှုရေးအဖွဲ့များ၊ တိုင်းရင်းသားအဖွဲ့များနှင့် ယခုလ ၃ ရက်နေ့တွင် နေပြည်တော်၌ တွေ့ဆုံခဲ့သည်များကိုသာ အသားပေး ဖော်ပြခဲ့ကြသည်။

ထို့အပြင် အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကတ်ကင်းဘဲလ်၏ တောင်းဆိုချက်ကို အလေးထားသဖြင့် ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦးမှလွဲ၍ ကျန်ဗဟိုအလုပ်အမှုဆောင် CEC အဖွဲ့ဝင်များနှင့် တွေ့ဆုံရေး စီစဉ်ရာ၊ ဒေါ်အောင်ဆန်းစုကြည်က CED အဖွဲ့ဝင်အားလုံး မစုံညီသဖြင့် မတွေ့ဆုံဘဲ ငြင်းပယ်ခဲ့သည်ကို ယမန်နေ့ထုတ် မြန်မာ့အလင်း သတင်းစာနှင့် စစ်အစိုးရ ရုပ်သံလွှင့် အစီအစဉ်များတွင် ရေးသားခဲ့သည်။

ထို့အပြင် အမေရိကန်နိုင်ငံက စီးပွားရေးပိတ်ဆို့ထားမှုကြောင့် မြန်မာ့နိုင်ငံရေးတွင် ထိရောက်သည့် အပြောင်းအလဲ မရှိကြောင်း ဝေဖန်ပြောဆိုနေသည့် အမေရိကန် ဒီမိုကရက်တစ်ပါတီမှ ဆီးနိတ်အမတ် မစ္စတာဂျင်မ်ဝဘ်၏ သြဂုတ်လအတွင်း မြန်မာပြည် ခရီးစဉ်ကို စစ်အစိုးရ မီဒီယာများက ကျယ်ပြန့်စွာ ဖော်ပြခဲ့ကြသေးသည်။ သို့သော် မစ္စတာဝဘ်က ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန်၊ စစ်အစိုးရနှင့် အတိုက်အခံများကြား ဆွေးနွေးညှိနှိုင်း အကောင်အထည်ဖော်ရန် တိုက်တွန်းခဲ့သည်များကို မဖော်ပြဘဲ ချန်လှပ်ခဲ့ကြသည်။

ထို့ကြောင့် လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့် အပါအဝင် သတင်းစာလွတ်လပ်ခွင့်ကို စစ်အစိုးရက ဆက်လက်၍ ချုပ်ကိုင်ထားပြီး၊ မီဒီယာကို ပါးနပ်စွာ အသုံးချလာခြင်းသာဖြစ်ကြောင်း မြန်မာစာနယ်ဇင်း သမားများအကြား ပြောဆိုသုံးသပ်နေကြသည်။

ရန်ကုန်ရှိ ဝါရင့်မဂ္ဂဇင်း အယ်ဒီတာတဦးက “အစိုးရက မီဒီယာလွတ်လပ်ခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့် ဆိုတာတွေ ကောင်းကောင်း နားလည်တာပေါ့ဗျာ။ နားလည်လွန်းလို့ အခုလို လုပ်နေတာပါ။ ကောင်းကောင်း အသုံးချနေတာ” ဟု မဇ္ဈိမကို ပြောသည်။

BMA ဒုဥက္ကဋ္ဌ ဦးဇင်လင်းကလည်း “အပေါ်ယံကြည့်ရင် သတင်းလွတ်လပ်ခွင့်ရှိတယ် မြင်ရပေမယ့် အစိုးရက သတင်းအမြတ်ထုတ်တယ်လို့ ထင်တယ်။ သတင်းစာရပိုင်ခွင့်၊ ထိုက်သင့်တဲ့ လုပ်ပိုင်ခွင့်တော့ ပေးသင့်တယ်လို့ ထင်ပါတယ်” ဟု ပြောသည်။

စစ်အစိုးရ ခေတ်အဆက်ဆက်တွင် သတင်းထိန်ချန်မှု ထားရှိခံရသဖြင့် သတင်းလွတ်လပ်ခွင့် အနှစ်သာရကို မတွေ့မြင်နိုင်ကြောင်းနှင့် သတင်းလွတ်လပ်ခွင့်ကို ထိန်းချုပ်ခံခဲ့ရကြောင်း ဝါရင့်မဂ္ဂဇင်း အယ်ဒီတာတဦးက ဆိုသည်။

သူက “သတင်းလွတ်လပ်ခွင့် ထိန်းချုပ်မှုတွေ၊ ထိန်ချန်ထားမှုတွေက ခေတ်အဆက်ဆက် ကြုံခဲ့ရတာပါ။ မြန်မာ စာနယ်ဇင်းသမားတွေအတွက် ချောင်လည်တဲ့ နှစ်ဆိုတာ မရှိပါဘူး။ သားသမီးတွေခေတ်တောင် ရောက်လာပြန်ပါပြီ၊ ဆက်ရုန်းကန်ရဦးမယ်” ဟု ပြောဆိုသည်။

(ရဲရင့်အောင် တည်းဖြတ်သည်။)


 

Editor's choice

မြန်မာရွေးကောက်ပွဲ ဥပဒေကို စိတ်ပျက်လှကြောင်း အမေရိကန်ပြော

စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေက အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၂၁၀၀ ကျော်သော နိုင်ငံရေး ...

အမွန်းကျပ်ဆုံး အချိန်

ယခင်အာဏာရှင် ဦးနေဝင်းအစိုးရလက်ထက် ဖျက်သိမ်းခံလိုက်ရသော ဟံသာဝတီ သတင်းစာ၏ အယ်ဒီတာ၊ အမျိုးသားဒီမိုကရေစီ ...

ရွေးကောက်ပွဲ ဥပဒေက ပြည်ပနေ မြန်မာများအတွက် ပီပြင်မှု မရှိ

စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေက စီးပွားရေးနှင့် နိုင်ငံရေးကြောင့် ပြည်ပတွင် ပြန့်နှံ့ရောက်ရှိနေသော မြန်မာသန်းပေါင်းများစွာ၏ ...

ဘန်ကောက်ကို လေဖြတ်အောင် လုပ်ရန် ရှပ်နီများကြံ

ယခုသီတင်းပတ်ကုန်များတွင် အစိုးရဆန့်ကျင်ရေး လူထုဆန္ဒပြပွဲများ ပေါ်ပေါက်နိုင်သဖြင့် ထိုင်းနေပြည်တော်မှာ အရေးပေါ် ...