တနင်္လာ, ၁၅ မတ် ၂၀၁၀

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ရဲဖမ်းရာမှ ပျောက်ဆုံးနေသူများအတွက် မိသားစုဝင်များ စိုးရိမ်

ရဲဖမ်းရာမှ ပျောက်ဆုံးနေသူများအတွက် မိသားစုဝင်များ စိုးရိမ်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


နယူးဒေလီ။ ။ အထူး ရဲသတင်းတပ်ဖွဲ့က ပြီးခဲ့သည့် လထဲတွင် ဖမ်းဆီးခဲ့သည့် ရန်ကုန်မှ စာနယ်ဇင်းသမား နှစ်ဦးနှင့် မုန်တိုင်းသင့် ကလေးများအရေး ကူညီခဲ့သူများကို မည်သည့်နေရာတွင် ထားရှိမှန်း မသိရသဖြင့် မိသားစုဝင်များ စိုးရိမ်နေကြသည်။

အလင်္ကာဝတ်ရည် ဂျာနယ်မှ ဒီဇိုင်းဆရာနှင့် ကဗျာဆရာ ခန့်မင်းထက်၊ အလွတ်သတင်းထောက် ကိုပိုင်စိုးဦးနှင့် လေဘေးသင့် ကလေးများကို ကူညီခဲ့သည့် လင်းလက်ကြယ် အဖွဲ့ဝင် ၅ ဦးထက်မနည်းကို ရဲက မေးမြန်းစရာရှိသည်ဟုဆိုကာ နေအိမ်များမှ ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ဖြစ်သည်။

“ဆောင်းဝင်နေပြီဆိုတော့ သူ့အတွက် အဝတ်အထည်တွေ၊ စားစရာတွေ၊ ဆေးဝါးတွေ ပေးချင်တယ်။ အခုချိန်ထိ ဘယ်မှာရှိတယ်ဆိုတာ မသိရသေးဘူး။ ဖမ်းသွားတာ လဝက် ရှိနေပြီ။ သက်ဆိုင်ရာကလည်း မိသားစုတွေကို ဘာမှအကြောင်းမကြားဘူး။ သူ့မှာ သွေးတိုးနဲ့ အစာအိမ်ရောဂါ ရှိတယ်။ ရာသီအကူးအပြောင်းမှာ သားအတွက် တော်တော် စိုးရိမ်နေရတယ်” ဟု ကိုခန့်မင်းထက်၏ ဖခင်ဖြစ်သူ ကဗျာဆရာ မောင်စိမ်းနီ (အယ်ဒီတာချုပ်၊ ပိတောက်ပွင့်သစ် မဂ္ဂဇင်း) က မဇ္ဈိမကို ပြောသည်။

အထူး ရဲသတင်းတပ်ဖွဲ့ (SB) အဖွဲ့ဝင်များက ကိုခန့်မင်းထက်ကို သာကေတမြို့နယ်ရှိ သူ၏ နေအိမ်မှ ပြီးခဲ့သည့်လ ၂၂ ရက်နေ့တွင် ဖမ်းဆီးသွားခဲ့သည်။ ဖမ်းဆီးပြီး ၄ ရက်မြောက်နေ့တွင် SB ၄ ဦးသည် နေအိမ်သို့ ထပ်မံ လာရောက်ကာ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ စီဒီချပ်အချို့ကို လည်းကောင်း၊ ကိုခန့်မင်းထက်၏ ဂျာနယ်တိုက်မှ ကွန်ပြူတာ Hard Disk ကိုလည်းကောင်း သိမ်းဆည်းသွားကြသည်။

ပြီးခဲ့သည့်လ ၂၇ ရက်နေ့တွင် အဖမ်းခံခဲ့ရသည့် အလွတ်သတင်းထောက် ကိုပိုင်းစိုးဦး (J ပိုင်) နှင့် ပတ်သက်၍ မိခင်ဖြစ်သူမှာ စိုးရိမ်ပူပန်နေကြောင်း သူ၏ မိတ်ဆွေတဦးက ယခုလို ပြောပြသည်။

”သူ့ကို ဖမ်းသွားတုန်းက ခါးဝတ်ခါးစားပဲ ပါသွားတာ။ မနက်ကျရင် ပြန်ရောက်လာမယ်လို့ပဲ ထင်ထားခဲ့တယ်။ ဒါပေမဲ့ အခုချိန်ထိ ဘာသတင်းအစအနမှ မရဘူး။ အခု ဆောင်းရာသီ ရောက်ပြီဆိုတော့ အဝတ်အပိုတွေ၊ အနွေးထည်တွေ လိုမယ်။ သူ ဘယ်နေရာမှာ ဘယ်လိုနေရလဲဆိုတာ အရမ်းစိတ်ပူတယ်။ ပြီးတော့ သူက ဆီးချိုရောဂါ ရှိတယ်။ နှလုံးလည်း မကောင်းဘူး။ နှလုံးဆေးတွေ သောက်နေရတယ်။ သူ့အမေကလည်း ကျန်းမာရေး မကောင်းဘူး၊ သားရဲ့ ကျန်းမာရေးအတွက် စိတ်ပူနေတယ်” ဟု သူက ပြောသည်။

၂၃ နှစ်အရွယ် ကိုပိုင်စိုးဦးသည် အပတ်စဉ်ထုတ် Favorite နှင့် ပြည်မြန်မာ ဂျာနယ်တို့တွင် သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ဖူးကာ၊ မုန်တိုင်းသင့် ကလေးများကို ကူညီသည့် ရန်ကုန်အခြေစိုက် လင်းလက်ကြယ်အဖွဲ့တွင် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သူ ဖြစ်သည်။

သူ့ကို ကြံ့ခိုင်ဖွံ့ဖြိုးရေး တံဆိပ်တပ်ထားသူ ၃ ဦးနှင့် ရပ်ကွက်လူကြီး ၃ ဦးက မေးမြန်းစရာရှိသဖြင့် ပြည်ထဲရေးဌာနသို့ လိုက်ခဲ့ရန်နှင့် မနက်ဖြန်တွင် ပြန်ပို့မည်ဟု ပြောဆိုကာ ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ယုဇနဥယျာဉ် အိမ်ရာမှ ဖမ်းဆီးသွားခဲ့သည်။ ဖမ်းဆီးစဉ်က အာဏာပိုင်များသည် အိမ်ခန်းများအတွင်းပါ ဝင်ရောက်ရှာဖွေခဲ့ပြီး၊ လင်းလက်ကြယ် အဖွဲ့ဝင်များ၏ အမည်များ ရေးထားသည့် မှတ်စုစာအုပ်နှင့် အခြား မှတ်စုစာအုပ် တအုပ်ကိုပါ သိမ်းဆည်းသွားသည်။

ကိုခန့်မင်းထက်နှင့် ကိုပိုင်စိုးဦးကဲ့သို့ပင် ပြီးခဲ့သည့်လ ၂၆ ရက်နေ့တွင် ယုဇနဥယျာဉ် အိမ်ရာတွင် နေထိုင်သည့် လင်းလက်ကြယ် လူငယ်များဖြစ်သည့် ကိုကကြီး၊ ကိုဇော်ကြီး၊ ကိုလိုင်းရွန်၊ ကိုရွှေမိုးနှင့် ကိုအောင်မြတ်ကျော်သူ အပါအဝင် ၅ ဦးထက်မနည်း အဖမ်းခဲ့ရသည်။

လင်းလက်ကြယ်ကို ၂၀၀၈ ခုနှစ် မေလဆန်းတွင် နာဂစ်မုန်တိုင်းအပြီး ဖွဲ့စည်းခဲ့ရာ၊ အဖွဲ့ဝင် ၄၀ ကျော်အနက် အများစုမှာ ရန်ကုန်အခြေစိုက် သတင်းထောက်များနှင့် လူမှုရေး တက်ကြွလှုပ်ရှားသူ လူငယ်များ ဖြစ်သည်။ သူတို့က မုန်တိုင်းသင့် ကလေးများ၏ စာရင်းကို ပြုစုကာ လိုအပ်သည့် ကျောင်းသုံးစာအုပ်များနှင့် ကျောင်းစရိတ်အချို့ကို လှူဒါန်းခဲ့ကြသည်။

သို့သော်လည်း စီးပွားရေးအခက်အခဲကြောင့် လွန်ခဲ့သည့် ၆ လခန့်ကတည်းက လုပ်ငန်းများကို ရပ်နားခဲ့ပြီး၊ မည်သည့်ကိစ္စမျှ မလုပ်သည့်အချိန်တွင် အဖမ်းခံကြရသဖြင့် အံ့အားသင့်ရကြောင်းနှင့် ဖမ်းဆီးမှုကို သက်ဆိုင်ရာ မြို့နယ်ရဲစခန်းများပင် မသိရှိကြောင်း လင်းလက်ကြယ်နှင့် အတူလုပ်ကိုင်ခဲ့ဖူးသူက ပြောသည်။

“လင်းလက်ကြယ်က လူမှုရေးလုပ်ငန်းတွေပဲ လုပ်တာ။ အစိုးရမကြိုက်တာ လုပ်တာ မဟုတ်ဘူး။ အဖမ်းခံရတဲ့ လူငယ်တွေဟာ လင်းလက်ကြယ်ကြောင့် အဖမ်းခံရတာ မဟုတ်ဘူးလို့ ထင်တယ်။ ဘာကြောင့်ဖမ်းလဲဆိုတာ ကျနော်တို့လည်း မသိဘူး” ဟု သူက ပြောသည်။

အဖမ်းအဆီးများနှင့် ပတ်သက်၍ ဒဂုံဆိပ်ကမ်း ရဲစခန်းသို့ စုံစမ်းရာ တာဝန်ရှိသူများက မသိရှိကြောင်း ငြင်းဆိုခဲ့ကြသည်။

ပြီးခဲ့သည့်လ ၂၆ ရက်နေ့ကပင် The Voice နှင့် Living Color မဂ္ဂဇင်းမှ အပတ်စဉ် ထုတ်ဝေသည့် Foreign Affairs ဂျာနယ်မှ မြန်မာဘာသာပြန် အယ်ဒီတာဖြစ်ပြီး၊ လင်းလက်ကြယ် အဖွဲ့ဝင်တဦးဖြစ်သူ ကိုသန့်ဇင်စိုးလည်း အဖမ်းခံခဲ့ရသေးသည်။

ဟာသပညာရှင်နှင့် ဒါရိုက်တာ ကိုသူရ (ခေါ်) ဇာဂနာနှင့် အားကစားဆောင်းပါးရေးသူ ကိုဇော်သက်ထွေးလည်း နာဂစ်သင့် ဧရာဝတီတိုင်းရှိ လေဘေးဒုက္ခသည်များကို ကူညီနေရင်း ဖမ်းဆီးခဲ့ရကာ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံနေကြရသည်။

ပြီးခဲ့သည့်လအတွင်း မြန်မာနိုင်ငံတွင် လင်းလက်ကြယ်အဖွဲ့ဝင်အချို့ အပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၄၁ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း - AAPP (B) က ဆိုသည်။

(ခိုင်စု သတင်းပေးပို့သည်။ ရဲရင့်အောင် တည်းဖြတ်သည်။)


 

Editor's choice

မြန်မာရွေးကောက်ပွဲ ဥပဒေကို စိတ်ပျက်လှကြောင်း အမေရိကန်ပြော

စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေက အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၂၁၀၀ ကျော်သော နိုင်ငံရေး ...

အမွန်းကျပ်ဆုံး အချိန်

ယခင်အာဏာရှင် ဦးနေဝင်းအစိုးရလက်ထက် ဖျက်သိမ်းခံလိုက်ရသော ဟံသာဝတီ သတင်းစာ၏ အယ်ဒီတာ၊ အမျိုးသားဒီမိုကရေစီ ...

ရွေးကောက်ပွဲ ဥပဒေက ပြည်ပနေ မြန်မာများအတွက် ပီပြင်မှု မရှိ

စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေက စီးပွားရေးနှင့် နိုင်ငံရေးကြောင့် ပြည်ပတွင် ပြန့်နှံ့ရောက်ရှိနေသော မြန်မာသန်းပေါင်းများစွာ၏ ...

ဘန်ကောက်ကို လေဖြတ်အောင် လုပ်ရန် ရှပ်နီများကြံ

ယခုသီတင်းပတ်ကုန်များတွင် အစိုးရဆန့်ကျင်ရေး လူထုဆန္ဒပြပွဲများ ပေါ်ပေါက်နိုင်သဖြင့် ထိုင်းနေပြည်တော်မှာ အရေးပေါ် ...