ကဆုန်လတွင် သင်္ကြန်ကျမည်၊ နိုင်ငံရေး ပြောင်းလဲမည်ဟု စံဇာဏီဘိုပြော
မဇ္ဈိမသတင်းဌာန
|
တနင်္လာနေ့၊ နိုဝင်ဘာလ ၀၂ ရက် ၂၀၀၉ ခုနှစ် ၂၀ နာရီ ၄၂ မိနစ်
နယူးဒေလီ။ ။ တန်ခူးလ သင်္ကြန်ပွဲဟု ရှေးဆိုရိုးစကား ရှိသော်လည်း ၂၀၁၀ ခုနှစ်သည် ဝါထပ်သောနှစ်ဖြစ်သဖြင့် ကဆုန်လဆန်းပိုင်းတွင်သာ မြန်မာ့ရိုးရာအတာ သင်္ကြန်ကျမည် ဖြစ်ကြောင်းနှင့် နိုင်ငံရေး အပြောင်းအလဲ ဖြစ်နိုင်ကြောင်း နာမည်ကျော် ဗေဒင်နှင့် နက္ခတ်ပညာရှင် စံဇာဏီဘိုက ဟောကိန်း ထုတ်လိုက်သည်။
“ဒိန္နက်သဲသင့်တဲ့နှစ်တွေက နည်းနည်းတော့ ဆိုးတယ်။ အပြောင်းအလဲတွေ ရှိတယ်။ အများအားဖြင့် ခေါင်းဆောင် အပြောင်းအလဲတွေ၊ နိုင်ငံရေး အခြေအနေ အပြောင်းအလဲတွေ ရှိတတ်ပါတယ်”ဟု ဆရာ စံဇာဏီဘိုက ပြောသည်။
ကဆုန်လတွင် သင်္ကြန်ကျရောက်ခြင်းကို ဗေဒင်အဆိုအရ ဒိန္နက်သဲသင့်သည်ဟု ခေါ်ဆိုသည်။
ဆရာစံဇာဏီဘိုက ဆက်လက်၍ “ဒီလိုနှစ်တွေမှာ တင်းမာနေတဲ့လူ ၂ ဦးကြားမှာ တတိယပုဂ္ဂိုလ်ပေါ်လာပြီးတော့ ညှိနှိုင်း ပေးတတ်ပါတယ်။ သုံးပွင့်ဆိုင်သဘောမျိုး ဖြစ်နိုင်တယ်။ ဒါပေမယ့် ကျနော်တို့မြန်မာပြည်မှာ လွန်ခဲ့တဲ့ ၁၃ နှစ် ၁၄ နှစ်က တောင်းနေတဲ့ သုံးပွင့်ဆိုင်မျိုးကို ဆိုလိုတာတော့ မဟုတ်ပါဘူး” ဟု ပြောသည်။
လာမည့် အတာသင်္ကြန်သည် ကဆုန်လဆန်း ၂ ရက်နေ့ (ဧပြီ ၁၄ ရက်) တွင် ကျရောက်မည်ဖြစ်ပြီး ၎င်းကို မဟာသင်္ကြန်နှောင်းကဆုန် ဟု ခေါ်ဆိုလေ့ရှိသည်။
မြန်မာ ပြက္ခဒိန်တွင် ၃ နှစ် (သို့) ၄ နှစ် လျှင် တကြိမ် ဝါထပ်လေ့ရှိပြီး အဆိုပါ ဝါထပ်သည့်နှစ်တွင် ဒုတိယဝါဆိုခေါ် ရက်ပေါင်း ၃၀ ပါသည့်လတခု ထပ်တိုး ပါရှိသည်။ ထို့ကြောင့် ဝါထပ်သောနှစ်တွင် ဒုတိယဝါဆိုလ ထပ်တိုးလာသဖြင့် စုစုပေါင်း ၁၃ လရှိသည်။
အဆိုပါ ဝါထပ်နှစ်တွင် ရဟန်းသံဃာများသည် ဒုတိယ ဝါဆိုလရောက်မှသာ ဝါဆိုလေ့ရှိသည်။ ၃ နှစ်တွင် ဝါထပ်ပါက ဝါလေးထပ်သည်ဟု ခေါ်ဆိုပြီး ၄ နှစ်တွင်ဝါထပ်ပါက ဝါကြီးထပ်သည်ဟု ခေါ်ဆိုသည်။
လပြည့် လကွယ်အပေါ် မူတည် တွက်ချက်ထားသည့် မြန်မာပြက္ခဒိန်ကို မြန်မာနိုင်ငံ ပြက္ခဒိန်တော်ဆက်အဖွဲ့မှ ရှေးပညာရှင်များ သတ်မှတ်ခဲ့သည့် စနစ်များအတိုင်း တာဝန်ယူ ရေးဆွဲနေခြင်း ဖြစ်သည်။
ထိုကဲ့သို့ ဝါထပ်သည့်အတွက် ၃ နှစ်မှ ၈ နှစ်အတွင်း ကဆုန်လတွင် သင်္ကြန်ကျခြင်းများ ဖြစ်လေ့ရှိသည်။ ကဆုန်လအတွင်း နောက်ဆုံး သင်္ကြန်ကျသည့်နှစ်မှာ ၁၉၉၉ ခုနှစ်နှင့် ၂၀၀၇ ခုနှစ်ဖြစ်သည်။
အတာသင်္ကြန်ဆိုသည်မှာ နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းသည့် ကာလတွင် နှစ်ဟောင်းမှ အညစ်အကြေးများ ကင်းစင်ကာ နှစ်သစ်ကို အေးချမ်းစွာ ဖြတ်သန်းစေလိုသည့် ဆန္ဒဖြင့် ရေပက်ဖြန်းကစားကြသည့် ရိုးရာပွဲ တခုဖြစ်သည်။
လက်ရှိအသုံးပြုနေသော မြန်မာပြက္ခဒိန်သည် ပုဂံခေတ် ပုပ္ပါးစောရဟန် လက်ထက်က ယခင်ရှိနှင့်ပြီးသော သက္ကရာဇ်များကို ဖြိုဖျက်ကာ အသစ်ပြန်လည် စတင်ခဲ့သည့် ပြက္ခဒိန် ဖြစ်သည်။ ဆရာ စံဇာဏီဘိုသည် အသက် ၂၂ နှစ်အရွယ်မှ စတင်ကာ အချိန်ပြည့် ဗေဒင်လောကသို့ ဝင်ရောက်ခဲ့သူဖြစ်ပြီး ၁၉၈၃ ခုနှစ်မှ စ၍ဗေဒင် ဟောပြောခဲ့သူ ဖြစ်သည်။
ဗေဒင် လက္ခဏာပညာနှင့် International Biographical Centre (IBC) မှ ၂၀ ရာစု ဗေဒင်လက္ခဏာဆုကို လည်းကောင်း၊ Cambridge University မှ ပေးအပ်သည့် ၁၉၉၇ ဗေဒင်ဆရာဆုကို လည်းကောင်း ၁၉၉၇-၉၈ ခုနှစ်များတွင် ရရှိခဲ့သူ ဖြစ်သည်။
(ဆလိုင်းဟံသာစန်း သတင်းပေးပို့သည်။ နန်းဒေဝီ တည်းဖြတ်သည်)