မဇ္ဈိမ (ချင်းမိုင်) ။ ။ တောင်ပြုန်းနတ်ပွဲ ကျင်းပရာသို့ ယခုနှစ်တွင် ရန်ကုန်မှ သွားရောက်သူဦးရေ ထက်ဝက်ခန့် ကျဆင်းသွားကြောင်း ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းရှိ ကားလက်မှတ် အရောင်းဌာန ဝန်ထမ်းများက ပြောသည်။
တောင်ပြုန်းခရီးစဉ် လက်မှတ်ဈေးနှုန်းသည် ယခင်နှစ်အတိုင်း ဖြစ်သော်လည်း ယခုနှစ် ရောင်းအားသည် ထက်ထက်ခန့် လျော့ကျသွားကြောင်း ဝန်ထမ်းများက ပြောဆိုကြခြင်း ဖြစ်သည်။
“အရင်နှစ်က ၁၀ စီးလောက်ဆိုရင် အခု ၆ စီးလောက် ဖြစ်သွားတာပေါ့ဗျာ။ လူတွေကလည်း ဒီလိုပဲပေါ့ဗျာ၊ သွားဖို့လာဖို့ကျတော့ မလုံလောက်တော့ ဖြစ်တတ်တာပဲလေ။ အဓိကကတော့ဗျာ စီးပွားရေး မပြေလည်တော့ မသွားနိုင်ဘူးပေါ့၊ ဒါပါပဲ” ဟု ‘ရွှေအိုးစည်’ ကား လက်မှတ် အရောင်းဝန်ထမ်း တဦးက မဇ္ဈိမကို ပြောသည်။
‘ရွှေအိုးစည်’ ကားက ခရီးစဉ်များကို ရန်ကုန်မှ စတင်မည်ဖြစ်ရာ လက်မှတ်ဈေးနူန်းမှာ တဦးလျှင် တောင်ပြုန်းတွင် တည၊ မန္တလေးတွင် တညဖြင့် ၂ ညအိပ် ၃ ရက် ခရီးကို ကျပ် ၃ သောင်းခွဲ၊ မေမြို့ ခေါ် ပြင်ဦးလွင် ပါလျှင် ၅ ရက်ခရီးအဖြစ် ၅ သောင်း၊ ထို့အပြင် စစ်ကိုင်း-မုံရွာ ပါလျှင် ၆ ရက်ခရီးအတွက် ၆ သောင်းကျပ် ဖြစ်သည်။
‘စိန်ဝင်းနှင့် ရောင်းရင်းများ’ ကားလက်မှတ် အရောင်းစာရေး တဦးက “ဒီနှစ်ကတော့ အရင်နှစ်တွေထက်စာရင် ရောင်းအားကျသွားတယ်လေ။ စီးပွားရေးကြောင့်ပဲပေါ့ အကိုရာ။ မနှစ်တုန်းကဆိုရင်တော့ ၁၀ စီးလောက် ထွက်ရတာပေါ့။ အခုနှစ်ကတော့ ၇ စီးလောက်ပဲ ထွက်ရတယ်” ဟု မဇ္ဈိမကို ပြောသည်။
တောင်ပြုန်းပွဲသို့ ပြေးဆွဲနေသည့် မော်တော်ယာဉ်ဂိတ်များမှာ ရန်ကုန်တွင် ဂိတ်ပေါင်း ၂၀ ကျော်ခန့်ရှိပြီး၊ ရွှေအိုးစည်၊ စိန်ဝင်းနှင့်ရောင်းရင်းများ စသည့် ဂိတ်များနှင့် နှိုင်းယှဉ်လျှင် အခြားဂိတ်များ၏ ရောင်းအားသည် ပို၍ပင် ကျဆင်းသွားကြောင်း သိရသည်။
မြန်မာပြည်အတွင်းရှိ ပွဲတော်များထဲတွင် တောင်ပြုန်းပွဲတော်သည် ထင်ရှားသည့် ပွဲတော်တပွဲဖြစ်ပြီး တောင်ပြုန်းပွဲတော်ကို နှစ်စဉ် ဝါခေါင်လဆန်း ၈ ရက်နေ့မှ ၁၅ ရက်နေ့ (ဇူလိုင်လ ၂၉ ရက်နေ့မှ သြဂုတ်လ ၅ ရက်နေ့) အထိ ကျင်းပသည်။
တောင်ပြုန်းအရပ်အား အပိုင်စားရထားသည့် ရွှေဖျင်းမင်းညီနောင်အား သွားရောက်၍ ချိုးတော်ရေ ဆက်သလျှင် စီးပွားတိုးသည်ဟု ယုံကြည်သူများ သွားရောက်ကြသလို၊ ပျော်ရွှင်ပွဲအဖြစ် သွားရောက် လည်ပတ်သူများလည်း ရှိကြသည်။
ပွဲတော်ရက်များတွင် ကန်တော့ခံပွဲ၊ ည ညီလာခံ၊ ချိုးရေတော်သုံး၊ နန်းတက်ပွဲ၊ ယုန်ထိုး၊ ထိန်ခုတ်၊ ရွှေဘုံဆင်း စသည်ဖြင့် အစီအစဉ်များ အဆင့်ဆင့် ပြုလုပ်လေ့ရှိကြသည်။







