သောကြာ, ၀၃ စက်တင်ဘာ ၂၀၁၀

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ရွှေဆိုင် လုယက်မှု မိသားစုဝင်များ ဖမ်းဆီးခံရ

ရွှေဆိုင် လုယက်မှု မိသားစုဝင်များ ဖမ်းဆီးခံရ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


မဇ္ဈိမ (ချင်းမိုင်)။ ။ မန္တလေးတိုင်း ရမည်းသင်းမြို့ရှိ “ဒေါ်အေးကြည်နှင့် တူမများ ရွှေဆိုင်” ကို ဝင်ရောက်လုယက်ခဲ့သူ စွပ်စွဲခံရသူ ၃ ဦး၏ မိသားစုဝင် ၁၀ ဦးကျော်ကို ရမည်းသင်း ရဲစခန်းက ဖမ်းဆီးထားကြောင်း သိရသည်။

ရမည်းသင်းမြို့ ရွှေဆိုင်ကို ပြီးခဲ့သည့် မေလ ၆ ရက်နေ့က ဝင်ရောက်လုယက်မှုဖြင့် ဖမ်းဆီးခံထားရသူ ၃ ဦး၏ မိသားစုဝင်များကိုလည်း ပူးပေါင်းကြံစည်မှု၊ ထိန်ချန်မှုတို့ဖြင့် ဖမ်းဆီးခဲ့ကာ ရမည်းသင်းထောင်တွင် ရမန်ဖြင့် ချုပ်ထားခြင်း ဖြစ်သည်။

“အခု ဖမ်းထားတာကတော့ အဓိက တရားခံ ၃ ယောက်ရဲ့ မိသားစုဝင်တွေပေါ့။ ဝမ်းကွဲတော်စပ်တဲ့ အကိုတွေ ပါတယ်။ မိန်းမလည်း ပါတယ်။ အခုတော့ ရမည်းသင်းထောင်မှာ ရမန်နဲ့ ချုပ်ထားတယ်။ အခု အမှုတွဲမှာ ၁၇ ယောက် ဖြစ်သွားတယ်” ဟု လုယက်ခံရသည့် ရွှေဆိုင် မိသားစုဝင် ဦးမျိုးသိန်းက မဇ္ဈိမကို ပြောသည်။

ရွှေဆိုင်ကို ဝင်ရောက်လုယက်ခဲ့သူဟု စွပ်စွဲဖမ်းဆီးခံထားရသည့် တပ်ထွက် ညီညီနိုင်၊ ကိုလေး (ခ) မိုးဝင်းနှင့် ခင်မောင်ထွေး (ခ) ဂျပု တို့ကို ရဲက ဖမ်းဆီးခဲ့သလို၊ မိသားစုဝင်များကို တပြိုင်တည်း ဖမ်းဆီးခြင်းမျိုး မဟုတ်ဘဲ သက်သေများ၏ ထွက်ဆိုချက်များကို အခြေခံ၍ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

သို့သော် သက်သေ ဦးရေ ၁၀၀ ခန့်ကို စစ်ဆေးနေဆဲဖြစ်ပြီး၊ လုယက်သူများအဖြစ် စွပ်စွဲဖမ်းဆီးခံထားရသူ ၃ ဦးစလုံးနှင့် အမှုတွဲပါ မိသားစုဝင် အားလုံးကိုမူ မစစ်ဆေးသေးပါ။

တပ်ထွက် ညီညီနိုင်ကိုမူ ပြီးခဲ့သည့် မေလ ၄ ရက်နေ့က မကွေးတိုင်း ရေစကြိုမြို့ အခြေစိုက် ခလရ ၂၅၆ မှ လက်နက်တိုက် ဖောက်ထွင်းမှု အပါအဝင် ရဲဘက်ပြေးမှုအတွက် ထောင်ဒဏ် ၅ နှစ် ချမှတ်ပြီးဖြစ်သည်။

ရမည်းသင်းရွှေဆိုင် လုယက်ရာ၌ မကွေးတိုင်း ရေစကြိုမြို့ အခြေစိုက် ခလရ ၂၅၆ ၏ လက်နက်တိုက်မှ ဖောက်ထွင်းယူခဲ့သော သေနတ်အချို့ကို အသုံးပြုခဲ့ကြောင်း ပြီးခဲ့သည့် မေလ ၁၅ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြခဲ့သည်။

လုယက်ခံခဲ့ရသည့် ရွှေ ၇ ပိဿာခန့်မှ ၃ ပိဿာနှင့် ၆၀ သားခန့် ပြန်လည်ရရှိပြီးသော်လည်း နောက်ထပ် ရရှိတော့မည် မထင်ကြောင်း ရွှေဆိုင် မိသားစုက ပြောသည်။