ပြည်သူ့စစ်အဖွဲ့ဝင် ပစ်ခတ်မှုကြောင့် ရှမ်းအမျိုးသမီးလေး ဒဏ်ရာရ
မျိုးကြီး
|
ကြာသပတေးနေ့၊ ဂျူလိုင်လ ၁၆ ရက် ၂၀၀၉ ခုနှစ် ၂၁ နာရီ ၀၃ မိနစ်
ရွှေလီ (မဇ္ဈိမ) ။ ။ ရှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် နောင်မတာရွာ၌ ပြည်သူ့စစ် အဖွဲ့ဝင်၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ၁၇ နှစ်အရွယ် ရှမ်းအမျိုးသမီး နန်းဖေါင်ခမ်း၏ ပါးပြင်၌ ဒဏ်ရာရသည့် ဖြစ်ရပ် ယမန်နေ့ညက ဖြစ်ပွားခဲ့ကြောင်း မိသားစုဝင်၏ ပြောဆိုချက်အရ သိရသည်။
ည ၈ နာရီခန့်က ပစ်ခတ်မှုဖြစ်ရာ ကျည်ဆံသည် ဘယ်ဘက်ပါးပြင်မှ နားရွက်အောက်ခြေသို့ ဖောက်ထွက်သွားသဖြင့် ဒဏ်ရာကြောင့် တရုတ်နိုင်ငံဘက်ရှိ မြန်မာနိုင်ငံနှင့် ထိကပ်နေသည့် ရွှေလီမြို့ ဆေးရုံကြီးတွင် ယခုအခါ ဆေးဝါးကုသခံနေရကြောင်း သိရခြင်း ဖြစ်သည်။
“ပန်ဆေး ပြည်သူ့စစ်အဖွဲ့က ဆရာလှမျိုးတဲ့၊ သူ့တပည့်ရယ်၊ နောင်မတာရွာကို ရောက်လာတယ်။ (နန်း) ဖေါင်ခမ်းနဲ့ စိုင်းအိုက်မွန်က ဖေါင်ခမ်းရဲ့ အိမ်ရှေ့ စကားရပ်ပြောနေတယ်။ သူတို့ကို စစ်လားဆေးလား လုပ်တယ်။ သူတို့နှစ်ယောက်ကလည်း ဗမာလို မတတ်ဘူး။ စကားမတတ် ဆူညံဆူညံဖြစ်တော့ အိမ်ထဲကနေ ဖေါင်ခမ်းရဲ့ အမေက ပြေးထွက်လာတယ်။ သူ့အမေကလည်း စကားမပေါက်တော့ အိမ်ဘေးနားက နန်းမိုကို အကူအညီ တောင်းပြီး ဘာသာပြန်ခိုင်းနေတာ” ဟု အစချီကာ အခင်းဖြစ်ပွားပုံကို မိသားစုဝင်တဦးက မဇ္ဈိမကို ပြောသည်။
ထိုသို့ ဘာသာပြန်ဖြင့် အစစ်အဆေး လုပ်နေစဉ် ၎င်းတို့အနား ဆိုင်ကယ်စီးလာသူ အိုက်ပီးဆိုသူကိုလည်း တားဆီး၍ စစ်ဆေးမှု လုပ်ခဲ့ပြန်သည်။
မိသားစုဝင်က “အိုက်ပီးကို တားပြီး စစ်ဆေးမေးမြန်းပြီးမှ ဘယ်လိုဖြစ်သလဲ မသိဘူး၊ သေနတ်ဒင်နဲ့ အိုက်ပီးကို ရိုက်လိုက်တာ။ ပြီးတော့ ဖေါင်ခမ်းကို လှည့်ပြီး ပစ်ချလိုက်တာ” ဟု ရှင်းပြသည်။
သေနတ်သံကြားသဖြင့် ရွာသားများ ဝိုင်းအုံလာရာ ပြည်သူ့စစ်အဖွဲ့ဝင် လှမျိုး (မြန်မာစစ်တပ် စစ်မှုထမ်းဟောင်း) နှင့် တပည့်တို့ ဆိုင်ကယ်ဖြင့် တရုတ်နိုင်ငံဘက် နောင်တောင်းဘက်သို့ ထွက်ပြေးသွားကြောင်းနှင့် ပစ်ခတ်မှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာသို့ တိုင်ကြားခြင်း မရှိသေးကြောင်း သိရသည်။
ယခုလအတွင်း မူဆယ်ခရိုင် ကြူကုတ်-ပန်ဆိုင်းမြို့နယ်ရှိ နမ့်တောင်းရွာတွင် ကြူကုတ် ရဲစခန်းမှ ဒုရဲအုပ် ဟန်ထွန်းအောင်က လူငယ် ၂ ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် အမှုအခင်းလည်း ဖြစ်သွားခဲ့သေးသည်။
အာဏာပိုင်များက ဒေသလုံခြုံရေးအတွက် ဟုဆိုကာ ဒေသတွင်း အခြေစိုက် စစ်တပ်စခန်းများတွင် ပြည်သူ့စစ် သင်တန်းများပေးကာ လက်နက် တပ်ဆင်ပေးခဲ့သော်လည်း သာမန် အရပ်သားများအပေါ် မကြာခဏ ဆိုသလို အနိုင့်အထက် ပြုကျင့်မှုများ ဖြစ်ပေါ်လေ့ရှိကြောင်း သိရသည်။